ဇန်နဝါရီ ၂ ၊ ၂၀၁၇
ဆောင်းပါးရှင်- ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)
၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေသည် ရှုပ်ထွေးပွေလီလှသည်။ ထိုဥပဒေကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ အပါအဝင် နိုင်ငံသားများ လူမျိုးစုများပင်လျှင် လူဝင်မှု ကြီးကြပ်ရေး (လဝက)မှ တောင်းဆိုသော လဝက အခေါ် “ငယ်စာရင်း” နှင့် မိဘ၊ ဘိုးဘွားများ အထောက်အထားများဖြစ်သည့် (ပုံစံ ၁၊ နိုင် -၂ ၊ နိုင် – ၄) စသည်တို့ကို မပြနိုင်သဖြင့် အဆင့်တစ်ဆင့်အောက် နိမ့်ချခံရသည့် နိုင်ငံသားများ ဖြစ်သွားခဲ့ရသည်။ အချို့ မြန်မာနိုင်ငံသားများ ၁၉၈၂ ခု မြန်မာနိုင်ငံသားများ ဥပဒေအရ လုံးဝရာနှုန်းပြည့် နိုင်ငံသားအဆင့်ကို ရရှိပါလျက်နှင့် မိမိတို့၏ မှတ်ပုံတင်များ၊ မိဘ ဘိုးဘွားစာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းထားမှု မရှိခဲ့ခြင်းကြောင့် လည်းကောင်း၊ မီး၊ ရေ၊ လေ စသည့် ရန်သူ (၅) ပါး၊ အန္တရယ် အသွယ်သွယ်ကြောင့်သော် လည်းကောင်း၊ ရေဘေး၊ မီးဘေး၊ လေဘေး၊ ခြ ဘေးသင့် လဝကရုံးများကြောင့် သော်လည်းကောင်း သက်သေခံ၊ မှတ်ပုံတင်၊ သန်ခေါင်းစာရင်း၊ စာရွက်စာတမ်းများ ပျောက်ဆုံး ပျက်စီး ဆုံးရူံးခဲ့ရသည်။
အမှန်တကယ် နစ်နာခဲ့သူများမှာ သံသယနိုင်ငံသားများစာရင်းအဖြစ် သတ်မှတ်ခံရသည့်အပြင် (NVC) National Verification Cards များကို “မချစ်သော်လည်း အောင့်ကာနမ်း” ပုံစံ၊ မွေးစာရင်း၊ သေစာရင်း၊ ခရီးသွားရင်း လိုအပ်လျှင် မြန်မာနိုင်ငံအတွင်း နေထိုင်သည်မှာ မှန်ကန်ကြောင်း သက်သေပြနိုင်ရန် ယူနေရသူများလည်းရှိကြောင်း မီဒီယာများတွင် တွေ့နေရပါသည်။
ဥပမာပြရလျှင် စာရေးသူ၏မိတ်ဆွေတစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်ပြီး လဝက ရုံး၌ ပန်းရောင်နိုင်ငံသား စီစစ်ရေးကတ်ကို လျှေက်ထားခဲ့စဉ်က ၃ ခေါက်ချိုး မူရင်းမှတ်ပုံတင် ပျော်ဆုံးနေ၍ မိတ္တူဖြင့် လျှောက်ခဲ့ပါသည်။ ဖခင်သာ် ယူစီစီ (UCC) မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က နိုင်ငံခြားသားများအား တရားဝင်ကျမ်းကျိန်ဆိုပြီး နိုင်ငံသားအဖြစ်ကို ဝန်ကြီးများစုံရာဖြင့် အသိအမှတ်ပြုထုတ်ပေးခဲ့သော ဥပဒေအရ မြန်မာနိုင်ငံသားများ အဖြစ် အသိအမှတ်ပြုခြင်း ခံရသည့်ကတ်ပြား တစ်ခု ဖြစ်ပါသည်။ ထိုယူစီစီ UCC မူရင်းကတ်ပြားကို ကာယကံရှင်သေဆုံးစဉ်က ဥပဒေအရ “လဝက” ရုံးသို့ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။ UCC မှတ်ပုံတင် နံပါတ်ကို ဖော်ပြနိုင်ခဲ့သော်လည်း နောက်ဆုံး သင်္ဃကျွန်း လဝကမှ ထုတ်ပေးခဲ့သည့် အစိမ်းရောင် နိုင်ငံသားပြု စာအုပ်နှင့် အစိမ်းရောင်ကတ်ပြားဖြင့် နှစ်ပါးသွားခဲ့ရသည်။ တစ်ဆင့်နိမ့် နိုင်ငံသား ဖြစ်သွားခဲ့ရသည်။
၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေအရ လက်ရှိတရားဝင်အနေဖြင့် “နိုင်ငံသား” အနေဖြင့် ထုတ်ပေးနေသော မှတ်ပုံတင်အမျိုးအစား (၃) မျိုး ရှိပါသည်။
(၁) ပန်းရောင် နိုင်ငံသား စီစစ်ရေးကတ်
(၂) အစိမ်းရောင် နိုင်ငံသားပြုကတ်နှင့် အစိမ်းရောင်နိုင်ငံသားပြုစာအုပ်
(၃) အပြာရောင် ဧည့်နိုင်ငံသားကတ်နှင့် ဧည့်နိုင်ငံသား စာအုပ်ဖြစ်ပါသည်။
၂၀၁၄ ခုမတ်လတွင် မြန်မာအစိုးရသည် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သည့် UNFPA နှင့် အနောက်နိုင်ငံများ၏ အကူအညီဖြင့် ပြုလုပ်ခဲ့သည့် သန်းခေါင်းစာရင်း မှတ်တမ်းအရ မြန်မာနိုင်ငံတွင် နိုင်ငံသား စီစစ်ရေးကတ် (ပန်းရောင်) ကိုင်ဆောင်သူပေါင်း – ၂၈၃၉၇၅၁၉ ဦး၊ နိုင်ငံသားပြုခွင့်ရသူပေါင်း – ၃၇,၄၂၉ ဦး၊ ၃ခေါက်ချိုး ၊ အစိမ်းရောင်၊ အမျိုးသားမှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူပေါင်း – ၆၈၂၂၈ ဦး၊ ၃၁-၃-၂၀၁၅ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်သော ယာယီ White card ကိုင်ဆောင်ထားခြင်းမရှိအပါဝင် မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ထားခြင်း မရှိသူပေါင်း – ၁၁,၂၀၇,၇၆၉ ဦး ။ အထက်ပါစာရင်းဇယားများကို လေ့လာကြည့်လျှင် လူဝင်မှုကြီးကြပ်ရေး (လဝက) ဌာန၏ လုပ်ဆောင်ချက်များသည် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ရမည့် ကိစ္စများကို နှစ်ပေါင်းများစွာ မပြုလုပ်ခဲ့သည့်အတွက် ပြည်သူလူထု ၁၁ သန်း ကျော် မည်သည့်မှတ်ပုံတင်ကတ်ပြားမျှ မရရှိခဲ့ခြင်း ဖြစ်ပါသည်။ သမ္မတ ဦးသိန်းစိန်၏ အမိန့်အရ ၃၁-၃-၂၀၁၅ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော White card များကို ကိုင်ဆောင်ခဲ့သူများ အား အခြား သက်သေခံကတ်ပြားတစ်ခုအား အချိန်နှင့်တစ်ပြေးညီ “လဝက” ဌာနပြည်သူ့ဝန်ထမ်းများ ဆိုသူများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များဆိုသူများက တာဝန်မဲ့မှု၊ စေတနာမမှန်မှုတို့ကြောင့် မြေစာပင်ဖြစ်ရသူများ ထောင်နန်းစံနေသူများ၊ ခိုးဝင်စွပ်စွဲပြီး မတရားစီရင်ခံနေသူများမှ ပြည်သူလူထုပင် ဖြစ်သည်။
၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ တိုင်းရင်းသား ၁၃၅ မျိုးထဲမှလည်းကောင်း၊ အခြားလူမျိုးနွယ်စုများထဲမှလည်း၊ အသစ် အသစ်သော လူမျိုးစုများ ပေါ်ထွက်လာရာ အတည်ပြုချက်မရသေးသော နေပြည်တော်သတင်းတရပ်အရ လူမျိုးစုပေါင်း ၈၃၀ ကျော်ဖြစ်နေခဲ့ပြီး လူမျိုးအမည် စာရင်းတစ်ခုတွင် “ဗုဒ္ဓလူမျိုးစု” ဟူ၍ ပေါ်ထွက်လာခြင်းသည် အံ့သြဖွယ်ရာ ဖြစ်ခဲ့သည်။ ထူးဆန်းဖွယ်ရာ ဖြစ်သည်။
ပို၍ အံ့သြဖွယ်ကောင်းသည်မှာ ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေကို “နဝတ” စစ်အစိုးရက ၁၉၈၉ ခု မတ်လလောက်က စတင် အကောင်အထည်ဖော်ခဲ့ပြီး ၃ ခေါက်ချိုးမှတ်ပုံတင်များကို ပြန်လည် အပ်နှံစေခဲ့ပြီး နိုင်ငံသား စီစစ်ရေးကိစ္စများကို ဆောင်ရွက်လာရာ ၂၀၁၆ ခုနှစ် ယခုအချိန်ထိ ပြည်နယ်တိုင်း လဝက ရုံးများတွင် အဆင့်ဆင့် စီစစ်နေတုန်းပင် ဖြစ်သည်။ နိုင်ငံသားစီစစ်ရေး ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများအား စီစစ်သည့် ကိစ္စပြီးဆုံးလျှင် “နိုင်ငံသားလတ်မှတ်” စာအုပ်ကို ထုတ်ပေးမည်ဟု သိရသည်။
သို့သော် ကိစ္စပြီးဆုံးလျှင် “နိုင်ငံသားလတ်မှတ်” စာအုပ်၊ အနီရောင် (နိုင်ငံကူးလတ်မှတ်ပုံစံ အရောင်) ကို ၁၉၈၉ ခု မတ်လ ကတည်းက ထုတ်ပေးခဲ့ကြောင်း စာရေးသူ မကြာသေးခင်က မျက်မြင်ကိုယ်တွေ့ မိတ်ဆွေတစ်ဦးအား မေးမြန်းခဲ့ပြီး မှတ်တမ်းဓာတ်ပုံများကို ရယူခဲ့ပါသည်။
နိုင်ငံသားစီစစ်ရေးကတ်အကြောင်းသည် မြန်မာနိုင်ငံသား အများစု ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ ပြသာနာ တစ်ခုဖြစ်နေသည့် အတွက် ၂၉-၁၂-၂၀၁၆ တွင် ထိုအကြောင်းအရာနှင့် ပတ်သတ်၍ ရန်ကုန်မြို့လယ်တွင် စာရေးသူ ဟောပြောပွဲတစ်ခုကို “ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ” တွင် တရားလွှတ်တော်ရှေ့နေတစ်ဦးနှင့် အတူ ဟောပြောဖြစ်ခဲ့သည်။
ဟောပြောပွဲအပြီး နောက်နေ့တွင် မိတ်ဆွေတစ်ဦးက သူ့ဇနီး၏ ၁၉၈၉ ခု မတ်လတွင် လူဝင်မှုကြီးကြပ်ရေး (လဝက) ညွှန်ကြားရေးမှူးချုပ် ဦးမောင်အောင် (ဗိုလ်မှူးကြီး မောင်အောင်(ငြိမ်း)) ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ထုတ်ပေးခဲ့သော “နိုင်ငံသားလက်မှတ်” စာအုပ်ကို စာရေးသူ မြင်တွေ့ခဲ့သောအခါ အလွန် အံ့သြမိခဲ့ပါသည်။ ကိုယ့်မျက်လုံး ကိုယ်မယုံနိုင်အောင် ဖြစ်သွားခဲ့ရပါသည်။ စာရေးသူ သိသလောက်ပြောရလျှင် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသား နိုင်ငံသား လက်မှတ်စာအုပ်ကို မည်သူမျှ ကိုင်ဆောင်ထားခြင်း မရှိသေးကြောင်း ကြားဖူးပါသည်။ ထို့ကြောင့်လည်း ဟောပြောပွဲတွင် နိုင်ငံသား သမ္မတ ကြီးနှင့် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗိုလ်ချုပ်ကြီးများသည်ပင်လျှင် နိုင်ငံသားလက်မှတ် စာအုပ်ကို မရရှိသေးကြောင်း ဟောပြောခဲ့ပါသည်။
ထို့သို့ရဲရဲတင်းတင်းပြောနိုင်ခြင်းသည်မှာလည်း နိုင်ငံတော်၏အတိုင်အပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ပင် နိုင်ငံသား စီစစ်ရေးကတ် ပန်းရောင်ကို ၂၃-၄-၂၀၁၅ တွင်ရခဲ့ကြောင်း အတိအကျသိ၍ ပရိတ်သတ် ၁၅၀ ကျော်ရှေ့တွင် ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။
ထိုနိုင်ငံသားလက်မှတ်စာအုပ်ကို နိုင်ငံသားစီစစ်ရေးပန်းရောင်ကတ်နှင့်အတူ ၁၉၈၉ခုနှစ် မတ်လက ပေးခဲ့ကြောင်း ကာယကံရှင်က ပြောပါတယ်။ ထိုနိုင်ငံသားလက်မှတ် စာအုပ်တွင် အမှတ်စဉ်က ၄၀၀၀ ကျော်နေပြီဖြစ်ကြောင်း သတိထားမိပါသည်။ ထိုစာအုပ်ထဲတွင် မိမိ၏မိသားစု အမည်များ ဖြည့်စွက်ရန် နေရာများ၊ ကာယကံရှင် နိုင်ငံသားလက်မှတ် စာအုပ်ပိုင်ရှင်အား ညွှန်ကြားချက်များ ပါဝင်သည်။ စာရေးသူကိုယ်တိုင် ကိုယ်ကျ လေ့လာကြည့်ခဲ့သည်။ ထူးခြားသည်မှာ “ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်” ဟူသောစာသားအောက်တွင် “နိုင်ငံသားလက်မှတ်” ဟူသော စာသားကို ရေးသားထားခြင်း ဖြစ်ပါသည်။
ဤအချက်ကိုလေ့လာကြည့်လျှင် စစ်အစိုးရတို့မည်သည် ပြည်သူလူထုကို ဂရုမစိုက်ပဲ ထင်ရာဆိုင်းသည့်မူကို “ရေဗူးပေါက်တာမလို၊ ရေပါတာပဲလိုချင်” ဆိုသည့် ငါတကော ကောသည့် လုပ်ရပ်မျိုးကို လုပ်လေ့ရှိခဲ့ကြောင်း သက်သေတစ်ရပ်ဖြစ်ခဲ့ပေသည်။ ပွင့်လင်းမြင်သာမှု မရှိသော လုပ်ရပ်များကိုလည်း လုပ်လေ့ရှိခဲ့ကြောင်း စာရေးသူ သတိပြုမိပါသည်။
မည်သို့ပင်ဆိုစေ ၂၀၁၄ ခုသန်းခေါင် စာရင်းအရ လူမျိုးစု ၈၃၀ ကျော်နေခြင်း “ဗုဒ္ဓလူမျိုးစု” ဟူ၍ ပေါ်ထွက်လာခဲ့ခြင်း၊ မိမိတို့နှင့် ပုလဲနံ့သင့်သည့်သူများကို နိုင်ငံသားလတ်မှတ်စာအုပ်ကို လက်သိပ်ထိုးပေးထားခဲ့ခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ကို အခြေခံ၍ ပြည်သူ့ဆန္ဒနှင့် တစ်သားတည်း ပြည်သူမျက်နှာကိုသာကြည့်မည့် အစိုးရတစ်ရပ် အနေဖြင့် နောင်အနာဂတ် တွင် ထုတ်ပေးမည့် နိုင်ငံသား SMART CARD တွင် ပြည်ထောင်စု စိတ်ဓာတ်ကို မွေးဖွားမည့် နိုင်ငံသား ကတ်မျိုးကိုသာ ထုတ်ပေးသင့်ပါကြောင်း အကြံပြုလိုက်ပါသည်။
ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)
Comments