ဇန်န၀ါရီ ၂၉၊ ၂၀၁၇
M-Media
– လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထရမ့်၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်၏ အစိတ်အပိုင်းတစ်ခုကို ဖဒရယ်တရားသူကြီးတစ်ဦးက ပိတ်ပင်ခဲ့ပြီး အမေရိကန်မြေပေါ်သို့ တရားဝင် ဗီဇာဖြင့်လည်းကောင်း၊ ဒုက္ခသည်ကဒ်ဖြင့်လည်းကောင်း ရောက်ရှိနေသူများကို နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပေးရမည်ဟု ဆုံးဖြတ်ခဲ့သည်။
သောကြာနေ့က လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါ အမိန့်တွင် မွတ်စလင်နိုင်ငံ ၇ နိုင်ငံအား ရက်ပေါင်း ၉၀ ဗီဇာပိတ်ပင်ခြင်း အပါအ၀င် ဆီးရီးယားဒုက္ခသည်များ ၀င်ရောက်ခွင့် လုံးဝ ပိတ်ပင်ခြင်း၊ ဒုက္ခသည်ဝင်ရောက်မှုကို ကန့်သတ်ခြင်းတို့ ပါဝင်သည်။
ထိုအမိန့်ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း အမေရိကန်ရှိ လေဆိပ်များတွင် တရားဝင်ဗီဇာဖြင့်လည်းကောင်း၊ ဂရင်းကဒ်ဖြင့်လည်းကောင်း ၀င်ရောက်လာသည့် လူပေါင်းများစွာမှာ ထိန်းသိမ်းခံခဲ့ရပြီး၊ နှင့်ထုတ်ခံရမည့်အရေးနှင့် ရင်ဆိုင်ခဲ့ရကာ လေဆိပ်များတွင် ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ဂျွန်အက်ဖ်ကနေဒီ လေဆိပ်တွင် အီရတ်နိုင်ငံသား ၂ ဦးမှာ နိုင်ငံအတွင်း တရားဝင်ဝင်ရောက်လာမှုကို ဥပဒေစိုးမိုးရေးအဖွဲ့များက ထိန်းသိမ်းခဲ့ပြီးနောက် အမေရိကန် နိုင်ငံသားများလွတ်လပ်ခွင့်ဆိုင်ရာ သမဂ္ဂ (ACLU) က ထရမ့်၏ ထိုအမိန့်ကို ပယ်ဖျက်ရေးပေးရန် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့သည်။
ထို့ကြောင့် စနေနေ့ညပိုင်းတွင် ခရိုင်တရားသူကြီး အန်ဒွန်နီလေးက ထိုလျှောက်ထားမှုကို သုံးသပ်ခဲ့ပြီး တရားဝင်ဗီဇာ သို့မဟုတ် ဒုက္ခသည်ကဒ်ဖြင့် အမေရိကန်မြေသို့ ရောက်ရှိလာကြသူများကို ပြန်နှင်မထုတ်ဘဲ ၀င်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ဒီဆုံးဖြတ်ချက်က လက်ရှိအခြေအနေကို တည်တံ့စေပြီး နိုင်ငံအတွင်း တရားဝင် ၀င်ရောက်ခွင့် ရထားသူတွေကို အမေရိကန်မြေပေါ်ကနေ ဥပဒေပ မောင်းထုတ်လို့ မရဘူးဆိုတာကို သေချာသွားစေပါတယ်” ဟု ACLU သမဂ္ဂ၏ ပြောင်းရွှေ့အခြေချသူများဆိုင်ရာ စီမံကိန်းမှ လက်ထောက်ဒါရိုက်တာ လီ ဂီလန့်က ပြောကြားခဲ့သည်။
ထရမ့်၏ ဗီဇာပိတ်ပင်မှုအမိန့် အသက်ဝင်ပြီးနောက်ပိင်း ၂၄ နာရီအတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ လေဆိပ်များတွင် စုစုပေါင်း ခရီးသည် ၁၀၉ ဦးမှာ ထိန်းသိမ်းခံခဲ့ရသည်။
ပြည်တွင်းလုံခြုံရေးဌာနကမူ မိမိတို့အနေဖြင့် တရားရေးဌာန၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်သော်လည်း သမ္မတထရမ့်၏ အမိန့်မှာ ဆက်လက် အသက်ဝင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera
Comments