ဖေဖော်ဝါရီ ၂၊ ၂၀၁၇
M-Media
– အစွန်းရောက်အယူအဆများ သင်ကြားမှုကို တားဆီးရန်အတွက် နိုင်ငံရပ်ခြား တရားဟောဆရာများ ၀င်ရောက်မှု လုပ်ထုံးလုပ်နည်းများကို သုံးသပ် တင်းကြပ်သွားမည်ဟု မလေးရှားရှိ မလာကာပြည်နယ်က ပြောကြားလိုက်သည်။
“အစွန်းရောက် သင်ကြားမှုတွေကို တားဆီးဖို့ ဒီမှာ တရားလာဟောမယ့် နိုင်ငံရပ်ခြား တရားဟောဆရာတွေအတွက် လုပ်ထုံးလုပ်နည်းနဲ့ လမ်းညွှန်ချက်တွေကို သုံးသပ်မှု၊ ပြောင်းလဲမှုနဲ့ တင်းကြည်မှုတွေ လုပ်သွားမှာပါ။ ကာကွယ်မှုဟာ ကုသမှုထက် ပိုကောင်းတယ်လေ” ဟု မလာကာဝန်ကြီးချုပ် အီဒရစ် ဟာရွန်က ပြောကြားခဲ့သည်။
ထို့ပြင် စစ်ဖြစ်ပွားနေသော နိုင်ငံများမှာ တရားဟောဆရာများ မလာကာသို့ လာရောက်၍ ပြည်သူများအား သဟဇာတဖြစ်ရေး သင်ကြားမှု လိုအပ်သလားဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။
“ဥပမာအားဖြင့် ဆီးရီးယားက တရားဟောဆရာတွေဟာ ဒီကိုလာပြီး ကျွန်တော်တို့ကို ငြိမ်းချမ်းစွာ ဘယ်လိုနေရမလဲလို့ တရားဟောတယ်။ သူတို့တိုင်းပြည်ကတော့ ၀ရုန်းသုန်းကားဖြစ်နေတယ်။ သူတို့က ကျွန်တော်တို့ ဘယ်လို ငြိမ်းချမ်းစွာနေရမလဲဆိုတာ သင်ပေးချင်တာလား။ အမှန်က ကျွန်တော်တို့ဆီက တရားဟောဆရာတွေက အဲဒီကိုသွားပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်ငြိမ်အေးချမ်းမှုရှိအောင် ဘယ်လိုနေရမလဲဆိုတာ သင်ပေးရမှာပါ”
၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မလာကာတွင် နိုင်ငံရပ်ခြားမှ တရားဟောဆရာပေါင်း ၁၅၇ ဦးမှာ တရားဟောကြားမှု၊ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အများစုမှာ အင်ဒိုနီးရှာနိုင်ငံမှဖြစ်ကာ ပါကစ္စတန်၊ ထိုင်း၊ အိန္ဒိယ၊ ယီမင်၊ အီရတ်နှင့် ဆီးရီးယားတို့မှလည်း ပါဝင်သည်။
“ကျွန်တော်တို့ပြည်နယ်မှာ တရားကောင်းကောင်းဟောတတ်သူတွေ။ ပြည်သူတွေကို ကောင်းကောင်းနားလည်သူတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ ပညာပြည့်ဝတယ်။ အတွေ့အကြုံရှိတယ်။ လူ့အဖွဲ့အစည်းက အသိအမှတ်ပြုမှုကို ကောင်းကောင်းခံရတယ်။ ဒါပေမယ့် ကျွန်တော်တို့က နိုင်ငံခြားတရားဟောဆရာတွေကို လိုချင်နေတုန်းပဲ။ သူတို့တွေ (နိုင်ငံခြား တရားဟောဆရာတွေ) ဟာ တိုင်းပြည်ရဲ့ ဥပဒေကို မလေးစားမှာ ကျွန်တော် စိုးရိမ်ပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း စုစည်းမှု၊ ညီညွတ်မှုနဲ့ သဟဇာတဖြစ်စွာ နေထိုင်လာတဲ့ ကျွန်တော်တို့တိုင်းပြည်က အခြားသော အယူဝါဒတွေကို မစော်ကားရဘူးလို့ ကျွန်တော်တို့ တိုင်းပြည်မှာ သတ်မှတ်ချက်ရှိပါတယ်။ နိုင်ငံခြား တရားဟောဆရာတွေက အခြားသူတွေရဲ့ အယူဝါဒတွေ၊ ဘ၀နေထိုင်မှုတွေကို မကောင်းပြောတာမျိုး ရှိနိုင်ပါတယ်” ဟု မစ္စတာ အီဒရစ်က ထည့်သွင်းပြောဆိုခဲ့သည်။
မလေးရှားနိုင်ငံသားများကို နိုင်ငံရပ်ခြား တရားဟောဆရာများက အစွန်းရောက်အောာင် ဆောင်ရွက်မှုများ ရှိခဲ့ပြီး အထင်ရှားဆုံး အဖြစ်အပျက်တစ်ခုမှာ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့သည့် ၂၀၀၂ ခုနှစ် ဘာလီ ဗုံးခွဲမှုအတွင်း ဗုံးလုပ်ပေးခဲ့သည့် သင်္ချာပညာရှင် အဇာဟာရီ ဟူစင်ဖြစ်သည်။
ဟူစင်မှာ အင်ဒိုနီးရှား စစ်သွေးကြွကွန်ယက် Jemaah Islamiyah မှ ခေါင်းဆောင် တရားဟောဆရာ အဘူ ဘာကာရ် ဘရှီးရ်၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီး ၁၉၈၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ နိုင်ငံပြင်ပတွင် နေထိုင်ခဲ့သည်။
၂၀၁၀ ခုနှစ်ကလည်း ဆီးရီးယားတရားဟောဆရာ အိုင်မန် အလ်-ဒက်ဒက်ကို တက္ကသိုလ်ကျောင်းသားများအား လူသစ်စုဆောင်းသော အလ်ကိုင်းဒါ အကြီးတန်းခေါင်းဆောင်ဖြစ်သည်ဟုဆိုကာ နိုင်ငံမှ နှင်ထုတ်ခဲ့သည်။
Ref: CNA
Comments