ဖေဖော်ဝါရီ ၃၊ ၂၀၁၇
M-Media
– ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကနေဒါနိုင်ငံ ကူဘက်မြို့ရှိ ဗလီဝတ်ကျောင်းတော် တစ်လုံးတွင် သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများထဲမှ ၃ ဦး၏ ဈာပနအခမ်းအနားကို ကနေဒါပြည်သူ ထောင်ချီ တက်ရောက်ခဲ့သည်ဟု သိရသည်။
သေဆုံးသွားသူ ၆ ဦးမှ ခါလစ် ဘဲလ်ကာဆီမီ၊ အဒဲလ်ကရင် ဟက်စ်ဆာနီနှင့် အဘူဘာကာ သဘ်တီတို့၏ ဈာပနအခမ်အနားဖြစ်ပြီး မွတ်စလင်ခေါင်းဆောင်များ၊ နိုင်ငံရေးလောကမှ ထင်ရှားသူများလည်း တက်ရောက်ခဲ့သည်။
၎င်းတို့ ၃ ဦး၏ ရုပ်ကလပ်များကို မြို့တော် မွန်ထရီယဲလ်ရှိ Maurice Richard Arena အဆောက်အဦးတွင် ထားရှိပြီး၎င်း၏ မူလဇာတိဖြစ်သော တူနီရှားနှင့် အလ်ဂျီးရီးယားအလံများဖြင့် ဖုံးအုပ်ထားကာ ထိုနိုင်ငံများသို့ ပြန်ပို့၍ မြေချမည်ဖြစ်သည်။
“ပြီးခဲ့တဲ့ စနေနေ့က ကျွန်တော်တို့ကို ၀မ်းနည်းဖွယ် စွန့်ခွာသွားခဲ့တဲ့ ကနေဒါနိုင်ငံသားတွေ ဆုံးရုံးခဲ့ရမှုအတွက် ကျွန်တော်တို့ ဒီမှာ အတူတကွ ရောက်နေကြပါတယ်။ ချစ်စွာသော မိသားစုတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို သူတို့ ထားခဲ့ကြပြီး၊ တိုင်းပြည်ကိုလည်း ဟာတာတာ ဖြစ်စေခဲ့ပါတယ်။ ဒီရဲရင့်တဲ့သူတွေဟာ သူတို့ရဲ့ သေခြင်းကနေ မတူညီတဲ့ မျိုးနွယ်တွေ၊ အသားအရောင်တွေ၊ လိင်တွေ၊ ဘာသာတရားတွေက လူတွေကို ပေါင်းစည်းစေခဲ့ပါတယ်။ ဒီနေ့ဟာ စုစည်းမှု၊ ဂရုဏာသက်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ဒီလို ဖခင်တွေရဲ့ ဆုံးရှုံးမှုအတွက် ကျွန်တော်တို့ ယူကြုံးမရ ဖြစ်ရတဲ့နေ့ပါပဲ” ဟု ဈာပနအခမ်းအနား တက်ရောက်ခဲ့သူ ချေမာ ဘင်ဟဂျက်က ပြောကြားခဲ့သည်။
ဗလီဝတ်ကျောင်းကျော်ရှိ ၀တ်ပြုခန်းအတွင်းသို့ ၀င်ရောက်ကာ ပစ်ခတ်မှုအတွင်း စုစုပေါင်း အမျိုးသား ၆ ဦး သေဆုံးခဲ့ပြီး အခြား ၈ ဦးမှာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိခဲ့သည်။
တူနီးရှားနွယ်ဖွား အသက် ၄၄ နှစ်အရွယ်ရှိ သဘ်တီမှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ကလေးငယ်နှစ်ဦး၏ ဖခင်ဖြစ်သည်။ အသက် ၄၁ နှစ်အရွယ် ဟက်ဆာနီမှာ အလ်ဂျီးရီးယားမှဖြစ်ပြီး သမီး ၃ ယောက်၏ ဖခင်ဖြစ်သည်။ ဇနီးသည် လူဝီဇာက ‘ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်နှင့် မိတ်ဆွေတစ်ယောက် ဆုံးရှုံးရခြင်းဖြစ်သည်’ ဟု ပြောကြားခဲ့သည်။
“ကွီဘက်မြို့ကို ကျွန်တော်တို့ အတူတကွ တည်ဆောက်ရအောင်” ဟု ပစ်ခတ်မှုဖြစ်ပွားရာ ဗလီဝတ်ကျောင်းတော်မှ ဥက္ကဌဖြစ်သူ မိုဟာမက် ယန်ဂွီက ပြောကြားခဲ့သည်။
အသက် ၆၀ အရွယ် ဘဲလ်ကာစီမီမှာ ကွီဘက်မြို့ရှိ Université de Laval တက္ကသိုလ်မှ ပရော်ဖက်ဆာတစ်ဦးဖြစ်သည်။
“အမုန်းတွေနဲ့ အသိပညာမဲ့မှုတွေကို ကျွန်တော်တို့ အတူတကွ ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်သွေးထဲမှာတော့ ကျွန်တော့အဖေဟာ အမြဲတမ်း ရှင်သန်နေမှာပါ” ဟု ဘဲလ်ကာစီမီ၏ သားဖြစ်သူ အမီရ်က ပြောကြားခဲ့သည်။
အဆိုပါ ကွယ်လွန်သူ ၃ ဦး၏ ဈာပနတွင် ကနေဒါ ၀န်ကြီးချုပ် ဂျပ်စတင် ထရူဒူ၊ ကွီဘက်ပြည်နယ် ၀န်ကြီးချုပ် ဖိလစ် ကိုအီလာ့ဒ်နှင့် ကွီဘက်မြို့တော်ဝန် ရီဂျစ် ဘာဘူမီတို့လည်း တက်ရောက်ခဲ့သည်။
“ရက်စက်ကြမ်းကြုတ်မှုက သူတို့ကို တရားမဲ့စွာ ရိုက်ခတ်သွားခဲ့ပေမယ့် ဂုဏ်သိက္ခာတွေ၊ ညီညွတ်မှုတွေကို ရိုက်ချိုးဖျက်ဆီးလို့ မရတဲ့ လူ့အဖွဲ့အစည်းတစ်ခုနဲ့အတူ ကျွန်တော်တို့တိုင်းပြည်ဟာ စည်းလုံးခဲ့ပြီး၊ တစ်သားတည်းရှိကြောင်း ပြသခဲ့ပါပြီ။ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုအနေနဲ့ အမှောင်ထုထဲကနေ ကျွန်တော်တို့ အရင်ကထက်ပိုတဲ့ သန်မာမှုမျိုး၊ စည်းလုံးမှုမျိုးတွေနဲ့ ပြန်ထလာမှာပါ” ဟု ၀န်ကြီးချုပ် ဂျပ်စတင် ထရူဒီက ပြောကြားခဲ့သည်။
မွန်ထရီယဲလ်မြို့တော်ဝန် ဒန်းနစ် ကိုဒါရီကလည်း မိမိတို့အားလုံးမှာ ညီအစ်ကို မောင်နှများဖြစ်ကြောင်း၊ မိမိတိုအားလုံး ၀မ်းနည်းရကြောင်း ပြောကြားခဲ့သည်။
ပစ်ခတ်မှုအတွင်း ကွယ်လွန်သွားသူ အခြား ၃ ဦး၏ ဈာပနကို မနက်ဖြန်တွင် ပြုလုပ်မည်ဖြစ်သည်။
Ref: Aljazeera
Comments