ဖေဖော်ဝါရီ ၉၊ ၂၀၁၇
M-Media
– ထိုင်း၊ မြန်မာနှင့် သီရိလင်္ကာကဲ့သို့ ဗုဒ္ဓဘာသာဝင်အများစုရှိရာ နိုင်ငံများတွင် အမုန်းစကားများ မြင့်တက်လာမှုက အလွန်စိုးရိမ်စရာကောင်းနေပြီး၊ အန္တရာယ်ကိုလည်း မြင်နေရသောကြောင့် ထိုကိစ္စအား တွန်းလှန်ရန်အတွက် ထိုနိုင်ငံများက တစ်ခုခု လုပ်ရမည်ဟု ထိုင်းနိုင်ငံမှ ထင်ရှားသည့် ဗုဒ္ဓဘာသာ ပညာရှင်တစ်ဦးဖြစ်သူ Sulak Sivaraksa က ပြောကြားလိုက်သည်။
“သိပ်စိုးရိမ်စရာကောင်းတယ်ဗျ။ လက်နက်တွေထက်တောင် ပိုပြီး အန္တရာယ်ရှိပါတယ်” ဟု Sulak Sivaraksa က CNA ၏ Between The Lines အစီအစဉ် ဆွေးနွေးမှုတွင် ပြောကြားခဲ့သည်။ ၎င်းမှာ နိုင်ငံတကာက အသိအမှတ်ပြုမှုကို ရရှိထားသည့် ဗုဒ္ဓဘာသာအရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်။
ဗုဒ္ဓဘာသာ၏ သင်ကြားမှုများက အကြမ်းမဖက်မှု၊ ခန္တီတရားတို့ကို အရင်းတည်သည်။ သို့သော်လည်း ဗုဒ္ဓဘာသာအမျိုးသားရေး ၀ါဒများ ပေါ်ပေါက်လာသည့်အချိန်တွင် အမုန်းစကားများက သဘောထားတင်းမာသော အုပ်စုများအကြားတွင် သိသိသာသာ လွှမ်းမိုးလာခဲ့ပြီး အခြားအုပ်စုများကို အကြမ်းဖက်ရန်၊ ဖျက်ဆီးရန်နှင့် သတ်ဖြတ်ရန် ထိုအမုန်းစကားများဖြင့် လှုံ့ဆော်လာကြသည်။
ဥပမာအားဖြင့် သီရိလင်္ကာနိုင်ငံတွင် ဘုန်းကြီးတစ်စုက ၂၀၁၂ ခုနှစ်တွင် Bodu Bala Sena ဆိုသည့်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ရန်ဟု ခေါင်းစဉ်တပ်သည်။ ထိုအချိန်မှစ၍ မွတ်စလင်နှင့် ခရစ်ယာန်များအပေါ် တိုက်ခိုက်မှု ရာပေါင်းများစွာ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများ၏ မဘသ အုပ်စုက ရိုဟင်ဂျာမွတ်စလင်များကို ဆန့်ကျင်သည့် သဘောထားများကို မီးထိုးပေးသည်။
ဆိုရှယ်မီဒီယာက ဒေါသဖြစ်စရာ သွေးထိုးမှုများ ပြန့်နှံ့ရာတွင် ပါဝင်နေသည်။ မစ္စတာ Sulak က အမုန်းစကားမှာ အကြမ်းဖက်မှုကို လှုံ့ဆော်နိုင်သည့် စွမ်းအားရှိသောကြောင့် အစိုးရများအနေဖြင့် အမုန်းစကားကို တရားမ၀င်အဖြစ်သတ်မှတ်ရန် တိုက်တွန်းခဲ့သည်။
“လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကိုတော့ ကျွန်တော် မကန့်ကွက်ပါဘူ။ အမြင်မတူတာတွေရှိမယ်၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တယ်။ ဒါပေမယ့် အမုန်းစကားတွေ၊ တစ်ဖက်လှည့်စကားတွေ ပြောလာမယ်ဆိုရင် ဒါကို ခွင့်ပြုလို့ မရပါဘူး”
သို့ဆိုလျှင် ငြိမ်းချမ်းရေးနှင့် ကိုယ်ချင်းစာတရားကို သင်ကြားသည့် ဗုဒ္ဓဘာသာကဲ့သို့ ဘာသာတရားတစ်ခုက အမုန်းတရား၏ သားကောင်ဖြစ်လာနိုင်မည်လော။
စာနာမှုကို အမုန်းက လွှမ်းမိုးသွားသည့်အခါ
Thammasat တက္ကသိုလ်မှ ဗုဒ္ဓဘာသာရေးရာ ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာ Mano Laohanavich က ဗုဒ္ဓဘာသာဝင်အချို့မှာ အခြားဘာသာတရားများကို နားလည်မှုမရှိဟု သုံးသပ်ခဲ့သည်။
“ကိုယ့်ရဲ့ အမှန်တရားသီးသန့်ကိုသာ ဖော်ပြထားတဲ့ သူတို့ရဲ့ ကျမ်း၊ သူတို့ရဲ့ တရားကိုပဲ လေ့လာကြတာ။ ဒီအမှန်တရားက တစ်ခုတည်းဖြစ်ရမယ်၊ အကောင်းဆုံးဖြစ်တယ် ဆိုတာမျိုးပေါ့ဗျာ”
၎င်းတို့ဘာသာတရား၏ တန်ဖိုးများကသာ အသာလွန်ဆုံးဖြစ်သည်ဟု ထင်လာကြသောအခါ အခြားသော ဘာသာတရားများကို ဂရုမထားတော့ခြင်း၊ ၎င်းတို့၏ ဘာသာတရားမှာ ခြိမ်းခြောက်ခံနေရသည်ဟု ကြောက်ရွံ့ခြင်းတို့ ဖြစ်လာသည်ဟု Mahidol တက္ကသိုလ်မှ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှုအသင်းမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ Eakpant Pindavanija က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များ၏ ကိစ္စကို ၎င်းက ထောက်ပြသည်။ အစပိုင်းတွင် ထိုပြောင်းရွှေ့လာသူများကို သနားဂရုနာသက်ကြသော်လည်း မွတ်စလင်ဖြစ်သည်ဟု သိလာကြသည့်အခါတွင် အချို့သောထိုင်းများ၏ သနားမှုက ဒေါသထွက်မှုအဖြစ် ပြောင်းသွားကြသည်။
“ချက်ချင်းဆိုသလိုပဲ ‘အို- သူတို့တွေက ငါတို့တိုင်းပြည်ကို ဖျက်ဆီးဖို့ ရာက်နေကြပါတယ်။ သူတို့တွေက ငါတို့ရဲ့ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းကို ဖျက်ဆီးချင်နေတယ်’ ဆိုတဲ့ အမုန်းစကားတွေ ပေါ်လာတယ်။ သနားဂရုဏာသက်တဲ့ စိတ်ထားလည်း ပျောက်သွားတယ်” ဟု ဒေါက်တာ Eakpant က ပြောကြားခဲ့သည်။
အကြောက်တရားက ဆင်ခြင်တုံတရားအပေါ် လွှမ်းမိုးသည့်အခါ
ဗုဒ္ဓဘာသာဝင်များက ယေဘုယျအားဖြင့် ဗုဒ္ဓ၏ဓမ္မ၊ စစ်မှန်သောရည်ရွယ်ချက်နှင့် အဓိပ္ပါယ်တို့ကို သေသေချာချာ နားမလည်ကြဟု Chulalongkorn တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဒေါက်တာ Chantana Banpasirichote Wun’gaeo က ပြောကြားခဲ့သည်။
ဘာသာရေး လူများစုနှင့် လူနည်းစုများရှိရာ ဒေသတွင် လူများစုက ‘ငါတို့ ဆုံးဖြတ်မယ်။ မင်းတို့က ငါတို့နောက်လိုက်ရမယ်’ ဟု ပုံမှန်လိုလို ယူဆထားသည်ဟုလည်း ဒေါက်တာ Mano က ထောက်ပြခဲ့သည်။
“ကိုယ့်ရဲ့ အမှတ်သညာကို ခွဲခြားမှုတွေဖန်တီးဖို့ သူတို့က သုံးကြတယ်။ နိုင်ငံရေးဆိုင်ရာ ကြောက်ရွံ့မှုက ဆင်ခြင်တုံတရားနဲ့ ဂရုဏာတရားတို့အပေါ်မှာ လွှမ်းမိုးသွားတယ်”
နိုင်ငံရေးသမားများက ၎င်းတို့ အာဏာရရေးအတွက် ထိုသဘောတရားများအပေါ် မကြာခဏ အမြတ်ထုတ်သည်ဟုလည်း သူက ဆိုသည်။
“ကမ္ဘာတစ်ဝှမ်းက ဘာသာရေး ပဋိပက္ခတွေကို ကြည့်မယ်ဆိုရင်၊ တစ်ဖက်ဆွဲ လှုံ့ဆော်မှုတွေနဲ့ လုပ်ရတာဖြစ်ပြီး တော်တော်များများက ခေါင်းဆောင်ပိုင်းက လာတာပါ” ဟု ဒေါက်တာ Chantana ပြောကြားခဲ့သည်။
အတူလုပ်ရမည်
တရိပ်ရိပ်တက်လာသည့် အမုန်းတရားနှင့် ကြောက်ရွံ့မှုကို တုန့်ပြန်တိုက်ဖျက်ရန် တစ်ခုတည်းသော နည်းလမ်းက ဘာသာတရား မတူသူများ ၎င်းတို့၏ အယူဝါဒနှင့်ပတ်သက်၍ ဆွေးနွေးနိုင်မည့်၊ အတူတကွ စားသောက်နိုင်မည်၊ ၀တ်ပြုနိုင်မည့်၊ ဆင်းရဲမွဲတေမှုကဲ့သို့ လူ့အဖွဲ့အစည်း၏ ပြဿနာကို အတူတကွ ဖြေရှင်းနိုင်မည့် လုံခြုံသော ၀န်းကျင်တစ်ခုဖန်တီးပေးရေးဖြစ်သည်ဟု ဒေါက်တာ Mano က အကြံပြုခဲ့သည်။
၎င်း၏အတွေ့အကြုံအရ မတူညီသော ဘာသာတရားများမှ လူများမှာ အနီးကပ် အတူတကွ လုပ်ဆောင်ပါက နားလည်မှု၊ အပြန်အလှန်လေးစားမှု ပိုမိုရရှိနိုင်သည်ဟုလည်း Mano က ဆိုသည်။ မနှစ်က ထိုင်ဝမ်နိုင်ငံ Kaohsiung ဒေသတွင် ဖြစ်ပွားခဲ့သည့် ငလျင်တွင် ဗုဒ္ဓဘာသာဝင်၊ မွတ်စလင်နှင့် ခရစ်ယာန်များ ပူးပေါင်းကော ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်မှုကို ၎င်းက ထောက်ပြခဲ့သည်။
ထိုကဲ့သို့ မတူညီသော ဘာသာတရားများ ပေါင်းစည်းလိုက်သည့်အခါတွင် ‘မတူကွဲပြားမှုမရှိဘဲ ညီညွတ်သွားသည့်အတွက်ကြောင့် အလွန်အားကောင်း ထိရောက်သွားစေနိုင်သည်’ ဟု ဒေါက်တာ Mano က ထည့်သွင်းပြောကြားခဲ့သည်။
မစ္စတာ Sulak ကတော့ မြန်မာနိုင်ငံမှ အခြေအနေအတွက် မျှော်လင့်ချက်ရှိနေသည်ဟု ဆိုသည်။ ဗုဒ္ဓဘာသာဘုန်းကြီးများက ရိုဟင်ဂျာမွတ်စလင်များအပေါ် တိုက်ခိုက်သည့် လုပ်ရပ်များမှာ လူတစ်စု စီစဉ်ခြင်းဖြစ်ပြီး၊ သတင်းစာမျက်နှာများတွင် ပြန့်နှံ့ရန် ရည်ရွယ်သော်လည်း လက်တွေ့ မြန်မာနိုင်ငံတွင် ‘ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များမှာ ရှုမောဖွယ်ရာ အတူတကွ ဆောင်ရွက်နေကြသည်’ ဟု ဆိုလေသည်။
(CNA သတင်းဌာနတွင် ဖော်ပြထားသော Why Buddhism, a religion of tolerance, is falling prey to hate-speech: Panel ဆောင်းပါကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Comments