ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
M-Media
– စိမ်းပြာရောင် ခေါင်းဆောင်းပုဝါကို ၀တ်ဆင်ထားသည့် ပိန်ပိန်ပါးပါး မိန်းကလေးငယ်တစ်ဦးက အကြမ်းဖက်မှု ဖြစ်ပွားရာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မလေးရှားသို့ ထွက်ပြေးလာရသည့်အချိန် ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောင်းပြောပြရင်း မျက်ရည်ပေါက်ပေါက် ကျလာခဲ့သည်။ ထိုစဉ်က အသက် ၁၂ နှစ်အရွယ်သာရှိသေးသည့် သူမမှာ မမြင်ဖူးသည့် အမျိုးသားတစ်ဦးနှင့် အတင်းအဓမ္မ လက်ထပ်ပေးခြင်းခံခဲ့ရသည်။ ထိုအမျိုးသားက သူမထက် အသက် ၁၀ နှစ်ကျော် ပိုကြီးသည်။
အသက် ၁၃ နှစ်သာ ရှိခြင်းကြောင့် Reuters သတင်းဌာနက သူမ၏အမည်ကို မဖော်ပြ။ သူမှာ ရခိုင်ပြည်နယ်မှ ညှင်းပမ်းနှိပ်စက်ခြင်း၊ အကြမ်းဖက်ခြင်း၊ ခွဲခြားဆက်ဆံသော အခြေအနေများမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ထွက်ပြေးလာရသည့် အခြားသော ရိုဟင်ဂျာမိန်းကလေးငယ်နည်းတူ မလေးရှားရှိ ရိုဟင်ဂျာ အမျိုးသားများနှင့် လက်ထပ်ရန် ရောင်းစားခံရသူများထဲမှ တစ်ဦးလည်းဖြစ်သည်။
မလေးရှားသို့ ထွက်ပြေးရာတွင် မိသားစုနှင့် ကွဲသွားပြီးနောက် လူကုန်ကူးသူများ၏လက်ထဲ ရောက်သွားပြီး ထိုင်း-မလေးရှား နယ်စပ်အနီး ကြမ်းတမ်းညစ်ပတ်သော တောတွင်းစခန်းတစ်ခုတွင် အခြားသူများနှင့်အတူ ရက်သတ္တပတ်အနည်းငယ် ထိန်းသိမ်းခံခဲ့ရသည်ဟု သူမကဆိုသည်။ ဖမ်းထားသူများက ရိုဟင်ဂျာအမျိုးသားတစ်ဦးမှာ ၎င်းအား လက်ထပ်ကာ လွတ်မြောက်စေရန် ဆန္ဒရှိနေသည်ဟု ပြောကြားခဲ့သည်။
“အေးဂျင့် (လူကုန်ကူးသူ) က လူတစ်ယောက်ဆီ ရောင်းလိုက်ပြီလို့ ကျွန်မကို ပြောတော့၊ ကျွန်မက ရှင်ဘာလို့ အဲလို လုပ်ရတာလဲလို့ ပြန်မေးခဲ့တယ်။ ကျွန်မ ၀မ်းနည်းမိပြီး ကြောက်လည်းကြောက်ပါတယ်” ဟု အဆိုပါ မိန်းကလေးက ကွာလာလမ်ပူတွင်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ထိုဇာတ်လမ်းနှင့်ပတ်သက်၍ Reuters သတင်းဌာနက သီးခြားအတည်ပြု၍ မရသော်လည်း သူမ၏ မိခင်က သမီးဖြစ်သူမှာ မလွတ်မြောက်ခင် တောထဲရှိ စခန်းတွင် သီတင်းပတ်အနည်းငယ် ထိန်းသိမ်းခံခဲ့ရသည်ဟု အတည်ပြုခဲ့သည်။
ယခု မိန်းကလေးငယ်၏ ဒုက္ခမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရာက်လာသူများဟု မြန်မာအစိုးရက မှတ်ယူထားပြီး၊ ကန့်သတ်အခွင့်အရေးသာပေးထားသည့် လူနည်းစု ရိုဟင်ဂျာမွတ်စလင်အများအပြား ရင်ဆိုင်ကြုံတွေ့နေရသည့် ခက်ခဲကြမ်းတမ်းမှုများ၏ တစ်စွန်းတစ်စ မြင်ကွင်းသာဖြစ်သည်။
၂၀၁၂ ခုနှစ်ကတည်းက အကြမ်းဖက်တိုက်ခိုက်မှု၊ လူမျိုးစု ပဋိပက္ခများကြောင့် ရာနှင့်ချီသော ရိုဟင်ဂျာများ သေဆုံးခဲ့ပြီး ထောင်သောင်းချီမှာလည်း မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လတ်တလော ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး၌လည်း လုံခြုံရေးတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ အဓမ္မကျင့်ခြင်း၊ ရွာများအား မီးရှို့ခြင်းတို့ ပြုလုပ်နေသည်ဟု ယခုလအစောပိုင်းက ကုလမှ ထုတ်ပြန်ခဲ့သည့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မလေးရှားလည်း ဝေဖန်ခံရ
မြန်မာနိုင်ငံမှ ထွက်ပြေးလာရသည့် ရိုဟင်ဂျာအမျိုးသမီးများမှာ ၎င်းတို့ ခိုလှုံရာနိုင်ငံမှ ရိုဟင်ဂျာအမျိုးသားများကို လက်ထပ်ရမှုမှာ ပုံမှန်လိုလိုဖြစ်နေပြီး၊ ထိုလက်ထပ်ထိမ်းမြားမှုကို များသောအားဖြင့် မိသားစုများက စီစဉ်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုကြသည်။ ထိုထိမ်းမြားမှုအချို့တွင် အသက်မပြည့်သေးသော ကလေးငယ်များလည်း ပါဝင်လေသည်။
သို့သော်လည်း လူကုန်ကူးသူများ၏ သားကောင်ဖြစ်ကာ ရိုဟင်ဂျာအမျိုးသားများထံသို့ ရောင်းစားခံရသည့် အမျိုးသမီးငယ် အရေအတွက်မှာလည်း တိုး၍ လာနေသည်။
အရှေ့တောင်အာရှအခြေစိုက် ပြောင်းရွှေ့အခြေချသူနှင့် ဒုက္ခသည် ကာကွယ်စောင့်ရှောက်ရေအဖွဲ့ Fortify Rights မှ အမှုဆောင်ဒါရိုက်တာ မက်သယူး စမစ်က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာပြီးနာက်ပိုင်း ကလေးသတို့သမီးအရေအတွက်မှာလည်း သိသိသာသာ မြင့်တက်လာသည်ကို မိမိတို့အဖွဲ့က တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။
လက်ထပ်ရန်အတွက် အမျိုးသမီးငယ် မည်မျှ ရောင်းစားခံခဲ့ရသည်ဆိုသည့် တရားဝင်အချက်အလက်များမရှိ။ ၂၀၁၅ ခုနှစ်တွင် UNHCR မှ ထုတ်ပြန်သော အစီရင်ခံစာတစ်ခု၌ မလေရှား၌ ရိုဟင်ဂျာ ကလေးသတို့သမီး ၁၂၀ ခန့်ရှိသည်ဟု ဖော်ပြထားပြီး ၎င်းတို့ထဲမှ မည်မျှမှာ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရဟု ဆိုသည်။
ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှု၊ ရိုဟင်ဂျာတို့၏ ဒုက္ခသုက္ခအပေါ် ကိုင်တွယ်မှုနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြီးခဲ့သည့်လအနည်းငယ်အတွင်း မြန်မာအစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
သို့သော်လည်း ကုလ၏ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာများကို တရားဝင်အလုပ်လုပ်ခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှု ရယူပိုင်ခွင့်၊ ပညာသင်ကြားခွင့် စသည်တို့မပေးဘဲ တရားမ၀င် ရွှေ့ပြောင်းလာသူများအဖြစ် ဆက်ဆံနေခြင်းကြောင့် ခိုလှုံလာသူ ရိုဟင်ဂျာများကို နှိပ်စက်မှုတွင် ကြံရာပါဖြစ်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုကြသည်။ ရိုဟင်ဂျာများမှာ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် တရားမ၀င်အလုပ်လုပ်ကာ ဆင်းဆင်းရဲရဲဖြင့် နေကြရသည်။
မလေးရှားအစိုးရက ရိုဟင်ဂျာ ၃၀၀ ခန့်ကို အလုပ်ပေးရန် အစီအစဉ်ကို ယခုလတွင် စတင်ခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့များကလည်း ထိုလုပ်ရပ်ကို ကြိုဆိုခဲ့သည်။
အသက်မပြည့်သူများ လက်ထပ်မှုကို ခွင့်ပြုထား
မွတ်စလင်အများစုရှိရာ မလေးရှားနိုင်ငံတွင် အသက်မပြည်သူများ လက်ထပ်မှုကို (ခြွင်းချက်ဖြင့်) ခွင့်ပြုထားသည်။ အသက် ၁၆ နှစ်အောက် မွတ်စလင်မိန်းကလေငယ်များမှာ ရရှီအာခုံရုံး၏ ခွင့်ပြုချက်ကို ယူ၍ အိမ်ထောင်ပြုခွင့်ရှိသည်။ သို့သော်လည်း အသက်မပြည့်သေးသည့် ရိုဟင်ဂျာမိန်းကလေးများ လက်ထပ်မှုတွင်တော့ အဆိုပါ ခုံရုံးက ပါဝင်ပတ်သက်ခြင်းမရှိ။ ရိုဟင်ဂျာ အီမာမ်များက စီစဉ်ကြပြီး၊ လက်ထပ်စာချုပ်ကလည်း မလေးရှားဥပဒေအရ တရားဝင်သည့်ဆိုသည့် ဖော်ပြချက်မျိုး မပါဝင်။
ဆောင်းပါးအစတွင် ဖော်ပြထားသည့် မိန်းကလေးမှာ လက်ထပ်ပြီးနောက် မလေးရှားအရှေ့ဘက် ကမ်းရိုးတမ်းမြို့ဖြစ်သော ကွမ်တန်သို့ ခေါ်ဆောင်သွားခြင်းခံရပြီး၊ ခင်ပွန်းဖြစ်သူက ၎င်းအား ချုပ်ချယ်ကာ နှိပ်စက်မှုပြုသည်ဆိုသည်ကို သိပ်မကြာမီပင် သိလိုက်ရသည်။ သူမ၏ မိုဘိုင်းဖုန်းကို သိမ်းပိုက်လိုက်ပြီး၊ မိသားစုနှင့်လည်း တွေ့ခွင့်မပေးတော့။ ရက်ပေါင်းများစွာ အိမ်ထဲတွင် တစ်ယောက်တည်းနရသည်။
လက်ထပ်ပြီး ၈ လအကြာတွင်တော့ သူမမှာ မိဘများ၊ မောင်နှမ ၄ ဦးနှင့် အဆက်အသွယ်ပြန်ရသည်။ ဖခင်ဖြစ်သူက ကွမ်တန်သို့လာပြီး သူမကို ကယ်ထုတ်သွားသည်။
သူမ၏ ခင်ပွန်းဖြစ်သူက ယခုအဖြစ်အပျက်အတွက် ဖုန်းဖြင့်မေးမြန်းမှုကို ဖြေကြားခြင်းမပြုခဲ့။
လက်ရှိတွင် သူမမှာ ကွာလာလာမ်ပူမြို့ ဆင်ခြေဖုံး ရွာငယ်လေးမှ အခန်းကျဉ်းလေးထဲတွင် မိသားစုနှင့်အတူ နေထိုင်ရသည်။
ဘေးကင်းပြီလားဟု မေးမြန်းသည့်အခါတွင်တော့ ကွာရှင်းမပေးသည့်ခင်ပွန်းထံ ပြန်ကောင်းပြန်ရနိုင်သည်ကို ကြောက်ရွံ့နေသည်ဟု ပြောကြားခဲ့သည်။
ရိုဟင်ဂျာဒုက္ခသည်တစ်ယောက်ဖြစ်ပြီး ရိုဟင်ဂျာ အမျိုးသမီး ဖွံ့ဖြိုးရေးကွန်ယက်ကို ဖွဲ့စည်းတည်ထောင်ခဲ့သူ ရှရီဖာ ရှာကီရာက ရိုဟင်ဂျာများမှာ မလေးရှားတွင် တရားဝင်အခြေအနေမျိုးမဟုတ်ဘဲ၊ ၎င်းတို့၏ လက်ထပ်ထိမ်းမြားမှုမှာလည်း အစိုးရ၏ တရားဝင်အသိအမှတ်ပြုခြင်းကို မခံရဟု ပြောကြားခဲ့သည်။ ထိုအချင်းအရာက ကလေးများ ပါဝင်နေသည့်အတိုင်အောင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်တွင် ဥပဒေစိုးမိုးရေးအဖွဲ့များက ၀င်ရောက်ဖြေရှင်းရန် ခက်ခဲစေသည်ဟု ဆိုသည်။
“သူတို့ (ရိုဟင်ဂျာ)တွေက တရားဝင် အခြေအနေမျိုး မဟုတ်တာကြောင့် ရှေ့နေတွေ၊ ရဲတပ်ဖွဲ့တွေကို အကူအညီတောင်းတာဟာ မလွယ်ပါဘူး။ အသက်မပြည့်သေးသူတွေ လက်ထပ်တဲ့ အဖြစ်အပျက်တွေကို တိုင်ကြားတာတောင်မှ ရဲတပ်ဖွဲ့က အရေးမယူပါဘူး” ဟု ရရှီဖာက ပြောကြားခဲ့သည်။ သူမမှာ ရိုဟင်ဂျာ အမျိုးသမီးများအား အကြံပေးမှုနှင့် ကူညီမှုများကို ပြုလုပ်ပေးနေသည်။
ဂုဏ်သိက္ခာရှိသောဘဝ
ကုလသမဂ္ဂ၏ အချက်အလက်များအရ မလေးရှားတွင် နေထိုင်သည့် ရိုဟင်ဂျာအရေအတွက်မှာ ၅၆၀၀၀ ခန့် ရှိနေသည်ဟုဆိုသည်။ ပြောင်းရွှေ့အခြေချသူ အဖွဲ့များက အထောက်အထားမရှိသူ အများအပြား ရှိနေသောကြောင့် အရေအတွက်မှာ ပိုမိုမြင့်မားနိုင်သည်ဟု ပြောကြားခဲ့သည်။ ရိုဟင်ဂျာလူ့အဖွဲ့အစည်းက မြို့တော် ကွာလာလမ်ပူ တစ်ဝိုက်ရှိ ချို့တဲ့သည့် ဆင်ခြေဖုန်းများတွင် နေထိုင်နေရသည်။
Reuters သတင်းဌာနက အင်တာဗျူးခဲ့သည့် အမျိုသားများက ဖယ်ထုတ်ခြင်းခံထားရပြီး၊ လူဦးရေနည်းပါးသည့် ၎င်းတို့ လူ့အဖွဲ့အစည်းတွင် လူငယ်အမျိုသားများအတွက် အိမ်ထောင်ဖက်တစ်ယောက် ရှာဖွေခြင်း၊ မိသားစုတစ်ခု ထူထောင်ခြင်းက ၎င်းတို့၏ လူမှုအဆင့်အတန်းကို တိုးတက်စေရန်၊ ပုံမှန်ဘ၀တစ်ခုကို ဖန်တီးရန် နည်းလမ်းတစ်ခု ဖြစ်နေသည်ဟု ဆိုသည်။
မလေးရှားရှိ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းတွင် အသက်ပြည့်သည့် အမျိုးသမီးများ ရှားပါးခြင်းက ကလေးသတို့သမီးများကို တောင်းဆိုမှုကို ဖြစ်ပေါ်လာစေပြီး၊ အချို့သောမိသားစုများကလည်း လက်ထပ်ခြင်းက မိသားစု ၀န်ထုတ်ဝန်ပိုး လျှော့ချစရာ နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နေကြသည်ဟု ကလေး ၃ ဦးနှင့် ကွာလာလမ်ပူတွင် နေထိုင်နေသည့် အသက် ၂၃ နှစ်အရွယ် ဘီလာလ် ဟိုစိုင် ရှာမီယာက ပြောကြားခဲ့သည်။ ၎င်း၏ ညီမဖြစ်သူမှာလည်း ကလေးသူတို့သမီး ဖြစ်နေသည်။
အလီဟုသာ သိရသည့် လူပွဲစားဟောင်းဖြစ်သူက ရိုဟင်ဂျာ ကလေးသူတို့သမီးများ၏ တောင်းဆိုမှုမှာ မြင့်မားနေသည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ လူကုန်ကူးအဖွဲ့များမှာ မိန်းကလေးငယ်တစ်ဦးအား မိသားစုဆီပြန်ပို့ခြင်း၊ သို့မဟုတ် အမျိုးသားတစ်ဦးထံ ရောင်းစားခြင်းတို့မှ မလေးရင်းဂစ် ၇၀၀၀ အထိ ရရှိကြသည်။
အလီမှာ ထိုင်း-မလေးရှား နယ်စပ်အနီး တောထဲမှ လူကုန်ကူးစခန်းကို အစောင့်လုပ်ပေးခဲ့ဖူးသည်။ တစ်ဦးတည်းသွားလာသော၊ သို့မဟုတ် မိသားစုက ငွေပေးရန် မတတ်နိုင်သော အမျိုးသမီးများ၊ မိန်းကလေးငယ်များမှာ ရောင်းစားခံရသည် အလီက ဆိုသည်။
“အသက် ၁၅ နှစ် ၁၆ နှစ်လောက်ရှိတဲ့ ကောင်မလေးတွေလည်း ပါတယ်ဗျ။ သူတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး”
အသက် ၁၈ နှစ်အရွယ် ယာစမင်း ဇိုကီရ် အဟ်မဒ်က ကွာလာလမ်ပူတွင် မြက်ရိတ်သော သူမ၏ခင်ပွန်းမှာ လွန်ခဲ့သည့် ၂ နှစ်အရင် လူကုန်ကူးသူကို ရင်းဂစ် ၃၅၀၀ ပေး၍ သူမအား လက်ထပ်ခဲ့ပုံကို ပြန်ပြောင်းပြောပြခဲ့သည်။
သူမ မလေးရှားသို့ ရောက်ရှိရန် ၉ လ ကြာမြင့်ခဲ့ပြီး ဆိုးရွားသော ထိုခရီးစဉ်တွင် ရေလမ်းခရီး၊ ကြမ်းတမ်းသော တောလမ်းခရီးတို့ကို ဖြတ်သန်းခဲ့ရကာ အငတ်ငတ်အပြတ်ပြတ် ဖြစ်ခဲ့ရသည်။
“ကျွန်မ ရွေးစရာမရှိပါဘူး။ ဖေးမမှု၊ ကာကွယ်မှု လိုအပ်တာကြောင့် သူ့ကို လက်ထပ်ခဲ့ရတာပါ။ ဂုဏ်သိက္ခာရှိစွာနဲ့ အသက်ရှင်နေထိုင်ချင်တယ်လေ” ဟု ယာစမင်းကဆိုပြီး၊ သူမ၏ ခင်ပွန်းကတော့ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့လေသည်။
Ref: CNA
Comments