ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
M-Media
– အာဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်မှာ ၎င်း၏ ဇနီး မဟ်ရီဘန် အလီယီဗီကို ဒုတိယသမ္မတ (၁) အဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဒုတိယသမ္မရာထူးကို ၂၀၁၆ ခုနှစ်က ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ကာ ဖန်တီးခဲ့ခြင်းဖြစ်ပြီး သမ္မတက နှုတ်ထွက်ခြင်း၊ သို့မဟုတ် ရာထူးတာဝန်များအား မထမ်းဆောင်နိုင်ခြင်း စသည်တို့ ဖြစ်လာသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်ရာထူးကို ယာယီ ရယူထားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ သမ္မတကတော် မဟ်ရီဘန်က ပထမဆုံး ရထူးရယူသူ ဖြစ်သည်။
“မဟ်ရီဘန် အလီယီဗီဟာ နိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်” ဟု သမ္မတ အီလ်ဟမ်က ယမန်နေ့ အဇာဘိုင်ဂျန် လုံခြုံရေးကောင်စီအစည်းဝေး၌ ဇနီးဖြစ်သူအား ဒုတိယသမ္မတအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။
ထို့ပြင် သမ္မတက ဇနီးသည်မှာ နိုင်ငံ၏ အဓိကနိုင်ငံရေးပါတီဖြစ်သော New Azerbaijan Party ၏ ဒုတိယအကြီးအကဲနေရာကို ရရှိထားသည်ဟုဆိုသည်။ အဆိုပါ ပါတီကို အီလ်ဟမ်၏ ဖခင်ဖြစ်သူ ဟေဒါ အလီယက်ဗ်က ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
မဟ်ရီဘန်မှာ နိုင်ငံ၏ ယဉ်ကျေးမှု၊ ပညာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များကို ရယူထားပြီး နိုင်ငံ၏ အကြီးဆုံး NGO ကို ဦးဆောင်ကာ ပရဟိတလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်။ ထို့ပြင် ယူနက်စကို၏ သံတမန်တစ်ဦးဖြစ်ပြီး နိုင်ငံ၏ ‘တစ်နှစ်တာသြဇာအကြီးဆုံး အမျိုးသမီးဆု’ ကိုလည်း ရရှိခဲ့သည်။
၁၉၄၆ ခုနှစ်တွင် မြို့တော်ဘာကူ၌ မွေးဖွားခဲ့သည့် မဟ်ရီဘန်မှာ ဆေးပညာဘွဲ့ကိုလည်းကောင်း၊ ဒဿနိကဗေဒ ဘွဲ့ကိုလည်းကောင်း ရရှိထားသည်။ ခင်ပွန်းဖြစ်သူ အီလ်ဟမ် အလီယက်ဗ်မှာ ၂၀၀၃ ခုနှစ်ကတည်းက နိုင်ငံကို အုပ်စိုးလာခဲ့ခြင်းဖြစ်သည်။
Ref: RT
Comments