ဖေဖော်ဝါရီ ၂၆၊ ၂၀၁၇
M-Media
– ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ ဂျူးဘုရားကျောင်းများ၊ ဂျူးအဆောက်အဦးများကို တိုက်ခိုက်မှုများ မြင့်တက်လာချိန်တွင် တက္ကဆက်ပြည်နယ်မှ မွတ်စလင်များက ဂျူးလူ့အဖွဲ့အစည်းကို သွားရောက်အားပေးကာ တစ်သားတည်းရှိကြောင်း ပြသခဲ့သည်ဟု သိရသည်။
‘ဒါးလက်စ်နှင့် ဖို့သ် မွတ်စလင်လူ့အဖွဲ့အစည်း’ ( DFW Muslim community) မှာ ‘ကျွန်တော်တို့လည်း ခင်ဗျားတို့နှင့် အတူ ရှိပါတယ်’ ဟု ရေးသားထားသည့် ကဒ်ပြားများကို ကိုင်ဆောင်ကာ ဒါးလက်စ်မြို့ရှိ ဂျူးစင်တာများသို့ သွားရောက် ဝေငှခဲ့ကြသည်။
“ကျွန်တော် ဒါးလက်စ်က ဂျူးစင်တာတွေကို သွားရောက်လည်ပတ်ခဲ့တယ်။ ကဒ်ပြားပေါင်းလည်း ၄၀ လောက် ရေးသားခဲ့ပါတယ်။ အခုအချိန်ဟာ စည်းလုံးဖို့အချိန်ဖြစ်ပြီး သွေးကွဲဖို့အချိန် မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ပြသချင်တာပါ” ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အမ်းစထရောင်းက ပြောကြားခဲ့သည်။
‘ဗာလီ ရန့်ခ်ျ အစ္စလာမ့်စင်တာ’ ကလည်း ဂျူးများနှင့် တစ်သားတည်းရှိကြောင်း မွတ်စလင်လူ့အဖွဲ့အစည်းမှ ထောက်ခံလက်မှတ်ရေးထိုးမှု ၁၀၀ ခန့်ပါဝင်သော ကဒ်ပြားတစ်ခုကို ဒါးလက်စ်ရှိ ဂျူးစင်တာတစ်ခုသို့ ပေးအပ်ခဲ့သည်။
“အစ္စလာမ့်ကြောက်ရောဂါလည်း ရှိနေတာပေါ့ဗျာ။ ဒါပေမယ့် ဒါက ကျွန်တော်တို့ကို ပေါင်းစည်းစေဖို့ တွန်းအား ဖြစ်စေချင်ပါတယ်” ဟု ဖူအက်ဒ် ဒါဒဘ် ဟွိုင်က ပြောကြားခဲ့သည်။
ဒါးလက်စ်မြို့ရှိ Temple Shalom ဂျူးဘုရားကျောင်းမှ အကြီးတန်း ဘုန်းတော်ကြီးဖြစ်ပြီး မွတ်စလင်များပေးအပ်သည့် အဆိုပါကဒ်ပြားကို ရရှိခဲ့သူ အန်ဒရူး ပါလေးက ယခုလုပ်ရပ်မှာ သေးငယ်သော လုပ်ဆောင်ချက်ဖြစ်သော်လည်း တာသွားသည်ဟု ပြောကြားခဲ့သည်။
“ရည်ရွယ်ချက်တူတဲ့သူတွေ လက်ချင်းချိတ်ပြီဆိုရင် ကြီးမားတဲ့ရလဒ်တွေ ထွက်လာမှာပါ။ ဒါကို ကျွန်တော့် နှလုံသားထဲက ယုံကြည်ပါတယ်” ဟု ဘုန်းတော်ကြီးက ပြောကြားခဲ့သည်။
Ref: IINA
Comments