ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇
M-Media
– မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူ၊ အမေကွဲ အစ်ကို ကင်ဂျုံနမ် သေဆုံးမှုတွင် ပါဝင်သည်ဟု သံသယရှိသူ လူ ၄ ဦးမှာ မြောက်ကိုရီးယား သူလျှိုများဖြစ်သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးက ပါလီမန်၌ ယနေ့တွင် ပြောကြားလိုက်သည်။
ကင်ဂျုံနမ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင် လုပ်ကြံခံခဲ့ရပြီး မလေးရှား ရဲတပ်ဖွဲ့က ဓာတ်တုအဆိပ်ဖြင့် လုပ်ကြံခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင် ဗီယက်နမ်နှင့် အင်ဒိုနီးရှား အမျိုးသမီးနှစ်ဦးကို ထိုကိစ္စအတွက် ဖမ်းဆီးထားပြီး၊ အခင်းဖြစ်ပွားသည့်နေ့တွင် မြောက်ကိုရီးယားသို့ ပြန်သွားသည့် လူ ၄ ဦး၊ ကွာလာလာမ်ပူရှိ မြောက်ကိုရီးယားသံရုံးမှ သံအရာရှိတစ်ဦး၊ မြောက်ကိုရီးယား လေကြောင်းလိုင်းမှ တစ်ဦးတို့ကို သံသယရှိသူအဖြစ် ကြေငြာခဲ့သည်။
ယနေ့တွင်ပြုလုပ်ခဲ့သည့် သီးသန့် အစီရင်ခံမှုအတွင်း မြောက်ကိုရီးယား အမျိုးသား ထောက်လှမ်းရေး အေဂျင်စီက မလေးရှား၏ သံသယရှိသူများတွင် ၄ ဦးမှာ မြောက်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ဖြစ်သော လုံခြုံရေးဝန်ကြီးဌာနမှ သူလျှိုများဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း လွှတ်တော်အမတ်များက ဆိုသည်။
အခြား ၂ ဦးမှာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖြစ်သည်ဟုလည်း ထို အစီရင်ခံမှုကို တက်ရောက်နားထောင်ခဲ့သည့် နိုင်ငံရေးသမားများထဲမှ တစ်ဦးဖြစ်သူ လီ ချီအိုလ် ၀ူး က ပြောကြားခဲ့သည်။ အခြား အမတ်တစ်ဦးဖြစ်သူ ဘေယွန်ကီက ကင်ဂျုံအန်မှာ ၎င်း၏အစ်ကိုကို သတ်ဖြတ်ရန် တိုက်ရိုက်ညွှန်ကြားခဲ့ပြီး ထိုလုပ်ရပ်မှာ နိုင်ငံတော်က စီစဉ်သည့် အကြမ်းဖက်မှုဖြစ်သည်ဟု ကင်ပွန်းတပ်ခဲ့သည်။
သို့သော်လည်း ထိုသတင်းအချက်အလက်များ မည်ကဲ့သို့ ရရှိသည်ဆိုသည်နှင့် ပါဝင်သူများမှာ မည်သည့် အခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုသည်ကို ပြောကြားခဲ့ခြင်း မရှိပေ။ မလေးရှားမှာ ထိုလုပ်ကြံသတ်ဖြတ်မှုအတွက် မြောက်ကိုရီးယားနိုင်ငံသားများကို သံသယရှိသူများအဖြစ် ကြေငြာထားသော်လည်း မြောက်ကိုရီးယားအစိုးရ ပါဝင်ပတ်သက်ကြောင်း ပြောကြားခြင်းမရှိသေးပေ။
Ref : Aljazeera
Comments