ဧပြီ ၇၊ ၂၀၁၇
M-Media
– မာလာဆိုတဲ့ အမျိုးသမီးဟာ ၂၀၁၂-ခုနှစ် အောက်တိုဘာတုန်းက သူမအိမ်ကို ဘယ်လိုဖျက်ဆီးခံလိုက်ရတယ်ဆိုတာ ပြန်ပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒီ အဖြစ်သနစ်ကို ရည်ညွန်းပြောလိုက်ယုံလေးနဲ့ သူမရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ တထွေထွေ စီးကျနေပါတယ်။ ဒါ့အပြင်၊ သူမမှာလည်း နှလုံးရောဂါကို ခံစားနေရပြီး ဆရာဝန်က အတိတ်က မကောင်းတဲ့ အကြောင်းတွေကို ပြန်မစဉ်းစားဖို့ အကြံပေးထားပါတယ်။ အဲဒီလမှာ ဗုဒ္ဓဘာသာ ရခိုင်တွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အကြား ၀ါဒစွဲ အကြမ်းဖက်တိုက်ခိုက်မှု့တွေ အဆက်မပြတ် ဖြစ်ပွားခဲ့ပါတယ်။ ကမန်လူမျိုးစုတွေဟာလည်း ရခိုင်ပြည်နယ် ထဲက မြို့နယ်တော်တော်များများမှာ ဖယ်ရှားရှင်းလင်းခြင်းကို ခံလိုက်ရပါတယ်။ မွတ်စလင်တွေဟာ ပြင်းထန်တဲ့ အကြမ်းဖက်မှုကို ခံလိုက်ရတာပါ။
အဲဒီအချိန်ကတည်းက၊ ဒီ ငါးဆယ့် နှစ်နှစ် အရွယ် ကလေးငါးယောက်မိခင်ဟာ တောင်ပေါ် ဒုက္ခသည်စခန်းက စုတ်ပြတ် သတ်နေတဲ့ တဲအိမ်ကလေးမှာပဲ နေထိုင်လာခဲ့ရပါတယ်။ မြေပုံမြို့အစွန်နားက ဒီဒုက္ခသည်စခန်းမှာ မွတ်စလင် ၂၉၁၆ ယောက်ဟာ အဲဒီနေရာမှာပဲ ပိတ်လှောင်ထားခြင်းကို ခံနေရပါတယ်။ မြေပုံမြို့လေးဟာ သေးငယ်ပြီး အထီးကျန်လှတဲ့ မြို့တစ်မြို့ ဖြစ်သလို အဲဒီနေရာမှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တို့အကြား ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်လာခဲ့ကြတာဟာ မျိုးဆက်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးအများစုကို တရားဝင်နိုင်ငံသားအဖြစ် အသိမှတ်ပြုခဲ့ခြင်း မရှိခဲ့ပေမဲ့ မာလာကတော့ မကြာသေးခင်နှစ်များအတွင်းကပဲ နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားရခဲ့တဲ့ လူအနည်းစုထဲက တစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာတုန်းက သူမရဲ့မြို့နယ်မှာ ရှေ့ပြေးစမ်းသပ်တဲ့ အနေနဲ့၊ သူမကို ပန်း ရောင် ကဒ်ပြား ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ စာရွက်စာတမ်း အထောက်အထားတွေအရ သူမဟာ တင်းပြည့် နိုင်ငံသားတစ်ယောက် ဖြစ်တာကို ပြသနေပါတယ်။
ရိုဟင်ဂျာတွေဟာ တိုင်းပြည်က ဗုဒ္ဓဘာသာ လူများစု အားလုံးနီးပါးလောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။ ၁၉၇၀ ခုနှစ် ကျော်ကျော်လောက်ကတည်းက သူတို့ကို အစိုးရက နှိပ်ကွပ်လာခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ ၁၉၈၀ ခု နှစ် နှောင်းပိုင်းတုန်းက တိုင်းပြည်က အသိမှတ်ပြုလိုက်တဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာလည်း မပါဝင်ခဲ့ပါဘူး။ ယင်းအစား သူတို့ကိုတောင် ဘင်္ဂလီတွေ လို့ နံမည်တပ်တာကို ခံနေရပါတယ်။ သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဖြတ်ကျော် ၀င်ရောက်လာကြ သူများလို့ သွယ်ဝိုက်ပြောဆိုတဲ့ အမည်ဖြစ်ပါတယ်။
နိုင်ငံသားဆိုပြီး ဦးစားပေး မှတ်ကျောက်တင်ခံရမဲ့သူတွေဟာ တိုင်းရင်းသားများအနက် တစ်ခုခုနဲ့ သက်ဆိုင်ရမယ်ဆိုတဲ့ အငြင်းပွား စရာ နိုင်ငံသားဖြစ်မှု့ ဥပဒေကို ၁၉၈၂-ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ ဒါဟာ ရိုဟင်ဂျာအများစုကို နိုင်ငံမဲ့အဖြစ် ဖြစ်သွားစေမယ့် တစ်ခုတည်းသော အကြောင်းအရာ မဟုတ်ပါဘူး။
“၁၉၈၂ နိုင်ငံသားဥပဒေဟာ နောက်ပြန်သွားပြီး အခြေအနေဆိုးရွားသွားပေမယ့်၊ သဘောတရားအရတော့ ဘယ်အုပ်စုကိုမှ နိုင်ငံမဲ့ မဖြစ်စေပါဘူး” လို့ Australian National University က၊ မြန်မာ့ တရားဥပဒေစိုးမိုးရေး ကျွမ်းကျင်ပညာရှင် Nick Cheesman က ပြောပါတယ်။ “တကယ်တော့ အရင်က နိုင်ငံသားအဖြစ် သတ်မျတ်ပြီသားလူတွေကို ဘယ်လူမျိုး၊ ဘယ်ဘာသာဖြစ်ဖြစ် ဆက်လက်ပြီး နိုင်ငံသားအဖြစ် ဥပဒေက အသိအမှတ်ပြုထားပါတယ်။ ၁၉၈၀ တ၀ိုက်နဲ့ ၁၉၉၀ အစောပိုင်းနှစ်တွေမှာ အစိုးရက ပြန်လည်စီစစ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်တဲ့အခါ ကဒ်အဟောင်းတွေကို သိမ်းပြီး ကဒ်အသစ်တွေကို ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်တွေကိုတော့ ဥပဒေအရ ထုတ်ပေးဖို့ အကျုံးဝင်နေပေမယ့် ကဒ်အသစ်တွေကို မထုတ်ပေးခဲ့ပါဘူး”
“ လက်ရှိ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာက အသိမှတ်ပြုခံထားရတဲ့ တိုင်းရင်းသားတွေဟာ နိုင်ငံသားတွေထက် ကို ဥပ ဒေအရရော၊ နိုင်ငံရေးသဘောတရားပိုင်းဆိုင်ရာအရပါ အသာစီးရယူထားကြပါတယ်။ အရင်တုန်းက နိုင်ငံသားရထားပြီး သား သူတွေဖြစ်တဲ့ တိုင်းရင်းသားမဟုတ်တဲ့ သူတွေကို ၈၂-ခုနှစ်နိုင်ငံသား ဥပဒေနဲ့ အသိအမှတ်ပြုပေးရမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ တိုင်းရင်းသားဖြစ်မှ ရွှေအဆင့်တန်းလို့ သတ်မှတ်ထားပါတယ်လို့” သူက ထပ်ပြောပါတယ်။
မာလာဟာ သူ့ယောက်င်္ကျားနဲ့ သူ့ကလေး ငါးယောက်တို့နဲ့အတူ ခနော်နီခနော်နဲ့ တဲလေးထဲမှာ ထိုင်ရင်း သူမ ဘယ်လို နိုင်ငံသားကဒ် ရခဲ့သလဲဆိုတာ Southeast Asia Globe ကို ရှင်းပြခဲ့ပါတယ်။“ကျွန်မတို့က ကိုယ့်ဖာသာကိုယ် ရိုဟင်ဂျာ လို့ ပြောလိုက်တော့၊ အစိုးရက ကျွန်မတို့ကို ဒီအမည်သုံးဖို့ ခွင့်မပြုပေးခဲ့ပါဘူး။ နိုင်ငံသား လုပ်ငန်းစဉ်မှာ (၂၀၁၄-ခုနှစ် ရှေ့ပြေးစီမံကိန်းအရ) တာဝန်ရှိတဲ့သူတွေက မှတ်ပုံတင်မှာ ဘင်္ဂါလီ အနေနဲ့ယူရင် နိုင်ငံသားရပြီး အခွင့်ရေးများလည်း ပိုရလာမှာ ဖြစ်ကြောင်း ပြောပြကြတယ်” လို့ သူမက ဆိုပါတယ်။
တိုင်းရင်းသား ၁၃၅-မျိုးထဲမှာပါတဲ့ ရခိုင်ပြည်နယ်ထဲက မွတ်စလင်အုပ်စု တစ်စုဖြစ်တဲ့ ကမန်တစ်ချို့ကိုလည်း ဘင်္ဂါလီဆိုပြီး မှတ်ပုံတင်တွေ ထုတ်ပေးခဲ့ပါတယ်။ တောင်ပေါ် ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ အသက်လေးဆယ့်ငါးနှစ်အရွယ် ကလေးသုံးယောက်ဖခင် မောင်ဇော်က သူ့ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က ထုတ်ပေးခဲ့တဲ့ ပန်းရောင်ကဒ်ပြား ကို ထုတ်ပြ ခဲ့ပါတယ်။ ကဒ်ပြားပေါ်မှာ သူ့ကို ဘင်္ဂါလီလို့ ရေးထားပြီး သူ့မိဘနှစ်ပါးစလုံးကို ထုတ်ပေးတဲ့ စာအုပ်ပေါ်မှာကျတော့ ကမန် လို့ ရေးထားတာကိုလည်း သူက ဝေခွဲမရဖြစ်နေစွာနဲ့ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
တောင်ပေါ်ဒုက္ခသည်စခန်းက နောက်ထပ် တဲအိမ်ငယ်လေးထဲမှာတော့ ဂူလ်ဘန်ရဲ့ ပါးရေနားရေ အတွန့်ကြောင်းတွေနဲ့ ယူကြုံးမရဖြစ်နေတဲ့ ပြောပုံဆိုပုံတွေကိုက ဘ၀မှာ တော်တော်လေးကို ဒုက္ခရောက်ခဲ့တယ်ဆိုတာ သိသာနေပါတယ်။ အဲဒါ ကြောင့်လည်း သူမကိုကြည့်ရင် သူမ အသက် ငါးဆယ့်သုံးနှစ်ထက် သူမရဲ့ ရုပ်သွင်က ပိုမို အိုစာနေတဲ့ပုံ ပေါက်နေပါ တယ်။ သူမ ဗမာစကား မပြောတတ်ပါဘူး။ ရိုဟင်ဂျာ ဘာသာစကားပဲ ပြောတတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင် ပြည်နယ်မှာ သူမရဲ့ မိသားစုတွေဟာ အနည်းဆုံး မျိုးဆက်သုံးဆက်အထက် နေလာခဲ့တဲ့ စာရွက်စာတမ်း အထောက်ထားတွေကို သူမ သေခြာစွာ သိမ်းဆည်းထားပါတယ်။ ပိုင်းလော့ ရှေ့ပြေးစီမံကိန်း သူမတို့ရွာကို လာစဉ်အခါတုန်းက သူမ အဲဒါ တွေကို လွယ်လွယ်ကူကူ ထုတ်ပြနိုင်ခဲ့ပါတယ်။ အခုတော့ သူမ အနဲဆုံး စာရွက်စာတမ်းတွေအရ မြန်မာနိုင်ငံသား ဖြစ်လို့ နေပါပြီ။
“ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ကျမ ငယ်ငယ်လေးထဲက ကျမ မိဘတွေဆီကနေ ကြားလာခဲ့ရတာပါ၊ ဒါပေမဲ့ လ၀က ဌာန ကတော့ ဒါကို လက်မခံနိုင်ပါဘူး။ သူတို့ ကျမကို လာစစ်တာနဲ့ အဲဒီ စကားလုံးကို သူတို့ ရုံးမှာ တစ်ကြိမ်ပဲ ထွက်ပြရသေး တယ်၊ ကျမကို ထွက်သွားဖို့ မောင်းထုတ်တော့တာပါပဲ။ ဘင်္ဂါလီဆိုတာ ဘင်္ဂလားဒေ့ရှ်က လာတဲ့သူတွေလို့ ပြောတာ၊ ကျွန် မ မြန်မာပြည်ထဲက လာတာပဲ၊ ကျမကို မြန်မာနိုင်ငံသားနဲ့ နိုင်ငံသားအခွင့်ရေးတွေ ပေးမယ်ဆိုရင် ကျမလက်ခံဖို့ အသင့်ပဲ” လို့ သူမက ရှင်းပြခဲ့ပါတယ်။
“ကျမ နိုင်ငံသားဖြစ်သွားပြီးတဲ့နောက်ပိုင်းလည်း ဘာမှ ပြောင်းလဲမလာခဲ့ပါဘူး” လို့ ဂူလ်ဘန်က ပြောပါတယ်။ နိုင်ငံသားဖြစ်ဖြစ်၊ မဖြစ်ဖြစ် ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေအားလုံးအပေါ်မှာ သွားလာခွင့်တွေ အတူတူ ကန့်သတ်ထားပါတယ်။ ကျောင်းတက်ခွင့်လိုမျိုး၊ ကျန်းမာရေးစောင့်ရှောက်ခွင့်လိုမျိုး မရနိုင်တဲ့ တူညီတဲ့အခက်ခဲတွေနဲ့ အတူ မျှော်လင့်ချက်ကင်းမဲ့နေပုံတွေကလည်း အားလုံး အတူတူပဲ ဖြစ်ပါတယ်။
၂၀၁၄-ခုနှစ်တုန်းက နိုင်ငံသားစီစစ်ရေး ရှေ့ပြေးစီမံကိန်းမှာ ပါဝင်ခဲ့တဲ့ မြေပုံမြို့နယ်က အုပ်ချုပ်ရေးမှူး ဦးတင်ရွှေကတော့ အခုလို ပြောပါတယ်။ “ရိုဟင်ဂျာအမည်ကို ဘယ်သူမှမသုံးဘူးဆိုရင် ကျွန်တော်တို့ကတော့ မွတ်စလင်တွေ အားလုံးနီးပါးလောက်ကို နိုင်ငံသားပေးဖို့ အဆင်သင့်ပဲလေ၊ ဒီမှာတော့ ဒီအမည်ကို ဘယ်သူမှ မသုံးကြပါဘူး။ ကျနော်တို့ လူ ၉၇ လောက်ကို အခုထိ နိုင်ကဒ်တွေ (တင်းပြည့်နိုင်ငံသား) ထုတ်ပေးခဲ့ပြီး သူတို့ထဲက လူပေါင်း ၉၆၉ ယောက် လောက်ကိုလည်း နိုင်ပြုကဒ်တွေ ထုတ်ပေးပြီးပါပြီ။”
“၈၂-ခုနှစ် ဥပဒေအတိုင်းပဲ သူတို့ကို ကျနော်တို့က နိုင်ငံသားကဒ်တွေ စီစစ်ပြီးထုတ်ပေးနေတာပါ၊ ဒါတောင် သူတို့တွေဟာ မွေးရာပါ နိုင်ငံသားတွေ မဟုတ်ဘူး”လို့ သူက ထပ်ပြောပါတယ်။ မွေးရာပါ နိုင်ငံသားကို ဘယ်လိုခွဲလဲဆိုတာ မေးတဲ့အခါ “တိုင်းရင်းသားတွေထဲမှာ သူတို့ မပါပါဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။
“သူတို့ ကြိုက်တဲ့ နေရာကို သွားလို့ ရတယ်၊ စစ်တွေကို သွားမလား၊ ဒါမှမဟုတ် အဲဒီကနေ ရန်ကုန်ကို သွားမလား ဆိုတာ ပေါ့၊ ဒါပေမဲ့ သူတို့ရန်ကုန်ကို သွားဖို့ဆိုရင်တော့ လ၀က အာဏာပိုင်တွေကိုတော့ အသိပေး အကြောင်းကြားဖို့ လိုလိမ့် မယ်ဗျ ”လို့ ရှင်းပြတယ်။ ဒါပေမဲ့ ဂျာနယ်တွေက မွတ်စလင်တွေ တော်တော်များများနဲ့ အင်တာဗျူးကြည့်တဲ့အခါ သူတို့က ခရီးသွားပါမစ် ရဖို့ဆိုတာ အင်မတန်မှ ခက်ခဲတဲ့အကြောင်းနဲ့ ရဲတွေကို မတန်တဆ လာဘ်ငွေပေးရတဲ့ အကြောင်းတွေကို အခိုင်အမာ ပြောပြကြပါတယ်။
ဂူလ်ဘန်ကတော့ မြေပုံကနေ ဘယ်မှမသွားချင်ဘူးလို့ ဆိုပါတယ်။ “ကျမ ဆင်းရဲတယ်လေ။ ဘယ်နေရာကိုမှလည်း မသွားချင်ဘူး၊ ဒါပေမဲ့ ဒီ ဒုက္ခသည်စခန်းထဲမှာပဲ လှောင်ပိတ်ခံထားရပြီးလည်း မနေချင်ဘူး။.”
သို့ပေမဲ့ မာလာဟာ သူ့ကလေးတွေအတွက်တော့ စိုးရိမ်နေပါတယ်။ “သူတို့ ဒီမှာ မူလတန်း အလယ်တန်းလောက်ပဲ ပညာ သင်လို့ ရပါတယ်။ သူတို့ အနာဂတ်အတွက် ကျမ အတော်လေးကို စိတ်ပူတယ်၊ သူတို့ ပညာလည်း ကောင်းကောင်း သင် လို့ မရဘူး၊ ဒီကနေ သူတို့ မထွက်ရင်တော့ သူတို့ တိုးတက်တော့မှာ မဟုတ်ဘူး”
ပြည်မကလာတဲ့ ဗမာလူမျိုးတစ်ယောက်ဖြစ်တဲ့ ဦးတင်ရွှေကတော့ မွတ်စလင်တွေကို ခရီးသွားခွင့်မရအောင် လုပ်ထားတဲ့ ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်တွေကို အပစ်တင်ပါတယ်။ “နိုင်ငံသား စစ်ဆေးရေးလုပ်ငန်းတွေ လုပ်တာနဲ့ ဒေသခံတိုင်းရင်း သားတွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှု့တွေနဲ့ ကြုံတော့တာပဲ။ ကျနော် ဥပဒေမှာ ဘယ်လိုပါရှိလဲဆိုတာ သူတို့ကို ရှင်း ပြတယ်။ ဒါပေမယ့် ဒီအသိုင်းအ၀ိုင်းနှစ်ခုကြားမှာ အစိုးရက ကြာားညပ်နေတာက ပြဿနာပဲဗျ။ (ရခိုင်) ဒေသခံတွေက သူတို့ကို (ရိုဟင်ဂျာတွေ) ကို ဆေးရုံလည်း တက်ခွင့်မပေးဖူး၊ ဒါကြောင့် ကျနော်တို့က ဆရာဝန်တွေကို စခန်းကို လွှတ်လွှတ်နေရတယ်။ အစိုးရဆရာဝန်တွေရော၊ အန်ဂျီအိုတွေမှာ အလုပ်လုပ်နေတဲ့ ဆရာဝန် ရော နှစ်မျိုးစလုံးပေါ့ဗျာ။”
မြေပုံမြို့နယ်က ရခိုင်လူမျိုးတွေကို အဓိက လှုံဆော်ပေးနေသူက ဒေါ်ခင်သိန်း ဖြစ်ပါတယ်။ သူမဟာ ရခိုင်အမျိုးသမီး ကွန် ယက် ရဲ့ ဒေသဆိုင်ရာ ဥက္ကဌလည်း ဖြစ်ပါတယ်။“ ကုလားတွေက ( အိန္ဒိယ လူမျိုးနွယ်တွေကို မြန်မာပြည်မှာ ရိုင်းရိုင်းစိုင်း စိုင်း နှိပ်ချပြီးခေါ်တဲ့စကား) ဒီနေရာနဲ့ ဘာမှ မဆိုင်ဘူးလေ။ အရင် စစ်အစိုးရ လက်ထက်တုန်းက သူတို့တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကနေ ခိုးဝင်လာခဲ့ပြီး တရားဝင်နေထိုင်ခွင့်တွေ စာရွက်စာတမ်း အထောက်ထားတွေ ရရှိဖို့အတွက် သက်ဆိုင် ရာ အာဏာပိုင်တွေကို လာဘ်ထိုးခဲ့ကြတယ်လေ။ ဘာလို့လဲ ဆိုတော့ သူတို့မှာ ပိုက်ဆံအများကြီး ပါလာကြတယ်လေ။ ဒါ ကြောင့်မို့လို့ ကျမတို့ကို သူတို့တွေကို လက်မခံနိုင်လို့ ဆန္ဒပြနေကြတာ” လို့ သူမက မြေပုံမြို့လယ်ခေါင်မှာ ဖွင့်ထားတဲ့ သူမ ကိုယ်ပိုင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဆိုင်မှာ ရှင်းပြပါတယ်။
သူမက အဲဒီ ဘင်္ဂလားဒေ့ရှ်ကနေ လာတဲ့သူတွေဟာ မြန်မာနိုင်ငံမှာ ဆက်လက်ပြီး နေလို့ရအောင် ကြိုးစားနေကြတယ်လို့ အပိုင်ပြောနေပါတယ်။ ဒါတောင်မှ ရခိုင်မှာရှိတဲ့ မွတ်စလင်တွေရဲ့ အခြေနေတွေဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းကတည်းက ပိုပိုဆိုးလာနေတာပဲ ရှိပါတယ်။ အဲလို စွပ်စွဲရလောက်အောင် အထောက်ထားရှိသလား မေးတဲ့အခါ၊ သူမပြန်ဖြေတဲ့ အဖြေ ဟာ တိုင်းပြည်မှာ လူမျိုးရေး ပဋိပက္ခတွေကို မီးတောက်ကြီးအောင် အရှိန်ကောင်းကောင်းနဲ့ မီးမြိုက်ပေးခဲ့တဲ့ လေသံအ တိုင်း – ကျမမှာ ခိုင်လုံတဲ့ သက်သေတော့ မပြနိုင်ဖူးပေါ့လေ၊ ဒါပေမဲ့ ဟိုစကား ဒီစကား ဈေးစကားအနေနဲ့ ဒီအတိုင်းတော့ ကြားလာခဲ့ရတာပဲ။
သက်တော် ၆၀ ရှိတဲ့ ဒေသခံ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဖျာဘောဂက အစ္စလာမ်နဲ့ ပတ်သတ်ပြီး ဒီလိုအမြင်ကိုပဲ ပြောပါတယ်။ “သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်၊ ဟိုးအရင်တုန်းက အင်ဒိုတို့၊ အာဖဂန်တို့က ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြတာပေါ့၊ ဒါပေမဲ့ သူတို့က မွတ်စလင်တွေ ဖြစ်သွားကြတယ်။ သူတို့က သူတို့ ဘာသာထဲကို သွတ်သွင်းဖို့ အတင်းအကြပ် ကြိုးစားကြတယ်။ ဒါကြောင့် ဒီခြိမ်းခြောက်မှုရန်ကနေပြီး ဘုန်းဘုန်းတို့ ကာကွယ်ဖို့ လိုအပ်တယ်လေ” သူဟောသမျှစကားတွေကို အသေခြာစိုက်ပြီး နားထောင်နေကြတဲ့ ခန်းလုံးပြည့် ကိုရင်ငယ်လေးတွေနဲ့ လူငယ်လေးတွေ ရှေ့မှာ ထိုင်ပြီး သူက ဒီလိုမျိုး ဟောကြားနေတာပါ။
ဒီဘုန်းတော်ကြီးရဲ့ တရားတွေဟာ မကြာသေးခင်ကမှ အသစ်ပေါ်လာခဲ့တဲ့ မြန်မာပြည်က ဗုဒ္ဓဘာသာ အစွန်းရောက် အဖွဲ့စည်းတွေဖြစ်တဲ့ မဘသနဲ့ ၉၆၉တို့လို စကားသံတွေနဲ့ တလေသံထဲလိုလို ဖြစ်နေပါတယ်။
“တို့တွေရဲ့ အကြီးဆုံးရန်သူကတော့ မြန်မာအစိုးရပဲ။ ရခိုင်တပ်မတော် AA ကို ကျမတော့ ထောက်ခံတယ်။ အဖရခိုင်ပြည်ကြီး လွတ်လပ်ရေး ရတာကို လိုချင်တယ်” လို့ ဒေါ်ခင်သိန်းက ပြောပါတယ်။
ဒါပေမဲ့ ခင်သိန်းတို့လို ရခိုင်အစွန်းရောက်တွေနဲ့ တင်ရွှေတို့လို အစိုးရအရာရှိတွေကြား အတော်လေးကို ကွဲပြားနေပေမဲ့၊ သူတို့ အားလုံး တလေသံတည်း သဘောတူထားကြတာကတော့ ရိုဟင်ဂျာတွေဟာ မွေးရာပါ မြန်မာနိုင်ငံသားတွေ မဟုတ် ကြဘူးဆိုတာပါဘဲ။ ရခိုင်ဒေသကို ကပ်ဆိုးကြီးဆိုက်ရောက်နေတဲ့ လူမျိုးရေးပဋိပက္ခတွေကို ဖြေရှင်းဖို့ သူတို့အားလုံးက တစ်ညီတည်း ဆေးနည်းပေးကြပါတယ်။ အဲဒါကတော့- အချိန်ပဲဖြစပါတယ်။
“အခုအချိန်မှာ အတူတကွ နေထိုင်လို့မရဘူးဗျ။ ဒါပေမယ့် ၅ နှစ် ၁၀ နှစ်အတွင်းလောက်မှာ ဖြစ်နိုင်မှာပေါ့ဗျာ” လို့ ဘုန်းတော်ကြီး ဖျာဘောဂက မိန့်ကြားခ့ပါတယ်။
ဒါကလွဲလို့ ၂၀၁၂ ခုနှစ်မတိုင်ခင်က ရှိခဲ့တဲ့ အတူယှဉ်တွဲနေထိုင်မှုမျိုး ပြန်လည်တည်ဆောက်ရေး ခိုင်မာတဲ့ မဟာဗျူာမျိုကိုတော့ ဘယ်သူမှ အကြံပြုနိုင်ပုံ မရပါဘူး။
တောင်ပေါ်ဒုက္ခသည်စခန်းမှာ ၅ နှစ်လောက် ပိတ်လှောင်ခံထးရပြီး နိုင်ငံသားဖြစ်ခြင်းကလည်း အခြေအနေမထူးတဲ့ အချိန်တွေကုန်ဆုံးခြင်းကလည်း စိတ်ပျက်အားငယ်ခြင်းကိုသာ ဖြစ်စေပါတယ်။ စခန်းထဲမှာ ပိတ်မိနေသူတွေရဲ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက ပြည်သူတော်တော်များများ ယုံကြည်ထားတာထက် ပိုပြီး ရိုးရှင်းနေပါတယ်။
“လူ့အခွင့်အရေးဆိုတာဘာလဲ ကျွန်မ မသိပါဘူး။ ကျွန်မသိတာက စားပွဲပေါ်မှာ စားစရာရှိချင်တယ်။ လွတ်လပ်စွာ သွားလာချင်တယ်၊ ကျွန်မကလေးတွေရဲ့ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ ကျွန်မရဲ့ မိသားစု ကြောက်ရွံ့မှုကင်းစွာနဲ့ နေထိုင်ရေးပါပဲ” လို့ ဂူလ်ဘန်က ပြောကြားခဲ့ပါတယ်။
(South East Asia Globe တွင် ဖော်ပြထားသည့် Forever lost: meet the Rohingya who sacrificed their identity for Myanmar citizenship ဆောင်းပါးကို ရဲမင်းဒင် ဘာသာပြန်သည်)
Comments