ဧပြီ ၁၉၊ ၂၀၁၇
M-Media
– ၁၉၉၂ ခုနှစ်က အူတာပရာဒက်ရှ်ပြည်နယ် အယုဒ္ဓယရှိမြို့ရှိ ဘာဘရီ ဗလီဝတ်ကျောင်းတော်ကို ဟိန္ဒူအစွန်းရောက်များက ဖြိုချဖျက်ဆီးမှုနှင့်ပတ်သက်၍ ပူးပေါင်းကြံစည်မှုအတွက် လက်ရှိ အာဏာရ BJP ပါတီကို ပူးတွဲတည်ထောင်ခဲ့သူ အလ်ကေ အဒ်ဗာနီနှင့် အခြားသော ပါတီခေါင်းဆောင်များ စစ်ဆေးခံရမည်ဟု အိန္ဒိယ တရားရုံးချုပ်က အမိန့်ထုတ်ပြန်လိုက်သည်။
၁၆ ရာစုနှစ်က ဆောက်လုပ်ခဲ့သည့် အဆိုပါ ဘာဘရီ ဗလီဝတ်ကျောင်းတော်ကို ဟိန္ဒူအစွန်းရောက်များက ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့တွင် ဖြိုချဖျက်ဆီးခဲ့ပြီး၊ လူပေါင်း ၂၀၀၀ ကျော် သေဆုံးသည့် အဓိကရုဏ်းအဖြစ် ဦးတည်ခဲ့သည်။
အသက် ၈၉ နှစ်အရွယ် အဒ်ဗာနီမှာ အဆိုပါ ဗလီဝတ်ကျောင်းတော် ဖြိုချရေး လှုံ့ဆော်သည့်စကားများ ပြောဆိုသည့်အတွက် မူရ်လီ မာနိုဟာရ် ဂျိုရှီ၊ အူမာ ဘဟာရ်တီတို့နှင့်အတူ ယခင်က တရားစွဲဆို ခံခဲ့ရသည်။
၎င်းတို့နှင့်ပတ်သက်၍ အိန္ဒိယ ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CBI) က တင်ထားသည့် စွဲချက်များကို အောက်ခြေတရားရုံးတစ်ခုက ပယ်ချခဲ့ပြီးနောက် တရားရုံးချုပ်က ယနေ့တွင် ယခုကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“အချို့သော အခြေအနေတွေအတွက် အေလာအာဘဒ်တရားရုံးက ဆုံးဖြတ်မှုအပေါ် CBI ရဲ့ အယူခံကို ကျွန်တော်တို့ ခွင့်ပြုပါတယ်” ဟု တရားရုံးချုပ်၏ ပြောကြားမှုကို ကိုးကား၍ Press Trust of India သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့ပြင် အဆိုပါခေါင်းဆောင်များမှာ ပူးပေါင်းကြံစည်မှုအတွက် ပိုမိုပြင်းထန်သည့် စွဲချက်များကို ရင်ဆိုင်ရမည်ဖြစ်ပြီး၊ ဗလီဖြိုချမှုကိစ္စနှင့်ပတ်သက်၍ လက်ခနောင်မြို့တွင် အထူးခုံရုံးတစ်ခုဖွဲ့ကာ စစ်ဆေးမည်ဟု တရားလိုရှေ့နေ ဇက်ဖာရ်ယဘ် ဂျီလာနီက ပြောကြားခဲ့သည်။
၂ နှစ်အတွင်း အမိန့်ချမှတ်နိုင်ရန်အတွက် ကြားနာမှုများကို နေ့စဉ် ပြုလုပ်သွားရန်လည်း တရားရုံးချုပ်က အမိန့်ပေးခဲ့သည်။
“ဒီကိစ္စမှာ မျက်မြင်သက်သေတွေ အများကြီးရှိတယ်။ အပြစ်ရှိသူတွေကို အပြစ်ပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဂျီလာနီကဆိုသည်။
အခင်းဖြစ်ပွားသည့်အချိန်က အူတာဘရာဒက်ရှ်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည့် BJP နိုင်ငံရေးသမား ကလ်ယန် ဆင်းမှာလည်း ပူးပေါင်းကြံစည်မှုစွဲချက်ကို ရင်ဆိုင်ရမည်ဟု တရားရုံးချုပ်က ဆုံးဖြတ်ခဲ့သည်။
ဘာဘရီဗလီဝတ်ကျောင်းတော် ဖြိုချဖျက်ဆီးခံရသည့်ကိစ္စမှာ အိန္ဒိယတွင် ဆယ်စုနှစ်ပေါင်းများစွာ ဘာသာရေးတင်းမာမှု၏ အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့သည်။
အချို့သောဟိန္ဒူများက အဆိုပါဗလီဝတ်ကျောင်းတော်နေရာတွင် ယခင်က ရာမနတ်ဘုရား၏ ဘုရားကျောင်း ရှိခဲ့သည်ဟုဆိုပြီး ထိုနေရာတွင် ဘုရားကျောင်း ပြန်လည်တည်ဆောက်ချင်နေသည်။ မွတ်စလင်များကမူ ဗလီဝတ်ကျောင်းတော်အသစ်တစ်လုံး လိုချင်နေသည်။
အိန္ဒိယ ဒုတိယ၀န်ကြီးချုပ်ဟောင်း ဖြစ်သည့် အဒ်ဗာနီမှာ ယခုနှစ်နှောင်းပိုင်းတွင် လစ်လပ်တော့မည့် သမ္မတနေရာတွင် တာဝန်ယူရမည်သူအဖြစ် လူသိများသူလည်း ဖြစ်သည်။
တရားရုံးချုပ်၏ ယနေ့ဆုံးဖြတ်ချက်အတွက် BJP ပါတီက မည်သည့်မှတ်ချက်မှ မပေးသေးဘဲ အတိုက်အခံ ကွန်ဂရက်ပါတီကမူ အဒ်ဗာနီ၊ ဘဟာရ်တီနှင့် ဂျိုရှီတို့ တရားစွဲဆိုမှု မခံရစေရန်အတွက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
Ref: Aljazeera
Comments