ဧပြီ ၂၈၊ ၂၀၁၇
M-Media
– ပြီးခဲ့တဲ့နှစ်က ကျွန်တော်ဟာ မွတ်စလင်တို့ရဲ့ ရမ်ဇာန်ဥပုလ်လအပြီး ကျင်းပတဲ့ အီဒွလ် ဖိသီရ် ၀ါကျွတ်အီးဒ်နေ့ကို မှီဖို့အတွက် နင်ရှာပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ပြည်နယ်ရဲ့ အကြီးဆုံး ဗလီဝတ်ကျောင်းတော်တွေထဲက တစ်ခုမှာ ၀ါကျွတ်အီးဒ်အထိမ်းအမှတ် မွတ်စလင်ထောင်နဲ့ချီ ၀တ်ပြုနေတာကို ကျွန်တော့် ကြည့်ရှု
ခဲ့ပါတယ်။ ၀တ်ပြုဆုတောင်းပြီးနောက်မှာတော့ ဒီဒေသရဲ့ အိမ်တိုင်းအိမ်တိုင်းက မိသားစုတိုင်းဟာ သိုးသား၊ ဂျုံ၊ အမဲသားတွေနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်တွေနဲ့အတူ စားပွဲကြီး ကျင်းပကြတော့မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးေးဟာ ၂၃ သန်းနီးပါးလောက်ရှိပြီး အာရပ်နိုင်ငံတော်တော်များများထက် အစ္စလာမ်သာသနာဝင်အရေအတွက် ပိုမိုများပြားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုအစ္စလာမ်ဘာသာဝင် များပြားမှုရဲ့ ရလဒ်တစ်ခုကတော့ တရုတ်ဟင်းလျာတွေမှာ အမယ်သစ်တွေ ပေါ်
ထွက်လာတာပဲ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက ဘယ်နေရာမှာမဆို ဟာလာလ်စံချိန်စံညွှန်းမီတဲ့ စားသောက်ဆိုင်တွေကို တွေ့နိုင်သလိုမျိုး တရုတ်နိုင်ငံမှာလည်း တွေ့မြင်နိုင်ပါတယ်။ ၀က်သားကို လုံးဝ ရှောင်ကျဉ်ကြပြီး ကျန်တဲ့အသားတွေကိုလည်း ဘာသာရေးသတ်မှတ်ချက်နဲ့အညီ လှီးဖြတ်ရယူထားကြပါတယ်။ တရုတ်နိုင်ငံမှာ မွတ်စလင်အများစုရှိတဲ့ မြောက်ပိုင်းဟာ ဂျုံထွက်ရာဒေသတစ်ခု ဖြစ်တာကြောင့် စားသောက်ဆိုင်တိုင်းမှာ ခေါက်ဆွဲနဲ့ နံပြားတွေကို အဓိကထားပြီး မုန့်တွေ လုပ်ကြပါတယ်။
အစ္စလာမ်ဘာသာဝင်အများစုရှိရာ မြို့တွေရဲ့ ညဈေးတွေမှာဆိုရင် ‘ချွမ်းအာ’ လို့ခေါ်တဲ့ ကဘတ်စ်တွေဟာ မပါမဖြစ် ဟင်းလျာတစ်ခုပါ။ ကဘတ်စ်တွေမှာ များသောအားဖြင့် ဇီရာစေ့တွေ ဖြူးထားလေ့ရှိပြီး ဇီရာဟာ ဒီဒေသက ကဘတ်စ်အတွက် အသုံးအများဆုံး ဟင်းခတ် အမွှေးအကြိုင်လည်း ဖြစ်ပါတယ်။ သိုးသားကတော့ လူ
ကြိုက်အများဆုံးဖြစ်ပြီး ကလီစာကနေ၊ ဦးနှောက်အထိ အစိတ်အပိုင်းအားလုံးကို ချက်ပြုတ်ကာ စားသောက်ကြပါတယ်။ တရုတ်မွတ်စလင်ဟင်းလျာတွေက အစပ်ဖက်ကို ယိမ်းပါတယ်။ အာလူး၊ ခရမ်းချဉ်သီးနဲ့ ငရုပ်ပွတွေဟာ ဟင်းလျာတိုင်းမှာ မပါမဖြစ် သီးနှံတွေပါပဲ။
တရုတ်နိုင်ငံမှာ အဓိက တရုတ်မွတ်စလင်လူမျိုးစု နှစ်ခုရှိပြီး ‘ဟွေ’ နဲ့ ‘၀ီဂါ’ တို့ ဖြစ်ပါတယ်။ ဒီလူမျိုးစုနှစ်ခုဟာ ဘာသာတူကြပေမယ့် ဟင်းလျာချက်ပြုတ်မှု၊ သုံးစွဲတဲ့ ပါဝင်ပစ္စည်းတွေကတော့ တော်တော်လေး ကွဲပါတယ်။
နင်ရှာပြည်နယ်မှာ အများစုနေထိုင်ပြီး ဂန်းဆူ၊ ကျင်းဟိုင်၊ ဇင်းကျန်းပြည်နယ်တွေနဲ့ တိဘက်မှာ ပြန်နှံ့နေကြတဲ့ ဟွေမွတ်စလင်တွေဟာ အမဲသားနဲ့ သိုးသားခေါက်ဆွဲတွေကို စွဲစွဲမြဲမြဲ စားသုံးမှုအတွက် လူသိများပါတယ်။ သန့်ရှင်းသပ်ရပ်မှုဟာ သူတို့ စားသောက်ဆိုင်တွေရဲ့ အမှတ်အသားလိုဖြစ်နေပြီး တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့၊ စီးကရက်၊ အရက်နဲ့ လောင်းကစားကို ရှောင်ရှားဖို့ဆိုတဲ့ ဘာသာတရားရဲ့ သွန်သင်ချက်က ပေါက်ဖွားလာတာလည်း ဖြစ်ပါတယ်။ လူမျိုးစုသက်တမ်း နှစ်ပေါင်း ၁၂၀၀ ရှိပြီဖြစ်တဲ့ ဟွေတွေဟာ တရုတ်နိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်ပြီး ပိုးလမ်းမကြီးမှာ အခြေချနေထိုင်ကြတဲ့ အာရပ်၊ ပါရှန်ကုန်သည်တွေရဲ့ အနွယ်တွေ ဖြစ်ပါတယ်။
နောက်ပိုင်းနှစ်တွေမှာ တရုတ်ရဲ့ အဓိက လူ့အဖွဲ့အစည်းထဲကို ကောင်းမွန်စွာ ၀င်ရောက် အသားကျသွားခဲ့ပြီး၊ သူတို့ရဲ့ အမှတ်သညာအတွက် ဘာသာတရားကို အဓိကထား သတ်မှတ်ခဲ့တာကြောင့် တရုတ်နိုင်ငံက တရားဝင်လူမျိုးစု ၅၆ စုမှာ ပါဝင်ခဲ့ပါတယ်။ ဟွေမွတ်စလင်တွေရဲ့ ဟင်းလျာကို ‘ကျင်းယန်’ လို့ခေါ်ပြီး ဘာသာပြန်ရင်တော့ ‘စစ်မှန်သည့် အမှန်တရား’ လို့ အဓိပ္ပါယ်ရပါတယ်။ ‘ကျင်း’ ဆိုတဲ့စကားလုံးဟာ ‘စိမ်းပြာရောင်’ လို့လည်း အဓိပ္ပါယ်ထွက်ပါတယ်။ ဟွေတို့ရဲ့ စားသောက်ဆိုင်တိုင်းမှာ ဒီစိမ်းပြာရောင်ကို အမှတ်လက္ခဏာတစ်ခုအဖြစ် အသုံးပြုကြပြီး၊ ဟာလာလ်အစားအသောက် ရရှိနိုင်တယ်ဆိုတဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဂန်းဆူပြည်နယ်မြို့တော် ‘လန်ကျိုး’ ကို အစွဲပြုမှည့်ခေါ်တဲ့ လန်ကျိုး အမဲသား ခေါက်ဆွဲပြုတ်ကို အဓိကထားရောင်းတဲ့ ဆိုင်ပိုင်ရှင်အများစုဟာလည်း ဟွေတွေပဲ ဖြစ်ပါတယ်။ မုန်လာဥ၀ါ၊ လန်ကျိုးမြို့ရဲ့ အပြင်ဘက် လယ်တောတွေထဲမှာ မွေးထားတဲ့ အမဲသား၊ လက်လုပ်ခေါက်ဆွဲတွေကို အရသာရှိရဲ့ ငရုပ်ဆီ၊ ငရုပ်
ကောင်းတွေနဲ့ ပေါင်းစပ်ချုက်ပြုတ်ထားတဲ့ ဒီ ခေါက်ဆွဲပြုတ်ဟာ လျှောပေါ်မှာ စွဲငြိသွားမယ့် အရသာမျိုးကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
၁၉၁၅ ခုနှစ်မှာ ဟွေလူမျိုးစုကနေ ဆင်းသက်လာတဲ့ မာဘောင်ဇီဆိုတဲ့ မွတ်စလင်အမျိုးသားတစ်ဦးဟာ ဒီလန်ကျိုးခေါက်ဆွဲပြုတ်ကို တီထွင်ခဲ့တာဖြစ်ပြီး ဟွေလူမျိုးတွေထဲမှာ လူကြိုက်များခဲ့ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံတစ်ဝှမ်း လန်ကျိုးခေါက်ဆွဲပြုတ်ဆိုင်ပေါင်း ၂ သောင်းကျော်လောက် ရှိနေပြီး ဒါဟာ အနည်းဆုံး ခန့်မှန်း တွက်ချက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆိုင်တွေကို တစ်ဦးတည်းက ကိုင်ထားတာ၊ ဗဟိုက ထိန်းချုပ်ထားတာမျိုး မရှိပါဘူး။ လန်ကျိုး ခေါက်ဆွဲရဲ့ ဂုဏ်သတင်းဟာ စွန့်ဦးစီပွားရေးလုပ်ငန်းရှင်တွေကြောင့်လည်း ပိုမိုကျော်ကြားလာခဲ့ပြီး ခေါက်ဆွဲပြုတ်ကောင်းကောင်းတစ်ခွက် ရဖို့အတွက် ဘာတွေက အရေးပါလဲဆိုတဲ့ ငြင်းခုန်မှုအပေါ်မှာ ထိုးတက်လာတဲ့ စီးပွားရေး တစ်ခုလည်းဖြစ်ပါတယ်။
ဟွေမွတ်စလင်တွေဟာ ချက်နည်းပြုတ်နည်းမှာ တရုတ်နိုင်ငံတစ်ဝှမ်းလုံးက တိဘက်လူ့အဖွဲ့အစည်းတွေနဲ့ ထူးခြားတဲ့ ဆက်ဆံရေး ရှိပါတယ်။ တိဘက်က မြို့အများစုမှာ နှစ်ပေါင်း ရာနဲ့ချီ နေထိုင်ခဲ့ကြတဲ့ မွတ်စလင်လူ့အဖွဲ့အစည်းလေးတွေကို တွေ့ပါတယ်။ ဗုဒ္ဓဘာသာက သားကောင်တွေသတ်ဖြတ်တဲ့အလုပ်ကို အားမပေးတဲ့အတွက် တိဘက်တွေဟာ သူတို့စားတဲ့ အသားတွေကို ကိုယ်တိုင်သတ်ဖြတ်ခြင်း မပြုတာကြောင့် တိဘက်ဒေသက ဟွေမွတ်စလင်တွေဟာ ကစိုင်အလုပ်ကို မျိုးရိုးနဲ့ချီပြီး လုပ်ကိုင်ကြပါတယ်။ တိဘက်တွေက ဟွေမွတ်စလင်တွေကို နွားမွှေးရှည်ကို ငွေသားနဲ့ရောင်းပြီး၊ ဟွေတွေက ဒီနွားတွေကို ပေါ်ကာ ဈေးမှာ တိဘက်တွေအတွက်အသား ပြန်ရောင်းကြပါတယ်။
တာ့က်အနွယ်တွေဖြစ်တဲ့ ၀ီဂါတွေကတော့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရုရှား၊ အာဖဂန်၊ အိန္ဒိယတို့နဲ့ ထိစပ်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇင်းကျန်းပြည်နယ်မှာ အဓိက နေထိုင်ပါတယ်။ ဟွေတွေနဲ့မတူတာက ၀ီဂါတွေဟာ ယူရေးရှားသွင်ပြင်လက္ခဏာပေါက်နေပြီး ကိုယ်ပိုင် ဘာသာစကားကို အသုံးပြုကာ သူတို့ရဲ့ ဟင်း
လျာတွေကလည်း အလယ်အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ တရုတ်ဟင်းလျာတွေကို ပေါင်းစပ်ထားတာပါ။
လက်လုပ်ခေါက်ဆွဲကို သိုးသား၊ အာလူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်၊ ငရုပ်ကောင်းမှုန့်တွေနဲ့ ရောနှောကာ သိုးသားအဆီနဲ့ ချက်ပြုတ်တဲ့ လဂ်မန် ခေါက်ဆွဲဟာ ဇင်ကျန်းပြည်နယ်မှာ ထင်ရှားပါတယ်။ နောက်ထပ် ၀ီဂါတွေရဲ့ ထူးခြားတဲ့ ဟင်းတစ်မယ်ကတော့ ‘ဒါပန်ဂျီ’ လို့ခေါ်တဲ့ ‘ကြက်ဒေါင်းလန်း’ ဟင်းဖြစ်ပါတယ်။ ပြုတ်ကြော်အ
စပ်လုပ်ထားတဲ့ ကြက်သားကို၊ ငရုပ်သီး၊ ငရုပ်ကောင်းမှုန့်တွေနဲ့ ပေါင်းစပ်ဖန်တီးထားပြီး များသောအားဖြင့် ခေါက်ဆွဲနဲ့ ရောသမကာ စားသုံးကြပါတယ်။
ဝီဂါတွေမှာ ကိုယ်ပိုင် နံပြားဖုတ်နည်းလည်းရှိပြီး စဥ့်အိုးနဲ့ ရိုက်တာပါ။ ဖုတ်ထားတဲ့ မုန့်တွေကလည်း ၀ီဂါတွေရဲ့ လူမှုဘ၀မှာ အရေးပါတဲ့ နောက်ထပ် အစားအစာတစ်ခု ဖြစ်ပါတယ်။ ‘ဂီရ်ဒါနန်’ လို့ခေါ်တဲ့ နံပြားတစ်မျိုးဟာ ပေါင်မုန့်အကွင်းနဲ့ အရသာရော၊ ပုံစံပါ တူပါတယ်။ ပြီးတော့ မုန့်ညက်နဲ့ဖုတ်တဲ့ မုန်တွေ တော်တော်များများလည်း ရှိပြီး စပျဉ်သီးခြောက်တွေ၊ သစ်သီးအစေ့တွေ ပါဝင်လေ့ရှိပါတယ်။
နိဂုံးချုပ်ရမယ်ဆိုရင်တော့ တရုတ်မွတ်စလင်တွေရဲ့ အစေားအသောက်တွေက များပြားလွန်းပြီး သုံးတဲ့အသားက သိပ်များပေမယ့် အရသာဖက်မှာတော့ စုံလင်လှပါတယ်။ ဟွေတွေရဲ့ ဟင်းလျာတွေဟာ ခေါက်ဆွဲကိုအဓိကထားပြီး တရုတ်အရသာဖက်ကို ပိုယိမ်းပါတယ်။ ၀ီဂါတွေကတော့ တာက့်ရိုးရာအရသာ လွှမ်းမိုးပါတယ်။ ဒီလူမျိုးစုနှစ်ခုစလုံးဟာ သိုးသား၊ ဇီရာနဲ့ ဂျုံတွေကို အသုံးပြုရာမှာတော့ လက်ဖွာပါတယ်။
Ref: Munchies
Comments