မေ ၉၊ ၂၀၁၇
M-Media
– နိုင်ငံတော်က ဦးဆောင်ဦးရွက်ပြုကာ ရှရီအာဥပဒေကို ပြဌာန်းရန် တိုက်တွန်းဆော်သြနေသည့် အစ္စလာမ့်မစ်အဖွဲ့တစ်ခုကို ဖျက်သိမ်းသွားမည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ယမန်နေ့တွင် ပြောကြားလိုက်သည်။
‘ဟစ်ဇ် ဘွတ် တဟ်ရီ’ (HTI) ဆိုသည့် အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့မှာ အစ္စလာမ့်ခလီဖာစနစ်ကို တည်ထောင်ရန် ရည်ရွယ်နေသည့် အဖွဲ့လည်းဖြစ်သည်။ အင်ဒိုအစိုးရ လုံခြုံရေးဆိုင်ရာဝန်ကြီး ၀ီရန်တိုက မိမိတို့အနေဖြင့် ထိုအဖွဲ့အား သုံးသပ်မှုများ ပြုလုပ်နေပြီး ဥပဒေကြောင်းအရ ဖျက်သိမ်းရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။
ထိုအဖွဲ့မှာ တစ်ကမ္ဘာလုံးတွင် ဖြန့်ကျက်ထားသည့် ပါတီဖြစ်ပြီး အချို့သော အာရပ်နိုင်ငံများနှင့် အလယ်အာရှနိုင်ငံများတွင် တရားမ၀င်အသင်းအဖြစ် ကြေငြာထားသည်။
“HTI ရဲ့ လုပ်ရပ်တွေက ပန်ကျာစီလာ (ပြည်ထောင်စု စိတ်ဓာတ်)၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်” ဟု ၀ီရန်တိုက ပြောကြားခဲ့သည်။
ပန်ကျာစီလာမှာ အင်ဒိုနီးရှား၏ ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း၊ ညီညွတ်သော နိုင်ငံတော်၊ တရားမျှတမှုနှင့် ဒီမိုကရေစီ၊ မတူညီသော ဘာသာတရားများ ညီညွှတ်မှုကို အရင်းတည်သည့် ဘာသာရေးမစွက်သော အုပ်ချုပ်ရေးစနစ် စသည်တို့ကို ရည်ညွှန်းသည်။
“သူတို့ လုပ်တာတွေက လူ့အဖွဲ့အစည်းမှာ တင်းမာမှုတွေကို မြင့်တက်စေတယ်။ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်စေပါတယ်” ဟု ၀န်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။
သို့သော်လည်း ထိုအဖွဲ့အား ဖျက်သိမ်းရန် အစိုးရ၏ ကြိုးစားမှုမှာ အစ္စလာမ့်အဖွဲ့အစည်းများအား ဆန့်ကျင်ခြင်းမဟုတ်ဟုလည်း ၎င်းက ဆိုသည်။
ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံတွင် အစွန်းရောက်အုပ်စုများ၏ လှုပ်ရှားမှုများ မြင့်တက်လာသည့်အချိန်တွင် အစိုးရ၏ ယခုစီစဉ်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။
HTI ၏ ပြောရေးဆိုခွင့်ရှိသူ အစ်ဖာ နူရ်က အစိုးရအနေဖြင့် ၎င်းတို့အဖွဲ့ကို မဖြိုခွဲရန် တိုက်တွန်းခဲ့ပြီး လူတိုင်းမှာ အဖွဲ့အစည်း ဖွဲ့စည်းပိုင်ခွင့်ရှိကြောင်း၊ HTI မှာ အစ္စလာမ့်သင်ကြားချက်များကို ဖြန့်ဖြူခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရားဥပဒေကြောင်းအရ မဆောင်ရွက်ခင်အလျင် ဆွေးနွေးမှုရှိသင့်ကြောင်း၊ အခြေအနေကို မိမိတို့အဖွဲ့က စောင့်ကြည့်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
အင်ဒိုနီးရှားအာဏာရှင်ဟောင်း ဆူဟာတို၏ အုပ်စိုးမှု ၁၉၉၈ ခုနှစ်တွင် အဆုံးသတ်သွားခဲ့ပြီးနောက် အစွန်းရောက်အုပ်စုများမှာ အင်ဒိုနီးရှားတွင် မြင့်တက်လာခဲ့ပြီး၊ များသောအားဖြင့် အဖွဲ့ငယ်များ ဖြစ်သော်လည်း နိုင်ငံ၏ လူမျိုးစုံ ဘာသာစုံဝါဒ၊ အစ္စလာမ်သာသနာ၏ စစ်မှန်သော သင်ကြားမှုများအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် အများစုက ရှုမြင်ကြသည်။
Ref: Reuters
Comments