မေ ၂၀၊ ၂၀၁၇
M-Media
– ယမန်နေ့က ကျင်းပခဲ့သည့် အီရန် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဟာဆန်ရူဟာနီမှာ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်ဟု သိရသည်။
မဲများအားလုံးကို ရေတွက်ပြီးနောက် ရူဟာနီမှာ မဲအရေအတွက် ၅၇ ရာခိုင်နှုန်းကို ရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး အဘ်ဒူလ်ရီဇာ ရဟ်မန်နီဖဇ်လီက ယနေ့တွင် ပြောကြားခဲ့သည်။ ယခုကဲ့သို့ အနိုင်ရရှိမှုကြောင့် အလယ်အလတ်သမား ရူဟာနီမှာ အနီးကပ်ဆုံးပြိုင်ဘက် ရှေးရိုးစွဲသမား အီဘရာဟင် ရိုင်စီ၏ စိန်ခေါ်မှုကို ကျော်လွှားနိုင်ခြင်းလည်း ဖြစ်သည်။
ရူဟာနီမှာ လွန်ခဲ့သည့် ၄ နှစ်က အီရန်အနေဖြင့် ကမ္ဘာကြီးနှင့် တစ်သီးတစ်ခြားဖြစ်မှုကို လျှော့ချသွားမည်ဆိုသည့် ကတိဖြင့် ရွေးကောက်ပွဲ အနိုင်ရလာခဲ့ခြင်းဖြစ်ပြီး လက်ရှိရွေးကောက်ပွဲမှာ အီရန်၏ ကမ္ဘာကြီးနှင့် ဆက်ဆံရေးကို ဖွင့်ပေးရန်၊ တန့်နေသော စီးပွားရေးကို ပြန်လည်တည်ဆောက်ရန် ရူဟာနီ၏ပေါ်လစီ အဆုံးအဖြတ်အဖြစ် မှတ်ယူခဲ့ကြသည်။
ရွေးကောက်ပွဲ မဲဆွယ်မှုတွင် ရူဟာနီက ယခုရွေးကောက်ပွဲမှာ နိုင်ငံသားများ လွတ်လပ်မှု ပိုမိုရရှိခြင်းနှင့် အစွန်းရောက်ဝါဒအကြား ရွေးချယ်မှုတစ်ခုဟု ပြောဆိုခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများအား ဆက်လက် ဖမ်းဆီးနေမှုကို ဝေဖန်ခဲ့သည်။
Ref: Aljazeera
Comments