မေ ၂၀၊ ၂၀၁၇
M-Media
– မလေးရှား ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး မွတ်စ်တာဖာ မိုဟာမက်တစ်ယောက် ကွာလာလမ်ပူ ပြည်သူ့ဆေးရုံ(HKL) မှာ ဆေးကုသဖို့ အများပြည်သူနဲ့အတူတူ ထိုင်စောင့်နေတဲ့ ဓာတ်ပုံတစ်ပုံဟာ မလေးရှား အွန်လိုင်းအသုံးပြုသူတွေကြားမှာ ပြန့်နှံ့နေပြီး ချီးကျူးမှုတွေလည်း ရရှိနေပါတယ်။
အဲဒီဓာတ်ပုံကို လက်ရှိ အာဏာရ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ထောက်ခံသူများ Facebook စာမျက်နှာက မေလ ၁၆ ရက်နေ့မှာ လွှင့်တင်ခဲ့ပြီး ဒီနေ့မနက်အထိ Like ၁၅၀၀နဲ့ comment ၅၃၄ ခု ရရှိနေပြီ ဖြစ်ပါတယ်။
မလေးရှား သတင်းစာတစ်ခုဖြစ်တဲ့ The Star က မေးမြန်းရာမှာ ၀န်ကြီးက
“HKL က အထူးဆေးခန်းဟာ တနင်္လာနေ့မနက် ၈ နာရီ ကျွန်တော့်ကို ချိန်းထားတာပါ။ ဆရာဝန်ကိုတွေ့ဖို့ စောင့်နေရင်း အခြားလူနာတွေနဲ့ စကားပြောခွင့် ရခဲ့ပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
နောက်ပြီး ၀န်ကြီးက နိုင်ငံခြား ခရီးစဉ်တစ်ခုကနေ ပြန်လာပြီးတဲ့နောက်ပိုင်းမှာ အရေပြားရောဂါ တော်တော် ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး တနင်္လာနေ့က HKL ကို ၃ ကြိမ်မြောက် သွားရောက်ကုသခံခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ref: Straits Times
Comments