မေ ၂၀၊ ၂၀၁၇
M-Media
– နိုင်ငံတကာ လူ့အခွင့်အရေးရဲ့ အမှတ်သညာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ် ဧပြီလကစလို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒီမိုကရက်တစ်ခေါင်းဆောင် ဖြစ်လာခဲ့ပြီးကတည်းက ကမ္ဘာတစ်ဝှမ်း တက်ြ ကွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ၊ ပေါ်လစီရေးဆွဲသူတွေက သူမရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ တုန်လှုပ် စိတ်ပျက်မိကြောင်း ပြောလာကြပါတယ်။ ကတိပြုထားတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်တဲ့အပေါ် မေးခွန်းတွေ ထုတ်တာသမကဘဲ ရိုဟင်ဂျာလူနည်းစုတွေကို စစ်တပ်က ပြုလုပ်တဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို မျက်စိမှိတ်နေမှုအတွက်လည်း ဝေဖန်သူတွေက သူမကို အပြစ်တင်ကြပါတယ်။ အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမားကနေ ကုလလူ့အခွင့်အရေးကောင်စီရဲ့ သံတမန် ကိသ် ဟာပါအထိ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီ ရက်စက်ကြမ်းကြုတ်မှုတွေကို လူသိရှင်ကြား ဝေဖန်ပြောဆိုဖို့ သူမရဲ့ လွှမ်းမိုးမှုကို အသုံးမပြုခဲ့ဘူးလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားမှု၊ စွမ်းရည်တွေအပေါ် ဒီလို ပြင်းပြင်းထန်ထန် သုံးသပ်ပြောဆိုမှုတွေက သူမရဲ့ ခေါင်းဆောင်မှုထက်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက သူမအပေါ် ထားရှိတဲ့ လိုတာထက်ပိုနေတဲ့ မျှော်လင့်ချက်တွေနဲ့ ပိုသက်ဆိုင်ပါတယ်။ အဲဒီလိုပဲ ဝေဖန်သူတွေဟာ တစ်ခါတစ်ရံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဝိသေသလက္ခဏာတွေကို လိုတာထက်ကို ပိုအာရုံစိုက်လွန်းပြီး သူမရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးနေတဲ့ အုပ်ချုပ်ရေး ယန္တရားဆိုင်ရား၊ လက်ရှိအနေအထားတွေနဲ့ ဆိုင်တဲ့ အကြောင်းတရားတွေကို အလေးမပေးကြပါဘူး။ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ သမိုင်းနဲ့ ဖွဲ့စည်းတည်ဆောင်ပုံဆိုင်ရာ နားလည်ရခက်တဲ့ အခြေအနေမျိုးမှာ ဒေါ်အောင်စုကြည်ဟာ တစ်ချိန်က ယူဆခဲ့ကြတဲ့ တိုင်းပြည်ရဲ့ ကယ်တင်ရှင် မဟုတ်သလို၊ လက်ရှိ ပုံဖော်နေသို ဗီလိန်လည်း မဟုတ်ပါဘူး။
ခက်ခဲတဲ့အလုပ်
၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးနောက်ပိုင်း နိုင်ငံရဲ့ ပထမဆုံး လွတ်လပ်တဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပါတယ်။ တကယ်တော့ ဒါဟာ အောင်ပွဲခံရမယ့် အချိန်ကာလတစ်ခုပါ။ ဒါပေမယ့် နိုင်ငံတကာ မီဒီယာတွေက ရှေ့ဆက်လျှောက်ရမယ့် တိုင်းပြည်တည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ရှည်လျားမှုကို လစ်လျူရှုကာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေအပေါ် အပေါ်ယံ အကောင်းမြင်လွန်းတဲ့ ဖော်ပြမှုတွေနဲ့ NLD ရဲ့ အောင်မြင်မှုကို ပွဲသိမ်းတိုက်ကွက်အဖြစ် အသားပေး ဖော်ပြကြပါတယ်။ ဥပမာပြောရရင် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလက Time မဂ္ဂဇင်းမှာ ‘ဒီမိုကရေစီခေတ်သစ်၏ အာရုဏ်ဦး’ (Dawning of a New Democratic Era)၊ ကုလရဲ့ ဗီဒီယိုမှာ ‘ဒီမိုကရေစီ နိုင်ပြီ’ (Democracy Wins) စသဖြင့် ဖော်ပြတာမျိုးတွေပါ။
အာဏာရပြီးသွားတဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးကို ဦးစားပေးတဲ့ ချဉ်းကပ်မှုမျိုး ဖော်ဆောင်ခဲ့ပါတယ်။ သူမဟာ နိုင်ငံရေးအကျဉ်းသား ဒါဇင်ပေါင်းများစွာကို လွှတ်ပေးခဲ့ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်ရေး ဆွေးနွေးပွဲတွေ စလုပ်ခဲ့တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိပ္ပါယ်ပါတဲ့ ဆွေးနွေးမှုမျိုးကို မမြင်ရဘဲ အချို့ တိုက်ပွဲတွေဆိုရင် ပိုပြင်းထန်လာပါတယ်။ စစ်အစိုးရလက်ထက်က ရှိခဲ့တဲ့ လွတ်လပ်စွာပြောဆိုမှု ကန့်သတ်တာမျိုးတွေလည်း ဆက်ရှိနေဆဲပါ။ စီးပွားရေးဘက်ကို ပြန်ကြည့်ရင် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးခြင်း ခံခဲ့ရပြီး စီးပွားရေးကို ဖွင့်ပေးဖို့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကိုလည်း မြန်မာနိုင်ငံက ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့် အောက်ခြေအဆင့်မှာ မှန်ကန်တဲ့ တိုးတက်မှု လက္ခဏာမျိုး သိပ်မရှပါဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ သိသိသာသာ လျော့ကျသွားသလို၊ ခြစားမှုတွေဟာလည်း ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲပါ။ စီးပွားရေးအတွက် NLD ရဲ့ အစီအစဉ်တွေက ၀ိုးတိုးဝါးတား ဖြစ်နေတုန်းပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမှတ်တမ်းတွေက စိတ်ပျက်စရာဖြစ်နေပေမယ့်၊ သူမဟာ တကယ်တော့ ဆိုးရွားတဲ့ လက်တွေ့အခြေအနေတွေက သူမအတွက် အမြဲတမ်း အဟန့်အတား ဖြစ်နေပါတယ်။ ပထမဆုံး ပြောရရင် မြန်မာနိုင်ငံဟာ စီးပွားရေးမညီမျှမှု ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ နိုင်ငံတစ်ခု၊ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ် အရှည်ကြာဆုံး နိုင်ငံတစ်ခု၊ လူမျိုးရေး၊ ဘာသာရေးနဲ့ ပထ၀ီဒေသဆိုင်ရာ သွေးကွဲမှုတွေ နက်နက်ရှိုင်းရှိုင်းရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်သလို၊ ဗဟိုအစိုးရကလည်း နယ်စပ်ဒေသတွေက တိုင်းရင်းသားလူနည်းစုတွေကို ထိန်းချုပ်ဖို့ ရုန်းကန်ရတဲ့ သမိုင်းကလည်း ရှည်ကြာနေပါပြီ။ နောက်ပြီး လူ့အဖွဲ့အစည်းဟာ ဘာသာရေး၊ လူမျိုးရေး သွေးကွဲနေပြီး ဒါက ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ထိရောက်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေကို ခါးဆက်ပြတ်စေပါတယ်။ အကောင်ဆုံးအနေအထားမှာ ရှိနေမယ်ဆိုရင်တောင် တိုင်းပြည်ဟာ သွေးကွဲပြီး၊ အုပ်ချုပ်ရခက်ပါတယ်။
ဒုတိယတစ်ချက်က လူထုအတွင်း ခွာပြဲမှုပါ။ မြန်မာနိုင်ငံက ဌာနတွေ လည်ပတ်မှုဟာ ညံ့ဖျင်းလှပြီး၊ ကျွမ်းကျင်မှုနိမ့်သလို၊ အုပ်ချုပ်ရေးယန္တရားကလည်း ခြစားမှုနဲ့ မကင်းပါဘူး။ ဒီ ကန့်သတ်ချက်တွေက နိုင်ငံရဲ့ ခေါင်းဆောင်သစ်တစ်ယောက်အနေနဲ့ ပေါ်လစီတွေ ချမှတ်ဖို့အတွက် အခက်အခဲ ဖြစ်စေသလို၊ အာရှရဲ့ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲ ကတိက၀တ်တွေကလည်း အချည်းအနှီး ဖြစ်ခဲ့ရပါတယ်။ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ဗဟိုချုပ်ကိုင်မှုကင်းအောင် မဆောင်ရွက်နိုင်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတမဖြစ်အောင် တားဆီးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်ကို ကျော်လွှားဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးလို အဓိကနေရာမျိုး စတဲ့ အပိုရာထူးမျိုးတွေကို ယူထားရပါတယ်။ ဒါတွေက သူမကို လိုတာထက်ပိုတဲ့ ၀န်ပိမှုမျိုး ဖြစ်ပေါ်စေပြီး အာဏာရှင်ပုံစံမျိုး ဖြစ်လာတယ်ဆိုတဲ့ စွပ်စွဲမှုတွေကိုလည်း ပေါ်ထွက်လာစေခဲ့ပါတယ်။ NLD ရဲ့ ပေါ်လစီ ထင်သလောက် ခရီးမပေါက်မှုကို ဖြေရှင်းဖို့ ဒီလို အမြီးအမောက် မတည့်မှုတွေကို အချိန်တော်တော်ကြာကြာ အသုံးပြုနေရအုံးမှာပါ။
တတိယမြောက်နဲ့ သိပ်ပြီးအရေးကြီးတဲ့ အကြောင်းအရာတစ်ခုက တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ဟာ အရေးပါတဲ့ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမလုပ်ခင် ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် ဖယ်ထားရပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတွေလို အရေးပါတဲ့ ၀န်ကြီးဌာနတွေကို ထိန်းချုပ်ခွင့်ပေးထားရကာ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်နဲ့ မဆက်နွယ်ဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရနေပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ချက်တွေကို အတည်ပြုဖို့ လွှတ်တော်မှာ မဲရေအတွက် ၇၅ ရာခိုင်နှုန်းလိုအပ်နေပြီး ၂၅ ရာခိုင်နှုန်းယူထားတဲ့ စစ်တပ်က ဗီတိုအာဏာကိုင်ထားသလိုမျိုး ဖြစ်နေတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာလည်း ထွက်ပေါက်မရှိပါဘူး။ စစ်တပ်ရဲ့ လှုပ်လို့မရအောင် ချုပ်ကိုင်ထားမှုကို လျှော့ချရေး မျှော်လင့်ချက်တွေဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပေါ်ပေါက်လာရေး ကြိုးစားနေတဲ့ NLD ရဲ့ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ဇန်န၀ါရီမှာ သံသယဖြစ်ဖွယ် လုပ်ကြံခံရမှုနဲ့အတူ တစ်ခန်းရပ်သွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုမှာတော့ အရင်စစ်တပ်အရာရှိဟောင်းတွေက သံသယဖြစ်စရာ ကောင်းသူတွေအနေနဲ့ ပါဝင်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ရရှိထားတဲ့ အာဏာ – ဆိုလိုတာက နိုင်ငံရေးဆိုင်ရာ ဦးစားပေးကိစ္စတွေကို သူမစိတ် သူမကိုယ်နဲ့ လုပ်ဆောင်နိုင်စွမ်းဟာ ဘောင်ကျဉ်းပါတယ်။ စစ်တပ်၊ တိုင်းပြည်ရဲ့ လူများစုဖြစ်တဲ့ ဗမာ ဗုဒ္ဓဘာသာဝင်တွေ၊ သြဇာရှိတဲ့ သံဃာအသိုင်းအ၀ိုင်းတွေ အပါအ၀င် ပြည်တွင်းက အကျိုးစီးပွားကိုယ်စီရှိတဲ့ အုပ်စုတွေကို ချော့မာ့နိုင်မှုအပေါ်မှာ မူတည်ပါတယ်။ အဲဒီအုပ်စု ၃ ခုထဲမှာ အမျိုးသားရေးဝါဒ၊ အစ္စလာမ်ကြောက်ရောဂါနဲ့ လူနည်းစုဆန့်ကျင်ရေး သဘောထားတွေလည်း ပြန့်နှံ့နေပြီး ရိုဟင်ဂျာလူ့အဖွဲ့အစည်းမှာရှိနေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို ဖြေရှင်းဖို့ ဘယ်လိုကြိုးစားမှုမျိုးမဆို တိုင်းပြည်ပြင်ပကလူအများစု ကျေနပ်တာမျိုးထက်၊ ပြည်တွင်းမှာ ပိုပြီး ကိုယ်တွယ်ရခက်တဲ့ အခြေအနေမျိုး ဖြစ်လာမှာပါ။ တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်ကြားမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့တဲ့ ကောလဟာတွေ လှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်ဆိုတာထက်ကို ပိုပါတယ်။
ခေါင်းခဲရမယ့် ပြဿနာ
ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံဏှီဘာဝေ လုပ်နေမှုက နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ဖြစ်စေခဲ့ပါတယ်။ နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်ချုပ်ချယ်မှုအခံရဆုံး လူနည်းစုတွေထဲက တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူခံရပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း သူတို့ရဲ့ အခြေနေဟာ ပိုပြီး ဆိုးရွားလာခဲ့ပါတယ်။ အောက်တိုဘာမှာ ရိုဟင်ဂျာစစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပြီးတဲ့နောက် အစိုးရစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ဓမ္မပြုကျင့်တာနဲ့ အခြားသော လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ရိုဟင်ဂျာ ၇ သောင်းလောက်ကလည်း မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။
စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအပေါ်မှာ ဘာမှစွက်ဖက်ခွင့်မရှိတာ၊ အထူးသဖြင့် ရခိုင်ဒေသမှာ အမျိုးသားရေးဝါဒ ပြင်းထန်တာတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြိုးတန်းလမ်းလျှောက်နေရတဲ့ဘ၀ ရောက်ခဲ့ရပါတယ်။ သူမက ရိုဟင်ဂျာတွေနဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဒုက္ခသုက္ခတွေကို ထုတ်ဖော်ပြောဆိုပြီး၊
စစ်တပ်အပေါ် တိုက်ခိုက်မှုတွေကို ရှုတ်ချကာ ပါဝင်ပတ်သက်သူတိုင်းကို မညိုငြင်အောင် ကြိုးစားခဲ့ပါတယ်။ ကုလအတွင်းရေးမှူးဟောင်း ကိုဖီအန်နန် ဦးဆောင်တဲ့ အထူးကော်မရှင်တစ်ခုကိုလည်း ဖွဲ့စည်းပေးခဲ့ပါတယ်။ တကယ်တော့ ရိုဟင်ဂျာအများစုနေထိုင်တဲ့ ရခိုင်ပြည်နယ်အတွင်း မီဒီယာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ၀င်ရောက်ခွင့်၊ (လက်ရှိ မြန်မာနိုင်ငံက နိုင်ငံခြာသားလို့ သတ်မှတ်ခံထားရတဲ့) ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ရေးလမ်းကြောင်း၊ စစ်တပ်ရဲ့ စစ်ဆင်ရေးအတွက် လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးရေး စတာတွေပါဝင်တဲ့ ဒီကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်တွေကို သူမရဲ့ အစိုးရက ကြိုဆိုခဲ့ပါတယ်။ အစီရင်ခံစာ ထွက်လာပြီးကတည်းက သူမရဲ့အစိုးရဟာ အဲဒီဒေသအတွင်းမှာ နိုင်ငံတကာ အကူအညီတွေ ပိုမိုဝင်ရောက်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီပဋိပက္ခနဲ့ပတ်သက်ပြီး လူသိရှင်ကြားပြောကြားဖို့ ရှောင်ရှားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာ မီဒီယာတွေ ၀င်ရောက်ခွင့်ကိုလည်း ဆက်လက်ကန့်သတ်ထားဆဲပါ။ ကုလဦးဆောင်တဲ့ အချက်အလက်စုဆောင်းရေးအဖွဲ့ဟာ ထိခိုက်ခံစားရတဲ့ ဒေသက မြေပြင်အချက်အလက်တွေကို ကောက်ယူဖို့ကိစ္စကိုလည်း သူမ သဘောမတူဘဲ သဘောထားကွဲလွဲစေမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီလို တစ်ချို့တစ်ဝက်သာ ဆောင်ရွက်မှုက ကမ္ဘာတစ်ဝှမ်း စောင့်ကြည့်သူတွေကို ဒေါသထွက်စေခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကို လုံးဝ ဝေဖန်ပြစ်တင်ကာ၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြား မီဒီယာတွေ၊ အကူအညီပေးရေး လုပ်သားတွေ အပြည့်အ၀ ၀င်ရောက်ခွင် ပေးဖို့ တိုက်တွန်းဆော်သြခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့ နိုင်ငံရေးအရ ဒါမှမဟုတ် အုပ်ချုပ်ရေးယန္တရားအရ လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခြင်းမရှိဘဲ စစ်တပ်ကို ရှုပ်ချမယ်၊ စစ်တပ်နဲ့ သဘောမတိုက်ဆိုင်ကြောင်း ပြသမယ်ဆိုရင် သူမဟာ အသိဉာဏ်တိမ်ရာ ရောက်သွားမှာပါ။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်လာတာဟာ နှစ်အနည်းငယ်ပဲ ရှိသေးပြီး နောက်ထပ် စစ်တပ်လက်အောက်ပြန်ရောက်ဖို့ဟာ အာဏာတစ်ခါသိမ်းလိုက်တာနဲ့တင် လုံလောက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကို ကြည့်ရင်လည်း ကြမ်းကြမ်းတမ်းတမ်နဲ့ အာဏာသိမ်း တာတွေ ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို သတ်ဖြတ်မှုအပါအ၀င် အရင်က ရက်စက်ကြမ်းကြုတ်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ သက်တော်ရှည် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့အာဏာမှာ အရပ်သားတွေက တစ်စိတ်တစ်ပိုင်း ဝေငှပိုင်ဆိုင်ထားမှုကို ထိန်းသိမ်းဖို့ အရေးကြီးတယ်ဆိုတာကိုလည်း သိရှိပါတယ်။
ဒီအချက်တွေဟာ မချစ်သော်လည်း အောင့်ကာနမ်းရမှာတွေတင် မကပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဗဟိုအစိုးရနဲ့ ဆယ်စုနှစ်များစွာ တိုက်ခိုက်လာခဲ့ကြတဲ့ (ရိုဟင်ဂျာ အပါအ၀င်) တိုင်းရင်းသား လူနည်းစုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စစ်တပ်ကို သူဖက်ပါအောက် ဆွဲဆောင်ဖို့လည်း လိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ လူနည်းစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာမခံပေးမယ့် ဗဟိုချုပ်ကိုင်မှုကင်း ပြည်ထောင်စုနိုင်ငံတစ်ခု ထူထောင်ရေး ဖခင်ဖြစ်သူ လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရည်မှန်းချက်ကို ပြန်လည်အသက်ဝင်လာဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေတဲ့ စစ်တပ်ဟာ ဒီပေါ်လစီနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား မရှိပါဘူး။ ဒါဟာ သယံဇာ ပေါကြွယ်ဝတဲ့ အဲဒီဒေသတွေက ကုန်ကြမ်းတွေကို ထုတ်ယူ၊ ရောင်းချမှုကနေ လက်ရှိရနေတဲ့ အကျိုးအမြတ်တွေကို စွန့်လွှတ်လိုက်ရမယ် ဆိုတာတင်မကဘဲ၊ တိုင်းရင်းသားလူနည်းစုတွေအပေါ် နိုင်ငံရေးအရ အယုံအကြည်မရှိတာ၊ ဗမာ ဗုဒ္ဓဘာသာ လူမျိုးကြီးဝါဒကို အခြေခံပြီး ဗဟိုက ချုပ်ကိုင်တဲ့ နိုင်ငံတစ်ခုကို ပိုပြီး အလိုရှိတာကြောင့် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကိစ္စမှာ စစ်တပ်ကို ဖယ်လိုက်ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွေက အခက်တွေ့သွားမှာဖြစ်ပြီး ဒီကိစ္စ နှစ်ခုစလုံးဟာ စစ်တပ်ရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်နေတာပါ။ ရိုဟင်ဂျာကိစ္စမှာ သိသိသာသာ လိုက်လျောလိုက်ရင်လည်း နိုင်ငံမှာရှိတဲ့ အမျိုးသားရေးဝါဒီတွေကို အားေ
ကာင်းသွားစေနိုင်ပြီး သူတို့တွေက စစ်တပ်ကို ပိုမို ထောက်ခံလာတာမျိုး၊ လူမျိုးကြီးအုပ်စုတွေကို ညှိနှိုင်းလို့ မရတော့တာ၊ အကြမ်းဖက်တာတွေ ဖြစ်လာဖို့ တွန်းအားပေးလိုက်သလို ဖြစ်နိုင်ပါတယ်။
ဒုတိယအကောင်းဆုံး သီအိုရီ
ဒေါ်အောင်ဆန်းစုကြည်အစိုးရ အမှားတွေလုပ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ကမ္ဘာကြီးအနေနဲ့ ရိုဟင်ဂျာတွေနဲ့ အခြားသော တိုင်းရင်းသားလူနည်းစုတွေ ရင်ဆိုင်နေရတဲ့ စက်ဆုပ်ဖွယ်ရာ အခြေအနေတွေကိုပဲ မျက်စိစုံမှိတ် မကြည့်သင့်ပါဘူး။ လေ့လာစောင့်ကြည့်သူတွေအနေနဲ့ တစ်ခြားတစ်ဖက်ကနေ လှည့်ကြည့်ဖို့လည်း လိုပါတယ်။ အခြေအနေအရပ်ရပ်ကို ထည့်သွင်းမစဉ်းစားဘဲ အမြဲလိုလို ရှုတ်ချနေတာဟာ ဆယ်စုနှစ်တွေကြာပြီး ပေါ်လာတဲ့ တိုင်းပြည်ဒီမိုကရေစီရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အုပ်စိုးမှုကို ထိခိုက်စေယုံသာ မကဘဲ ရခိုင်ပြည်နယ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာအတွက် အပြစ်တင်ခံရဆုံး စစ်တပ်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို မှေးမှိန်စေပါတယ်။ ဒီကိစ္စအတွက် နိုင်ငံတကာက စစ်တပ်ကို ထည့်မတွက်မှုဟာ ဧပြီလ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သြစတြီးယားနဲ့ ဂျာမနီတို့ကို သွားရောက်လည်ပတ်မှုမှာ သွားထင်ဟပ်နေပြီး ကာချုပ်ဟာ နွေးနွေးထွေးထွေး ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။ ဆန့်ကျင်ဖက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာတော့ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် လွန်လွန်ကျူးကျူး အကောင်းမြင်မျှော်လင့်နေတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မစွမ်းဆောင်နိုင်မှုအတွက် ဝေဖန်နေတာတွေအစား နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံဟာ စိတ်မချရသေးတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတာကို နားလည်ရပါမယ်။ စစ်တပ်က အကွက်ရွှေ့သူနေရာမှာ ဆက်ရှိနေပြီး ဆယ်စုနှစ်ချီခဲ့တဲ့ အာဏာရှင်စနစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ တိုင်းရင်းသား ပြဿနာတွေ၊ ဖွံ့ဖြိုးရေး နိမ့်ကျနေမှုတွေကို ခေါင်းဆောင်တစ်ယောက်အနေနဲ့
တစ်နှစ်အတွင်းမှာ ကုစားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ ဒီမိုကရေစီကို စိတ်သန်တဲ့ ဘယ်လိုအစိုးရမျိုးမဆို အခက်အခဲနဲ့ ဆက်လက်ရင်ဆိုင်နေရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အားပေးထောက်ခံလိုသူတိုင်းဟာ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ချိန်ညှိဖို့ လိုပါတယ်။ ချို့ယွင်းချက်တွေ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဘ၀တစ်ခုလုံးကို ဒီမိုကရေစီ၊ လစ်ဘရယ်တန်ဖိုးတွေအတွက် နှစ်မြှုပ်ပေးဆပ်ခဲ့ပြီး၊ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေးဟာ
ရေရှည်သွားရမယ့် တိုက်ပွဲတစ်ခုဖြစ်တယ်ဆိုတာကို ၁၅ နှစ်ဟာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီးတဲ့နောက်ပိုင်း သူမက သိရှိခဲ့ပါတယ်။ ပြီးတော့ ဆန်ကျင်တဲ့ အုပ်စုကြီးတွေအကြားမှာ သူမက တစ်ယောက်တည်း တိုက်ပွဲဝင်နေရသူပါ။ နိုင်ငံတကာ အသင်းအဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာတွေကလည်း လက်တွေ့မကျတဲ့ ရေတိုမျှော်မှန်းချက်တွေနောက်သာလိုက်ပြီး မီးလောင်ရာလေပင့်တာမျိုးကို ရှောင်ရှားကာ စစ်တပ်အပေါ်မှာ သင့်လျော်တဲ့ ဖိအားပေးမှုတွေ လုပ်ရင်း သူမကို ထောက်ပံ့ပေးသင့်ကြောင်းပါ။
Ref: Foreign Affairs
(Foreign Affairs တွင် Tej Parikh ရေးသည့် Aung San Suu Kyi Is Still Myanmar’s Best Hope ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
Comments