ဇူလိုင် ၁၂၊ ၂၀၁၇
M-Media
– မိမိအနေဖြင့် အာဆင်နယ်တွင်သာ ဆက်နေချင်ပြီး သြစတေးလျနှင့် တရုတ်တို့တွင် ရာသီကြို ခြေစမ်းပွဲများ ကစားပြီးပါက အနာဂတ်အတွက် အသင်းနှင့် ဆွေးနွေးသွားမည်ဟု ကွင်းလယ်လူ မီဆု အိုဇေးလ်က ပြောကြားလိုက်သည်။
အသက် ၂၈ နှစ်အရွယ်အိုဇေးလ်၏ သက်တမ်းမှာ ၂၀၁၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍လည်း ကောလဟာလများ ထွက်ပေါ်နေသည်။
“ကျွန်တော် ဒီမှာ ဆက်နေချင်တာ အသေအချာပါပဲ။ အားလုံး လန်ဒန်ပြန်ရောက်ရင် ကျွန်တော်တို့ဟာ ထိုင်ပြီး အနာဂတ်အတွက် ဆွေးနွေးကြမှာပါ။ အာဆင်နယ်မှာ ကျွန်တော် ပျော်တယ်လို့ အမြဲတမ်း ကျွန်တော် ပြောခဲ့ပါတယ်” ဟို အိုဇေးလ်က ယနေ့တွင် ပြောကြားခဲ့သည်။
အာဆင်နယ်မှာ သြစတေးလျတွင် ခြေစမ်းပွဲ ၂ ပွဲ၊ တရုတ်တွင် ၂ ပွဲကစားကာ ဇူလိုင်လကုန်ပိုင်းတွင် အင်္ဂလန်သို့ ပြန်ရောက်မည်ဖြစ်သည်။
အိုဇေးလ်ကမူ လက်ရှိတွင် ရာသီကြိုခြေစမ်းပွဲများအတွက် အာရုံစိုက်ထားသည်ဟု ပြောကြားခဲ့သည်။ အိုဇေးလ်မှာ ၂၀၁၃ ခုနှစ်တွင် ရီးယဲလ်မှ အာဆင်နယ်သို့ ပေါင်း ၄၂.၄ သန်းဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
Ref: BBC
Comments