ဇူလိုင် ၁၆၊ ၂၀၁၇
M-Media
– အပြင်ကမ္ဘာက တော်တော်များများ မသိကြတဲ့ မြန်မာနိုင်ငံက တစ်မြေ့မြေ့လောင်ကျွမ်းနေတဲ့ ကာလရှည်ပဋိပက္ခတွေကြောင့် ၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးရကတည်းက ပြည်သူ သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
လက်ရှိ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့်လည်း ပြည်သူတွေက ဆက်လက် ထွက်ပြေးနေရပြီး အသက်ရှင်ရပ်တည်မှုကို ထိခိုက်တာ၊ ရွာလုံးကျွတ် ပျက်ဆီးဆုံးရှုံးတာတွေလည်း ဖြစ်နေပါတယ်။
၂၀၁၅ ခုနှစ်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ခုဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ‘ကမ္ဘာပေါ်က အရှည်ကြာဆုံး ပြည်တွင်းစစ်’ လို့ တစ်ချို့တွေက ခေါ်တဲ့ တိုက်ပွဲတွေကို ရပ်တန့်ရေး မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ ဒီသဘောတူညီချက်မှာ မပါဝင်ပါဘူး။
၂၀၁၆ ခုနှစ် စက်တင်ဘာမှာ ကရင်ပြည်နယ်အတွင်း ပဋိပက္ခတစ်သစ်တစ်ခု ဖြစ်ပွားခဲ့ပြီး ရွာသားတွေ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ပါတယ်။
ကိုယ့်အိုးကိုယ့်ကို သံယောဇဉ်ရှိတာပေါ့
အသက် ၇၃ နှစ်အတွက် လာဘန်လူတစ်ယောက် စစ်သားတွေက သူ့အိမ် မီးဖိုဆောင်ကို ပစ်တဲ့အချိန်ကျမှ အိမ်က ထွက်ပြေးလာသူပါ။ မိတ်ဆွေတွေအားလုံးဟာ အရင်ကတည်းက ထွက်သွားခဲ့ကြသလို၊ မိသားစုကလည်း သူ့ကို ထားသွားကြပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဆုံးပါးသွားတာ ကြာပါပြီ။
လက်ရှိမှာ လာဘန်လူဟာ ကချင်ပြည်နယ် ဗန်းမော်မြို့ ဒုက္ခသည်စခန်းတွေထဲက တစ်ခုမှာ နေထိုင်ပါတယ်။ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ မြန်မာအစိုးရတပ်တို့အကြား ၁၉ နှစ်တာရရှိခဲ့တဲ့ အပစ်ရပ်ရေးဟာ ၂၀၁၁ ခုနှစ်မှာ ပျက်ဆီးသွားခဲ့ပြီး ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ထပ်ဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လာဘန်လူဟာ သူ့ကလေးတွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့၊ လွန်ခဲ့တဲ့ ၁၆ နှစ် သူ့ခင်ပွန်းကို မြှုပ်ခဲ့တဲ့ သူသံယောဇဉ်အရှိဆုံးရွာကို စွန့်ခွာခဲ့ရပါတယ်။
“ထွက်ပြေးရတော့မယ်ဆိုတာ အဖွားသိပါတယ်။ အဖွားပြင်ဆင်ထားတဲ့ အိတ်ကလေးတောင် ယူသွားချိန် မရလိုက်ပါဘူး”
သူမဟာ ပိုင်ဆိုင်သမျှ အားလုံးကို ထားပြီး တစ်ယောက်တည်း ပြေးခဲ့ရတာပါ။
“ဗန်းမော်မှာ မသေချင်ဘူး။ အိမ်ကိုပဲ မြန်မြန်ပြန်ချင်တယ်။ ခင်ပွန်းရဲ့ဘေးမှာပဲ ခေါင်းချချင်ပါတယ်” လို့ လာဘန်လူက ပြောကြားခဲ့ပါတယ်။
အေးအေးလူလူမနေရ
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကချင်ပြည်နယ်မှာ အသက် ၃၄ နှစ်အရွယ် ဒေါ်အေးရွှေဟာ ကလေးတွေနဲ့ မုဆိုးမဖြစ်ပြီး ဗန်းမော်မြို့က ရောဘတ်ဒုက္ခသည်စခန်းမှာ နေထိုင်နေရပါတယ်။
ရှမ်းပြည်နယ်က တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ ကွတ်ခိုင်မြို့မှာ မွေးဖွားခဲ့သူ သူမဟာ တရုတ်နွယ်ဖွားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံက တရားဝင်သတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းထဲမှာ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်မှာ သူမဟာ ခင်ပွန်း၊ ကလေးတွေနဲ့အတူ သူမရဲ့ဇာတိရွာက ထွက်ပြေးလာခဲ့ရပါတယ်။
သူတို့မိသားစုဟာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုကောင်းမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မြောက်ပိုင်း ကချင်ပြည်နယ်က မိုင်းခေါင်မြို့ကို ထွက်လာခဲ့ကြတာပါ။ အဲဒီမြို့မှာ ၂ နှစ်ကြာ နေထိုင်ခဲ့ပြီ လယ်ငှားကာ တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန် ၂၀၁၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပါတယ်။
ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဒေါ်အေးရွှေဟာ ခင်ပွန်း၊ ကလေးလေးယောက်တို့နဲ့အတူ တောထဲကို ထွက်ပြေးခဲ့ရပါတယ်။
“တောထဲမှာ မလုံခြုံဘူးလို့ ခံစားရပါတယ်။ စားလည်းမစားနိုင်၊ အိပ်လည်းမအိပ်နိုင်ပါဘူး။ သေတော့မှာပဲဆိုပြီး ကြောက်ရွံ့ခဲ့ရပါတယ်” လို့ သူမက ပြန်ပြာင်းပြောကြားခဲ့ပါတယ်။ အိမ်မှာ ပြန်လာနေလိုက်၊ တောထဲထွက်ပြေးလိုက်နဲ့ သူတို့ဟာ လတော်တော်များများ ဒီလိုပဲ နေခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာတော့ ရောဘတ် ဒုက္ခသည်စခန်းကို ရောက်လာပါတယ်။
“ကလေးတွေအတွက် ကျွန်မ အရမ်းစိုးရိမ်ပါတယ်။ ကျွန်မရဲ့ အကြီးမားဆုံး အိပ်မက်က ကလေးတွေ ပညာသင်နိုင်ဖို့ပါ။ မြန်မာနိုင်ငံကို အနာဂတ်မှာ ငြိမ်းချမ်းတဲ့နိုင်ငံတစ်ခု ဖြစ်စေချင်ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။
တစ်ရွာလုံးထွက်ပြေးရ
ငြိမ်းဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အသက် ၁၂ နှစ်အရွယ်မှာပဲ ပထမဆုံးအကြိမ် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ နှစ်ပေါင်း ၂၀ ကြာမြင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီ ကရင်အမျိုးသမီးလေးဟာ အိမ်ပြန်လာနိုင်ခဲ့ပါတယ်။
ငြိမ်းရဲ့ နုနုနယ်နယ် မျက်နှာလေးဟာ သူဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေကို မထင်ဟပ်ပါဘူး။ အိမ်ကနေ ပထမဆုံး ထွက်ပြေးခဲ့ရတဲ့အချိန်ကို သူမက မှတ်မိနေပါတယ်။
“တိုက်ပွဲတွေနီးလာတဲ့အချိန်တိုင်း တစ်ရွာလုံးက တောထဲကို ထွက်ပြေးရပါတယ်”
အစိုးရစစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် သူဟာ ခဏခဏ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ တိုက်ခိုက်မှုအရှိန် အမြင့်ဆုံးရောက်နေတဲ့အချိန်မှာ တစ်ရွာလုံးက မိသားစု ၆၀ လောက်ဟာ တောထဲမှာ ၃ လလောက် ပုန်းနေရပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ ငြိမ်းဟာ ရွာကထွက်ပြီး ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာတော့ သူမဟာ ဇာတိရွာကို ပြန်ရောက်လာခဲ့ပါတယ်။
“အစိုးရသစ်က ကရင်အမျိုးသားအစည်းအရုံးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်လို့ ကျွန်မ ကြားခဲ့ရပါတယ်။ ဒါ့ကြောင့် ပြန်လာရင် အန္တရာယ်ကင်းမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးရချင်တယ်။ လွတ်လပ်စွာ သွားလာချင်တယ်။ ပြည်သူတွေကြားထဲမှာ နှစ်ပေါင်းများစွာရှိလာတဲ့ မယုံသင်္ကာမှုတွေ ပပျောက်စေချင်နေပါပြီ”
အိုးအိမ်စွန့်ရမယ်လို့ မထင်
အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းမောင်ဟာ ငယ်ငယ်တုန်းက လယ်ယာလုပ်ငန်းနဲ့ ကုန်ရောင်းကုန်ဝယ် လုပ်ခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ ကချင်ပြည်နယ်မှာ သူဟာ အိုအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တစ်ယောက် ဖြစ်လို့နေပါတယ်။
၂၀၁၁ ခုနှစ်မှာ အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
“အနာဂတ်အတွက် မျှော်လင့်ချက် များများစားစား မရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်ရွာကို ကျွန်တော် ပြန်ချင်တယ်။ လွတ်လွတ်လပ်လပ် အလုပ်လုပ်ချင်တယ်။ ဒါမှ အလုပ်မလုပ်နိုင်တဲ့အချိန် သုံးနိုင်စွဲနိုင်ဖို့ ပိုက်ဆံစုနိုင်မှာပါ”
ကျောင်းတက်ချင်တယ်
အသက် ၈ နှစ်အရွယ် အောင်လတ်နဲ့ သူရဲ့ညီ ၃ နှစ်အရွယ် နော်အောင်တို့ဟာ ကချင်ပြည်နယ်က မန်စီဒုက္ခသည်စခန်းမှာ မိခင်၊ အမတို့နဲ့ နေထိုင်နေရသူပါ။
မိခင်ဖြစ်သူ အသက် ၃၀ အရွယ် လာရှီရွိုင်ဂျာက သူမဟာ လယ်ယတစ်ခုမှာ အလုပ်လုပ်ပြီး ကလေးတွေနဲ့ နေထိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းကတော့ ကချင်စစ်တပ်က စစ်သားတစ်ယောက်ပါ။
“၅ နှစ်လောက် အဲဒီစစ်တပ်မှာ သူ ပါခဲ့တယ်။ တစ်ခါရှေ့တန်းထွက်ရင် ၃ လကနေ ၆ လအထိ ကြပါတယ်”
၂၀၁၁ ခုနှစ် နိုဝင်ဘာမှာတော့ သူတို့ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
“မြစ်ရိုးတစ်လျှောက် သေနတ်ပစ်သံတွေကြားရတုန်းက ကျွန်မ လယ်ထဲမှာ ကောက်ရိတ်နေတဲ့အချိန်ပါ။ အ၀တ်အစားတစ်ချို့နဲ့ အစားအသောက်အနည်းငယ်ကို ထုပ်ပိုးပြီး တောင်ပေါ်ကို ထွက်ပြေးခဲ့ရပါတယ်။ တစ်ရွာလုံးလည်း အဲဒီအချိန်မှာ ပြေးရတာပါပဲ”
သူတို့ဟာ တောင်တွေပေါ်မှာ ၃ နှစ်လောက် နေခဲ့ရပြီးနောက်ပိုင်း မန်စီစခန်းကို ရောက်လာတာပါ။ ၂ နှစ်အရင်က လာရှီရွိုင်ဂျာဟာ သူမရဲ့ ခင်ပွန်း တိုက်ပွဲမှာ ကျသွားတယ်ဆိုတဲ့ သတင်းဆိုးတစ်ခုကို ကြားလိုက်ရပါတယ်။
“သူ့ကို ကျွန်မ သတိရတယ်။ ဒါပေမယ့် ဘာမှမလုပ်နိုင်ပါဘူး။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် သူ့ကို သိပ်သတိရတာပဲ။ ဘာ့ကြောင့်လည်းဆိုတော့ သူက ကျွန်မကို အမြဲတမ်း အားပေးတယ်လေ”
ဘယ်တော့ အိမ်ပြန်ရောက်မလဲဆိုတာကိုတော့ လာရှီတစ်ယောက် မသိပါဘူး။
“ငြိမ်းချမ်းပြီး၊ သေနတ်သံတွေ ထပ်မကြားရတော့တဲ့ အချိန်မှာ ကျွန်မ အိမ်ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
Ref: Aljazeera
(Aljazeera သတင်းဌာနမှ The faces of Myanmar’s internally displaced ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Comments