သြဂုတ် ၈၊ ၂၀၁၇
M-Media
(ကိုတင်ရီ တင်ဆက်သည်)
– သီရိလင်္ကာနိုင်ငံရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်လို့ မှတ်ယူထားကြတဲ့ ‘မာရာဒနာ မတ်စ်ဂျီဒူလ် အဘ်ရာရ် ဂျွမ္မာ’ (Maradana Masjidul Abrar) ဗလီဝတ်ကျောင်းတော်ဟာ နိုင်ငံအနောက်ပိုင်းပြည်နယ် ကာလူတာရာခရိုင်က ဘီရူဝါလာမြို့မှာ တည်ရှိတာဖြစ်ပါတယ်။
ဒီဗလီကြီးဟာ ဒေသရဲ့အမှတ်သညာဖြစ်သလို သီရိလင်္ကာနိုင်ငံကို အစ္စလာမ်ဘာသာ စတင်ရောက်ရှိလာမှုရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံတစ်ဝှမ်း အလှဆုံးနဲ့ အခန့်ညားဆုံး ဗလီတွေစာရင်းတွေမှာလည်း ပါဝင်ပါတယ်။
သမိုင်းကြောင်း
အေဒီ ၆ ရာစုနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာရဲ့ ကုန်သွယ်မှုကို စိုးမိုးခဲ့တဲ့ အာရပ်မွတ်စလင်တွေ ကမ်းကိုရောက်တဲ့အချိန်မှာ ရွက်တွေချပြီးလိပ်တာကို အစွဲပြုကာ ကမ်းရိုးတန်းက ဒီဒေသလေးဟာ ဆင်ဟာလီဘာသာစကားနဲ့ ‘ဘီရူဝါလာ’ ဆိုပြီး အမည်တွင်သွားတာဖြစ်တယ်လို့ သမိုင်းပညာရှင်တွေက ဆိုပါတယ်။
ဘီရူဝါလာမြို့ဟာ သီရိလင်္ကာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပထမဆုံး အခြေတည်ရာမြို့ဖြစ်ပြီး ဆိုမာလီ ၀လီသူတော်စဉ်တစ်ဦးဖြစ်တဲ့ ရှိခ် ယူဆွစ်ဖ် ဘင် အဟ်မဒ် အလ်-ကော်ဉာဏ် (Shaykh Yusuf bin Ahmad alKawneyn) ရဲ့ ဖိတ်ခေါ်မှုကြောင့် ဒေသခံပြည်သူတွေဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်လာခဲ့ပါတယ်။ ဒီသူတော်စင်ကြီးကို အစွဲပြုပြီး မြို့ကို အရင်က ‘ဘာဘာရင်း’ (Berbereen) လို့ ခေါ်ဆိုပြီး နောက်ပိုင်းမှာ ဘီရူဝါလာလို့ အမည်ပြောင်းသွားတာပါ။
မာရာဒနာ မတ်စ်ဂျီဒူလ် အဘ်ရာရ် ဂျွမ္မာ ဗလီဝတ်ကျောင်းတော်ကို အေဒီ ၉၂၀ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အာရပ်ကုန်သည်တွေက ဒီဗလီအရင် ကုန်းတွင်းပိုင်းက ပင်ဟီရာမြို့ (Pinhera) မှာ ၀တ်ပြုရာနေရာတစ်ခု၊ ဘီရူဝါလာမှာ ၀တ်ပြုရာနေရာတစ်ခု တည်ဆောက်ခဲ့ပေမယ့် အခုအချိန်မှာ မရှိတော့ပါဘူး။
အပြင်အဆင်
ဝတ်ပြုဆုတောင်းတဲ့အခါ ကိုယ်လက်သန့်စင်နိုင်ဖို့အတွက် ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့မှာ ရေကန်တစ်ခုကို တူးထားပြီး ဒါက ဗလီဝတ်ကျောင်းတော်ကို ကျက်သရေတိုးစေပါတယ်။
မာရာဒနာ မတ်စ်ဂျီဒူလ် အဘ်ရာရ် ဂျွမ္မာ ဗလီဝတ်ကျောင်းတော်ကို သမိုင်းတစ်လျှောက် ၃ ကြိမ်လောက် ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ၁၈၉၃ ခုနှစ် ပြုပြင်မှုမှာ ဗလီဝတ်ကျောင်းတော်မှာ အမိုးခုံးတွေ၊ မျှော်စင်တွေ ထည့်သွင်းခဲ့ပါတယ်။
လူပေါင်း ၃၀၀၀ လောက် တစ်ပြိုင်တည်း ၀တ်ပြုလို့ရတဲ့ လက်ရှိ ဗလီဝတ်ကျောင်းတော်ပုံစံကို ၁၉၈၆ ခုနှစ်မှာ နိုင်ငံတောင်ပိုင်းပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဒက်စ်ဟာမန်ယာ အလ် ဟဂ်ျ အမ် အေ ဘာလ်ဗီယာ မက်စ်ကာရ် (Deshamanya Al Haj M A Balveer Muskar) က ဦးစီးကာ အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပါကစ္စတန် ဘွန်ဂ်မြို့ (Bong City) က ဂျာမေဗလီကြီး၊ တူရကီ ဗလီဝတ်ကျောင်းတော်တစ်လုံးက လက်ရာမျိုးတွေကိုလည်း ဒီဗလီမှာ ထည့်သွင်းထားပါတယ်။
ဗလီဝတ်ကျောင်းတော်နဲ့ ကပ်ရပ်မှာ ၀လီသူတော်စင် ၄၀ လောက်ကို မြှုပ်နှံထားတဲ့ သင်္ချီုင်းတော်တစ်ခု ရှိပြီး၊ အက်ဆယဒ် အက်ရှိခ် ဆီဟာဘွဒ်ဒင်း ၀လီယွလ္လာဟ် (Aseyyed Assheik Sihabbudeen Waliyallah) က ကျော်ကြားပါတယ်။
ဒီဝလီသူတော်စင်ကြီးတွေဟာ မွတ်စလင်တွေသာမကဘဲ တစ်ခြားဘာသာဝင်တွေရဲ့ လေးစားအားကိုးမှုကို ခံရတဲ့ သူတွေလည်းဖြစ်ပါတယ်။
ဒီဒေသကို အာရပ်မွတ်စလင်တွ အခြေချမှုရဲ့ အထိမ်းအမှတ်အဖြစ် ၂၀၁၃ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာပြုလုပ်တဲ့ အခမ်းအနားမှာ အစိုးရစာပို့ဌာနက ဂုဏ်ပြုတံဆိပ်ခေါင်း ၂ ခု ထုတ်ဝေခဲ့ပါတယ်။
သီရိလင်္ကာက သက်တမ်းအရင့်ဆုံး မွတ်စလင်အမျိုးသမီး ဘော်ဒါကျောင်း AlFasiyatul Nasriya Muslim Balika Maha Vidyalaya Maradana ဘီရူဝါလာမြို့မှာ တည်ရှိပြီး ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် ပြိုကျပျက်ဆီးခဲ့ပါတယ်။
ကိုးကား – srilankamuslims.org, wiki, Facebook of MasjidulAbrar, tourismdirectory.lk
အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာတွင် သွားရောက် ဖတ်ရှုနိုင်ပါတယ်။
Comments