သြဂုတ် ၂၆၊ ၂၀၁၇
M-Media
– ယမန်နေ့က စီရင်ချက်ချမည့် ရုံးချိန်းကို ရှောင်ရှားခဲ့သည့် ၀န်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး တိုင်းပြည်မှထွက်သွားပြီဟု သတင်းများလည်း ထွက်ပေါ်နေသည်။
ဝန်ကြီးချုပ်ဖြစ်စဉ်က ဆန်အမတော်ကြေးကိစ္စ နိုင်ငံတော်ဘဏ္ဍာ ဘီလီယံချီ ဆုံးရှုံးခဲ့မှုအတွက် ယင်းလပ်မှာ တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သည်။
ယမန်နေ့က စီရင်ချက်ချရန် စီစဉ်ထားပြီး ယင်းလပ်က ရုံးတော်သို့ မလာရောက်ခဲ့သည့်အတွက် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။
ရှင်နာဝပ်ထရာမိသားစုနှင့် နီးစပ်ပြီး ယင်းလပ်၏ပါတီဖြစ်သော Pheu Thai မှ တာဝန်ရှိသူတစ်ဦးက ယင်းလပ်မှာ နိုင်ငံအတွင်း မရှိတော့ဟု AP သတင်းဌာနသို့ ပြောကြားခဲ့ပြီး အသေးစိတ်ကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။
သူမ၏ ရှေ့နေဖြစ်သူ နိုရာဝစ် လာလာအန်က ယင်းလပ် မည်သည့်အနေရာတွင် ရှိနေသည်ဆိုသည်ကို မသိရှိဟု ပြောကြားခဲ့သည်။
“မနေ့မနက်က သူနေမကောင်းဘူး၊ ခေါင်းမူးနေတယ်လို့ပြောတယ်။ ဒါ့ကြောင့် ရုံးချိန်ဆိုင်းငံ့ဖို့ ကျွန်မ တောင်းဆိုခဲ့ပါတယ်။ ကျွန်မသိတာ ဒါပါပဲ”
၂၀၁၄ ခုနှစ်တွင် ယင်းလပ်အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်အကြီးအကဲ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အစိုးရအနေဖြင့် ယင်းလပ်ကို လိုက်လံရှာဖွေနေသည်ဟု ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ပရာဝစ် ၀ွန်ဆူဝန်က ယင်းလပ်ကို စောင့်ကြည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာလွန်ခဲ့သည့် ၂ ရက်အတွင်း ဘန်ကောက်ရှိ နေအိမ်မှ ယင်းလပ်ထွက်သည်ကို တွေ့ရှိခြင်းမရှိဟု ပြောကြားခဲ့သည်။
Ref: Aljazeera
Comments