စက်တင်ဘာ ၈၊ ၂၀၁၇
M-Media
ရာဇာ တင်ဆက်သည်
(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
– မွတ်စလင်တွေဟာ မိုးကောင်းကင်ကို စူးစမ်းလေ့လာမှုအတွက် ဘာ့ကြောင့် အချိန်တွေအများကြီး သုံးစွဲခဲ့လဲဆိုတာ သင်သိပါသလား။ ပထမဆုံးအကြောင်းအရင်းက တစ်နှစ်တာပတ်လုံး နေ့စဉ် ၀တ်ပြုချိန်တွေကို သတ်မှတ်ဖို့ လိုအပ်တာကြောင့်ဖြစ်ပါတယ်။ ၀တ်ပြုချိန်တွေဟာ အာရုဏ်တက်၊ နေ့လည်၊ မွန်းလွဲ၊ နေ၀င်ပြီးချိန်နဲ့ ညဉ့်ဦးယံတို့မှာ ဖြစ်တာကြောင့် ဒီအချိန်တွေကို သတ်မှတ်ဖို့ဟာ နေရဲ့ ရွေ့လျားမှုအပေါ်မှာ မူတည်နေပါတယ်။ မွတ်စလင်တွေဟာ ၀တ်ပြုရာမှာ ကမ္ဘာ့နေရာတိုင်းကနေ မက္ကာမြို့ဖက်ကို အတိအကျ မျက်မှာမူဖို့ လိုအပ်တာကြောင့် ဒါကိုလည်း နေနဲ့ လတို့ရဲ့ အနေအထားတွေကို ကြည့်ပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်မှာ စူးစမ်းလေ့လာရမယ့် အာကာသ အကြောင်းတွေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ပို့ချချက်တွေ ရှိနေကာ နောက်ဆုံး အကြောင်းအရင်းတစ်ခုကတော့ ပြက္ခဒိန်ဖန်တီးရေး ဖြစ်ပါတယ်။
အစ္စလာမ့်ပြက္ခဒိန်ဟာ လကို အခြေခံတွက်ချက်တာကြောင့် လမင်းကြီး အ၀င်အထွက်ကိုလိုက်ကာ ပြက္ခဒိန်က လတွေကလည်း ပြောင်းလဲနေပါတယ်။ တစ်လချင်းစီကို ဆန်းဦးစလကြည့်ရှုခြင်းနဲ့ စတင်ရပြီး တစ်လတာ ဥပုသ်သီလ ဆောက်တည်ရတဲ့ မွတ်စလင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လမှာ အဲဒီလို လကြည့်တာက တော်တော် အရေးပါပါတယ်။
ဒီလို ဘာသာရေးဆိုင်ရာတွန်းအားတွေကြောင့် နက္ခတ္တဗေဒဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်အရင်က မွတ်စလင်ပညာရှင်တွေ အဓိကထား လေ့လာခဲ့တဲ့ ပညာရပ်ဖြစ်ခဲ့ပြီး သူ့တို့ရဲ့ စူးစမ်းဖော်ထုတ်မှုတွေကလည်း ရာစုနှစ်နဲ့ချီ တည်တံ့ခဲ့ပါတယ်။ ဥရောပ ဉာဏ်သစ်လောင်းအရေးတော်ပုံ အတွင်း ၁၅ ရာစုရဲ့ နာမည်ကျော် သင်္ချာနဲ့ နက္ခတ္တဗေဒပညာရှင် ရီဂျီယိုမွန်တာနက်စ် (Regiomontanus) ဟာ မွတ်စလင်တွေရဲ့ နက္ခတ္တဗေဒဆိုင်ရာ စာအုပ်စာတမ်းတွေကို ကိုးကားခဲ့သလို၊ နီကိုလက်စ် ကော့ပါးနီးကပ်စ် (Nicolaus Copernicus) ကလည်း သူ့ရဲ့ De Revolutionibus စာအုပ်မှာ ၁၀ ရာစုနဲ့ ၁၁ ရာစုက မွတ်စလင်နက္ခတ္တဗေဒ ပညာရှင်တွေဖြစ်တဲ့ အလ်-ဇာကာလီ (Al-Zarqali) နဲ့ အလ်-ဘတ္တာနီ (Al-Battani) တို့ကို ထပ်ခါတလဲလဲ ရည်ညွှန်းခဲ့ပါတယ်။
နက္ခတ္တဗေဒဆိုင်ရာ အကြီးကျယ်ဆုံး ရှာဖွေတွေ့ရှိမှုတွေဟာ အရှေ့တိုင်းက သုတေသန စင်တာတွေမှာ ဖြစ်ခဲ့ပေမယ့် စပိန်က တော်လေဒိုဒေသကို မွတ်စလင်တွေရဲ့ နှစ်ပေါင်း ၃၀၀ အုပ်စိုးမှုအတွင်း အဲဒီဒေသဟာ ကမ္ဘာ့ နက္ခတ္တဗေဒရဲ့ အချက်အခြာနေရာ ဖြစ်ခဲ့ပါတယ်။ တော်လေဒိုမှာ တီထွင်ဖန်တီးခဲ့တဲ့ နက္ခတ္တဗေဒဆိုင်ရာ ဇယားတွေကို ဥရောပမှာ ရာစုနှစ် ၂ ခုလောက် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။
အာကာသမိုးကောင်းကင်ကို လေ့လာမှုဟာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ နေနဲ့ လတို့ဟာ မိုးကောင်းကင်တစ်ဝှမ်းမှာ ရွေ့လျားနေတာကြောင့် နေ့စဉ်နေ့တိုင်း စူးစမ်းမှုတွေ ပြုလုပ်ရပါတယ်။ ဒါ့ကြောင့် နေ၀င်နေထွက် သတ်မှတ်မှုတွေ၊ နှစ်ပတ်တစ်ခါတိုင်းမှာ ပြန်လည် တိုင်းတာသတ်မှတ်ရတဲ့ ဂြိုဟ်တွေရဲ့ လတ္တီကျု၊ လောင်ဂျီကျု အတိုင်းအတာတွေ ပေါ်ထွက်လာပါတယ်။
၉ ရာစု ဘဂ္ဂဒတ်ပြည့်ရှင် အလ်-မာမွန် (Al-Mamun) ဟာ ‘ပညာ့ရိပ်မြုံ’ (House of Wisdom) လို့ခေါ်တဲ့ အသိပညာ အကယ်ဒမီတစ်ခုကို တည်ထောင်ခဲ့ပြီး ယခင်က အသိအပညာတွေကို ဘာသာပြန်ဆိုခဲ့ပါတယ်။ ဒီ ပညာ့ရိပ်မြုံရဲ့ ပထမဆုံး အာရဘီဘာသာပြန် လက်ရာတွေထဲမှာ နက္ခတ္တဗေဒ ပညာရှင်ကြီး တော်လမီ (Ptolemy) ရဲ့ Great Work စာအုပ်လည်း ပါဝင်ခဲ့ပါတယ်။ ဒီစာအုပ်ကြီးမှာ နေ၊ လ၊ ဂြိုဟ်တွေ၊ ကြယ်တွေဟာ ကမ္ဘာ့ပတ်ဝန်းကျင်မှာ လည်ပတ်နေကြတယ်လို့ ရေးသားထားပါတယ်။ အာရပ်ပညာရှင်တွေက Almagest လို့သိကြတဲ့ ဒီ ဘာသာပြန်ကျမ်းဟာ နောက်ထပ် နှစ်ပေါင်း ၅၀၀ လောက် နက္ခတ္တဗေဒရဲ့ အခြေခံအုတ်မြစ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီစာအုပ်ကြီးမှာ တွေ့ခဲ့တဲ့ ဂရိတွေရဲ့ သင်္ချာဆိုင်ရာနည်းလမ်းတွေကို ကျော်လွန်ပြီး မွတ်စလင်တွေက ရှာဖွေစူးစမ်း ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ အထူးသဖြင့် ထရီဂိုနော်မေတြီ နယ်ပယ်မှာဖြစ်ပြီး မွတ်စလင်တွေကြီးစိုးတဲ့ ဒေသတွေမှာ ပေါ်ထွက်လာခဲ့တဲ့ တိုးတက်မှုတွေက ဥရော ဉာဏ်သစ်လောင်းအရေးတော်ပုံ ကာလ နက္ခတ္တဗေဒ ၏ပညာရပ်အတွက် တန်ဖိုးဖြတ်မရတဲ့ နည်းလမ်းတွေ ဖြစ်ခဲ့ပါတယ်။
အာကာသမိုးကောင်းကင်ကို စူးစမ်းလေ့လာရေးနယ်ပယ်နဲ့ အနာဂတ် နက္ခတ္တနယ်ပယ်အတွက် အခြေခံအုတ်မြစ်တွေချပေးရာမှာ ထင်ရှားတဲ့ မွတ်စလင် နက္ခတ္တဗေဒပညာရှင်တွေ အမြောက်အများရှိနေပြီး အဲဒီအထဲက အထင်ရှားဆုံး ပညာရှင်အချို့အကြောင်းကို အကျဉ်းချုံး ဖော်ပြလိုပါတယ်။
အလ်-ဘတ္တာနီ (Al-Battani)
အနောက်တိုင်းမှာ အလ်ဘာတဂ်နီယက်စ် (Albategnius) လို့သိကြတဲ့ သူဟာ သက္ကရာဇ် ၉၂၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့သူပါ။ အလ်-ဘတ္တာနီဟာ The Sabian Tables ကို တည်ဆောက်ခဲ့ပြီး ဒီ ဇယားဟာ ရာစုနှစ်တော်တော်ကြာတဲ့အထိ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ သူ့ရဲ့ ဖော်ထုတ်မှုတွေထဲမှာ လ၀င်၊ လထွက် အချိန်အတိအကျကို တွက်ချက်တာ၊ နေရဲ့ အကွာအဝေးကို တိုင်းတာတာ၊ နေကြတ်မှုကို ခန့်မှန်းတာ၊ အာကာသအရာဝတ္ထုတွေအပေါ် အမြင်အာရုံထွေပြားမှု (parallax) ဖြစ်စဉ်တွေ ပါဝင်ပါတယ်။ ထရီဂိုနော်မေတြီအယူအဆကို လူကြိုက်များလာအောက် လုပ်ပေးခဲ့တာကလည်း အလ်-ဘတ္တာနီပဲဖြစ်ပြီး အဲဒီအချိန်တုန်းက နက္ခတ္တဗေဒနယ်ပယ်မှာ အဓိကထားအသုံးပြုနေရတဲ့ တော်လမီရဲ့ သီအိုရီတွေကို သိသိသာသာ ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အလ်-ဘတ္တာနီဟာ နေရဲ့လှုပ်ရှားသွားလာမှု လမ်းကြောင်း၊ နေဟာ ကမ္ဘာမြေကနေ အဝေးဆုံးကို ရောက်သွားတဲ့အချိန်မှာ ကြယ်တာရာတွေကြား နေရဲ့ အကွာအဝေး စတဲ့ အရေးပါတဲ့တွေ့ရှိချက်တွေကိုလည်း စူးစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီတွေ့ရှိချက်တွေဟာ တော်လမီလက်ထက်မှာ မရှိခဲ့ပါဘူး။ ဂရိနက္ခတ္တဗေဒ ပညာရှင်တွေက နေဟာ လောင်ဂျီကျု ၆၅ ဒီဂရီမှာ ရှိတယ်လို့ ယူဆခဲ့ပြီး အလ်-ဘတ္တာနီက ၈၂ ဒီဂရီမှာ ရှိတယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။
အလ်-ဘီရူနီ (Al-Biruni)
သက္ကရာဇ် ၉၇၃ ကနေ ၁၀၅၀ အထိ အသက်ရှင်နေထိုင်ခဲ့တဲ့ အလ်-ဘီရူနီက ကမ္ဘာကြီးဟာ သူ့ရဲ့ ၀င်ရိုးပေါ်မှာ လည်ပတ်နေတယ်ဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။ ကမ္ဘာကြီးရဲ့ စက်ဝန်းမျဉ်းကို တွက်ချက်ပြခဲ့ပြီး ကမ္ဘာတစ်ဝှမ်းကနေ မက္ကာမြို့ကို မျက်နှာမူရမယ့် အရပ်တွေကို သိပ္ပံနည်းကျ ပုံသေ သတ်မှတ်နိုင်ခဲ့ပါတယ်။ အလ်-ဘီရူနီဟာ ကျမ်းပေါင်း ၁၅၀ လောက် ရေးသားခဲ့ပြီး အဲဒီအထဲမှာ ၃၅ ခုလောက်က နက္ခတ္တဗေဒ သီးသန့်ကျမ်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့မှာတော့ သူ့ရဲ့လက်ရာ ၆ အုပ်လောက်သာ ကျန်ရှိပါတော့တယ်။
အစ်ဗနေ့ ယူနွတ်စ် (Ibn Yunus)
အစ်ဗနေ့ယူနွတ်စ်ဟာ ၄.၆ ပေအချင်းရှိတဲ့ နက္ခတ္တဗေဒကြည့် အိမ်မြှောင်နဲ့ သက္ကရာဇ် ၉၇၇ ကနေ နှစ်ပေါင်း ၃၀ နီးပါးလောက်အထိ အာကာသကို စူးစမ်းလေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး ဒီနှစ်တွေအတွင်းမှာ နေရဲ့ တည်နေရာပေါင်း တစ်သောင်းကျော်လောက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အလ်-ဖာ့ဂ်ဟာနီ (Al-Farghani)
အဘ္ဘာစစ်မင်းဆက် ပြည့်ရှင် အလ်-မာမွမ်ရဲ့ လက်စွဲတော် နက္ခတ္တဗေဒပညာရှင်တွေထဲက တစ်ဦးပါ။ အလ်-ဖာ့ဂ်ဟာနီဟာ နက္ခတ္တဗေဒသုံး အိမ်မြှောင်အကြောင်း၊ ဒီကိရိယာနောက်ကွယ်က သင်္ချာဆိုင်ရာ သီအိုရီအကြောင်း ရေးသားဖော်ထုတ်ခဲ့သူပါ။ ပြီးတော့ သူ့ခေတ်သူ့အခါက အဲဒီအိမ်မြှောင်မှာ ရှိခဲ့တဲ့ ဂျီသြမေတြီဆိုင်ရာ မှားယွင်းချက်တွေကိုလည်း ပြင်ဆင်ပေးခဲ့ပါတယ်။ သူ့ရဲ့ အကျော်ကြားဆုံး စာအုပ်က Book on Sun Movement and Encyclopedia of Star Science (နေရွေ့လျားမှုနှင့် ကြယ်တာယာသိပ္ပံဆိုင်ရာ စွယ်စုံကြမ်း) ဖြစ်ပြီး စကြ၀ဠာဗေဒနဲ့ ပတ်သက်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ အခန်းပေါင်း ၃၀ လောက်ပါဝင်တဲ့ ဒီစာအုပ်မှာ ကမ္ဘာကြီးအကြောင်းနဲ့ အရွယ်အစား၊ ကမ္ဘာကြီးရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဂြိုဟ်တွေရဲ့ အကွာအဝေး၊ အရွယ်အစားတွေကို ဖော်ပြထားပါတယ်။
အလ်-ဇာကာလီ (Al-Zarqali)
သက္ကရာဇ် ၁၀၈၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့သူ့ကို ဥရောပက အာရ်ဇာခီ (Arzachel) ဒါမှမဟုတ် အဇာကွီလ် (Azarquiel) လို့ သိကြပါတယ်။ သူဟာ နက္ခတာယာဇယား Toledan Tables ကို တည်ဆောက်ခဲ့ပြီး ဘယ်လို ပထ၀ီအခြေအနေမျိုးမှာမဆို အသုံးပြုလို့ရတဲ့ အဆင့်မြင့် နက္ခတ္တဗေဒကြည့် အိမ်မြှောင်ကို တီထွင်ခဲ့သူပါ။
ဂျာဘီရ် အစ်ဗနေ့ အဖ်လာ (Jabir ibn Aflah)
ဂျာဘီရ်ဟာ သက္ကရာဇ် ၁၁၄၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အာကာသ ကိုသြဒိနိတ်တွေကို တိုင်းတာဖို့အတွက် ဂြိုဟ်ပုံတူတွေကို ပထမဆုံး ဒီဇိုင်းဆွဲ ဖန်တီးခဲ့သူပါ။ စက်လုံးဆိုင်ရာ ဂျီသြမေတြီပညာရပ်မှာ ဂျာဘီရ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကလည်း ကျော်ကြားပါတယ်။
အစ်ဗနေ့ ရူရှဒ် (Ibn Rushd)
၁၂ ရာစု ကော်ဒိုဘာက မွတ်စလင်ပညာရှင်တစ်ယောက်ဖြစ်ပြီး အနောက်တိုင်းမှာတော့ အဗာရို့စ် (Averroes) အဖြစ် ကျော်ကြားပါတယ်။ သူဟာ ကော်ဒိုဘာမှာ နာမည်ကျော် ဆရာဝန်တစ်ယောက် ဖြစ်ပြီး၊ နက္ခတ္တဗေဒမှာလည်း ကျွမ်းကျင်ပါတယ်။ သူဟာ နေက အစက်အပျောက် (sunspot) တွေကို ရှာဖွေတွေ့ရှိခဲ့သူလို့ မှတ်ယူခံထားရပါတယ်။
အစ်ဗနနေ့ အလ်-ရှာတီရ် (Ibn al-Shatir)
၁၄ ရာစုက မွတ်စလင် နက္ခတ္တဗေဒပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ လရဲ့ လှုပ်ရှားသွားလာမှုမှာ တော်လမီရဲ့ အယူအဆကို ပြင်ဆင်ခဲ့ပြီး လက အမှန်တကယ် ကမ္ဘာနဲ့ နီးကပ်တာထက်ပိုပြီး ကြီးနေတယ်လို့ လူတွေက မြင်နေရတယ်ဆိုတဲ့ အချက်ကို ပထမဆုံး စဉ်းစားခဲ့ပါတယ်။ အခြားသော မွတ်စလင်နက္ခတဗေဒပညာရှင်တွေလိုပဲ ဂရိတွေရဲ့ ဂြိုဟ်နက္ခတ်ဆိုင်ရာ သီအိုရီမှာ လိုအပ်ချက်တွေကိုလည်း အလ်-ရှာတီရ်က ပြင်ဆင်ခဲ့ပါတယ်။
“လိုအပ်နေတာအတွက် အောင်မြင်မှုရမယ့် နည်းနာတွေကို ဖော်ထုတ်နိုင်ရေး အားထုတ်ကြိုးပမ်းလိုစိတ်နဲ့ ကူညီစောင်မဖို့ ကြီးမြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ဆုမွန်ကောင်း တောင်းခံခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်ကြောင့်ပဲ ကျွန်တော်ဟာ လောင်ဂျီကျု၊ လတ္တီကျုတွေ၊ ဂြိုဟ်တွေရဲ့လှုပ်ရှားမှုကို ဖော်ထုတ်နိုင်မယ့် အခြားနည်းလမ်းတွေနဲ့အတူ ဂြိုဟ်နက္ခတ် သွားလာလည်ပတ်မှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာစံတွေကို ကျွန်တော် တီထွင်နိုင်ခဲ့ပါတယ်။ ဒီနည်းစနစ်အသစ်တွေက နည်းလမ်းအဟောင်းတွေမှာ ရှိနေတဲ့ မပြည့်စုံမှုတွေကို ချေဖျက်ပစ်လိုက်ပါတယ်” လို့ အလ်-ရှာတီရ်က ရေးသားခဲ့ပါတယ်။
အလယ်ခေတ် အစ္စလာမ့် နက္ခတ္တဗေဒနယ်ပယ်ရဲ့ အမွေအနှစ်တွေကို ယနေ့ထိတိုင် တွေ့နေရတုန်းပါ။ Zenith၊ Azimuth ဆိုတဲ့ စကားလုံးတွေ၊ Summer Triangle၊ Vega၊ Altair၊ Deneb စတဲ့ ကြယ်အမည်တွေ အားလုံးဟာ အာရဘီဝေါဟာရတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
ခေတ်သစ် နက္ခတ္တဗေဒပညာရပ် မွေးဖွားလာခြင်း
ဂရိတွေနဲ့အတူ သေဆုံးပျောက်ကွယ်တဲ့ နက္ခတ္တဗေဒပညာကို ကော်ပါးနီးကပ်စ်က ပြန်လည် အသက်သွင်းပေးခဲ့တယ်လို့ လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ ၁၅ ရာစုက ဒီ ပိုလန်ပညာရှင်ကြီးဟာ ခေတ်သစ်နက္ခတ္တဗေဒရဲ့ အစလို့ ပြောလို့ရတဲ့ နေကိုဗဟိုပြုတဲ့ နေ့အဖွဲ့အစည်းစနစ်ကို စတင်မိတ်ဆက်ခဲ့မှုအတွက် ကျော်ကြားပါတယ်။
ဒါပေမယ့် သူ့ရဲ့ ဒီဖော်ပြချက်ဟာ သူ့အရင် နှစ်ပေါင်း ၁၀၀ ကျော်က မွတ်စလင်ပညာရှင်ကြီး အလ်-ရှာတီရ် ဖော်ထုတ်ခဲ့တဲ့ ဂြိုဟ်နက္ခတ်ဆိုင်ရာ သီအိုရီနဲ့ တွက်ချက်မှုဆိုင်ရာမှာ သွားတူနေတာဟာ တိုက်ဆိုက်မှု မဟုတ်လောက်ဘူးလို့ သမိုင်းပညာရှင်တွေက နောက်ပိုင်းမှာ ယူဆလာကြပါတယ်။ ကော်ပါးနီးကပ်စ်ဟာ အလ်-ဘတ္တာနီ ရေးသားခဲ့တဲ့ ကြယ်တရာနဲ့ ဂြိုဟ်နက္ခတ်ဇယားတွေ ပါဝင်တဲ့ နက္ခတ္တဗေဒဆိုင်ရာ ကျမ်းကြီးကို တော်တော်လေး မှီခိုအားထားခဲ့တယ်လို့ သိရပါတယ်။
ကော်ပါးနီးကပ်စ်အသုံးပြုခဲ့တဲ့ သင်္ချာဆိုင်ရာ ကိရိယာတွေကလည်း သူ့အရင်က မွတ်စလင် ပညာရှင်ကြီးတွေ တီထွင်ထားတဲ့ ကိရိယာတွေ ဖြစ်ပါတယ်။ ကော်ပါးနီးကပ်စ်နဲ့ မွတ်စလင်ပညာရှင်ကြီးတွေအကြား အရေးပါတဲ့ တစ်ခုတည်းသော ကွာခြားချက်ကတော့ မွတ်စလင်တွေရဲ့ ကမ္ဘာကြီးကို ပုံဖော်မှုဟာ အသေဖြစ်နေပြီး ကော့ပါးနီးကပ်စ်က နေကို လှည့်ပတ်နေတယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ prallactic ruler လို အရှေ့တိုင်းက အသုံးပြုတဲ့ နက္ခတ္တဗေဒ ကိရိယာတွေကိုလည်း ကော်ပါးနီးကပ်စ်က အသုံးပြုခဲ့ပါတယ်။ အဲဒီ ကိရိယာကို ဆမာရ်ကန်နဲ့ မာရဂ်ဟာက သုတေသန စင်တာတွေမှာ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်
Comments