အိုင်းစတိုင်းလို့ပြောရင် လူအတော်များများသိကြတယ်။
၂၀ ရာစုရဲ့ Genius ကြီး၊ ရူပဗေဒသီအိုရီတွေနဲ့ ခေတ်ကို ပြောင်းစေသူကြီး၊ ဒါဆို Genius တိုင်းဟာ နာမည်ကြီးသလားပေါ့။
အထူးသဖြင့် လူသားသမိုင်းကို အိုင်စတိုင်းလိုပဲ ပြောင်းလဲပစ်ခဲ့တဲ့ Genius တိုင်းဟာ နာမည်ကြီးသလားပေါ့။
No ,
Genius တိုင်းဟာ နာမည်မကြီးဘူး
ဒါပေမဲ့ ဆင်ပိန်ကျွဲလောက် သဘောနဲ့ သာမန်လူထက်တော့ နာမည်ကြီးတယ် နေရာပေးခံရတယ်ပေါ့။
ဒါပေမဲ့ရဲ့ ဒါပေမဲ့ဗျာ
လူသားသမိုင်းကို အိုင်စတိုင်းလို ပြောင်းလဲစေခဲ့ပြီး အိုင်စတိုင်းထက်တောင် အခက်အခဲတွေကို ကြံ့ကြံ့ ခံကျော်လွှားပြီး လူသူသိပ်မသိရတဲ့ Genius တွေရှိသဗျ၊
ကျနော် အဲ့လိုလူတယောက်အကြောင်းရေးကြည့်မယ်။ အဲ့ဒီလူဟာ နိုဘဲလ် ဆု ပေးဖို့ နာမည်စာရင်းထဲမှာ ၉ ကြိမ် ပါခဲ့တယ်။
ဒါပေမဲ့ ၁ ကြိမ်မှ မရခဲ့ဘူး။ သူသေဆုံးတော့ သူ့ ဈာပန မှာ လူ ၇ ယောက်ပဲ ရှိခဲ့တယ်။
ကဲ သူ ဘယ်သူလဲ?
နောက်ခံမြင်ကွင်း တခုကနေ စ ရအောင်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးစ ဥရောပ တိုက်မှာ နာဇီဂျာမန် တွေကို စစ်အတွင်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အပြစ်ပေး အရေးယူဖို့ နုရင်ဘတ် ခုံရုံးကို မဟာမိတ်တွေက ဖွင့်လှစ်ခဲ့တယ်။
နာဇီတွေ ကျူးလွန်တဲ့ ပြစ်မှုတွေဟာ များပြားပြီး ကြီးမားလွန်းတော့ လူသမိုင်းမှာ မကြုံ စဖူးလို ဖြစ်နေတယ်။
ခုံရုံး အနေနဲ့လည်း သူတို့ လုပ်ငန်းအတွက် ဥပဒေ ပညာရှင်တွေ အများအပြားကို ခေါ်ယူခန့်ထားရတယ်။
အဲ့ ဥပဒေပညာရှင်တွေထဲက တယောက်ဟာ ခုံရုံးအတွက် အလုပ်လုပ်သလောက် ခုံရုံးနဲ့ အတိုက်အခံ အဖြစ်ဆုံး ဖြစ်နေတယ်။
သူက ”ခုံရုံးဟာ နာဇီတွေကို တရားစီရင်ဖို့ လုံလောက်တဲ့ ဥပဒေ ကို စွဲကိုင် မကျင့်သုံးနိုင်ဘူး ဖြစ်နေတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ များပြားကြီးမားတဲ့ နာဇီတွေရဲ့ ရာဇဝတ်မှုတွေကို စီရင်ဖို့ လုံလောက်တဲ့ ဥပဒေ မရှိဘူး ဖြစ်နေတယ်” စသဖြင့် ခုံရုံးဟာ စွမ်းဆောင်ရည် ချို့တဲ့ပုံမျိုး ပြောနေတယ်။
သူက ခုံရုံးအနေနဲ့ နာဇီတွေကို စစ်ရာဇဝတ်မှု နဲ့ စွဲချက်တင်နေတာဟာ မလုံလောက်ဘူး ။နာဇီတွေဟာ စစ်ရာဇဝတ်မှုမကသော ထို့ထက်ကြီးမားတဲ့ ပုံစံနဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာဖြစ်ကြောင်း ၊ နာဇီတွေရဲ့ ရာဇဝတ်မှုတွေကို သီးသန့်အမည်နဲ့
အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ နဲ့ ဥပဒေ ပြဌာန်းပြီး အရေးယူရမှာ ဖြစ်ကြောင်း၊ သို့မှသာ နာဇီတွေကဲ့သို့ နောက်ထပ်ကျူးလွန်မှုမျိုး ကို တားဆီးနိုင်မှာ ဖြစ်ကြောင်း တတွင်တွင် အော်နေတော့တယ်။
သူဟာ ဥရောပမြေမှာ ဒီစကားတွေကို အော်တာ အခုဟာက ဒုတိယအကြိမ်မြောက်ဖြစ်တယ်။
ပထမ အကြိမ်သူဒီလိုအော်ခဲ့တာလည်းရှိတယ်။
အဲ့ဒီတုန်းက ပထမ ကမ္ဘာစစ်အပြီးမှာ အော်ခဲ့တာပါ ။ သူထောက်ပြတဲ့ ကိစ္စက ဂျာမနီတော့ မဟုတ်ဘူး။ တူရကီ ကိစ္စပါ။
ပထမ ကမ္ဘာစစ်အတွင်း တူရကီပြည်ထဲရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး အာမေနီးယန်း လူမျိုးတွေအပေါ် ကျူးလွန်ခဲ့မှုတွေနဲ့ ပတ်သတ်ပြီးတော့ အော်ခဲ့တာပါ။
OK သူဟာ အာမေနီးယန်း တယောက်လား?
NO မဟုတ်ပါ။
သူဟာ ပိုလန်ဖွား ဂျူးလူမျိုး တယောက်ပါ။
သူ့နာမည်က Raphael Lemkin
ပိုလန်ပြည်ရဲ့ တောရွာလေး တရွာမှာ မွေးဖွားခဲ့ပြီး ၊ သူ့အမေကိုယ်တိုင်က သူ့ကို စာသင်ပေးခဲ့တယ်။
သူဟာ ဘာသာစကား ၉ မျိုးကို ကျွမ်းကျင် တတ်မြောက်ပြီး နောက်ထပ် ၃ မျိုးလောက်ကို ဖတ်နိုင်တယ်။ ဥပဒေ ဘွဲ့ရလည်းဟုတ်တယ်။
တရက် သူ့ဘဝ အပြောင်းအလဲ စတယ်၊ သတင်းစာ တစောင်ကနေသတင်းတပုဒ်ပါလာပါတယ်။
သတင်းက ပထမ ကမ္ဘာစစ်ပြီးစ ဂျာမနီမှာဖြစ်တာပါ။
စစ်အတွင်းတုန်းက တူရကီ ပြည်ထဲရေး ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူကို အာမေနီးယန်း လူငယ်တယောက်က သေနတ်နဲ့ပစ်သတ်လိုက်တဲ့ သတင်းပါ။
အာမေနီးယန်း လူငယ်ကို တရားစီရင်ဖို့ ဖမ်းဆီးထားပါတယ်။
Raphael က ဒီသတင်းကို စိတ်ဝင်စားပါတယ်။ ဒီတရားစီရင်မှုကို မလွတ်တမ်း စောင့်ကြည့်နေခဲ့ပါတယ်။ အာမေနီးယန်း လူငယ်ဟာ ကိုယ်တိုင်လျှောက်လှဲချက်ပေးပါတယ်။
သူဟာ လူသတ်မှုကို ဝန်ခံပါတယ်။ ဒါပေမဲ့ ဘာ့ကြောင့် သတ်ရလဲဆိုတဲ့ အကြောင်းပြချက်ကို ရှည်လျားစွာ ပေးပါတယ်။
တူရကီ ပြည်ထဲရေး ဝန်ကြီးဟာ ပထမ ကမ္ဘာစစ်အတွင်း အာမေနီးယန်း လူမျိုး ၈ သိန်းကျော်ကို သတ်ဖြတ်ရာမှာ အဓိက အမိန့်ပေးခဲ့သူ မို့ပါတဲ့၊
အာမေးနီးယန်း လူငယ်ရဲ့လျှောက်လှဲချက်ဟာ ကြောက်စရာ တုန်လှုပ်စရာ သနားစရာ ပေါင်းစုံပါဝင်တဲ့ အမှန်အကန် အချက်အလက်တွေပါ။
အာမေးနီးယန်း အမျိုးသမီးတွေကို တူရကီ လုံထိန်းတွေက အစုလိုက်အပြုံလိုက် မုဒိန်းကျင့်ခဲ့တာ ၊ ကလေးတွေကို စစ်ဖိနပ်နဲ့ နင်းချေသတ်ဖြတ်တာ၊
လမ်းပေါ်မှာ အငတ်ဘေးနဲ့ အာမေနီးယန်းတွေ အုပ်စုလိုက် သေကုန်တာ စသဖြင့် စသဖြင့် အာမေနီးယန်း လူငယ်ဟာ ဖြီးဖြန်းနေတာ မဟုတ်ပါဘူး၊
သူပြောတဲ့ အချက်တွေဟာ ကမ္ဘာ့ကြက်ခြေနီ အဖွဲ့၊ စစ်အတွင်း တူရကီက အမေရိကန် သံအမတ်ရဲ့ ပြောကြားချက်၊ သတင်းပေးပို့ချက် ဓါတ်ပုံတွေ စသဖြင့် အထောက်အထား အခိုင်အမာ တွေပါဝင်ပါတယ်။
ဒါနဲ့ပဲ တရားရုံးရဲ့ စီရင်ချက် ရောက်လာပါတယ်။ အာမေနီးယန်း လူငယ်ဟာအပြစ်ရှိတယ် သေဒဏ်ပေါ့ဗျာ၊
ဒါပေမဲ့ ဗျာ
လူ၈သိန်းကို သတ်ဖြတ်ခဲ့တဲ့ တူရကီ ပြည်ထဲရေး ဝန်ဟောင်းကတော့ အပြစ်ရှိတယ်လို့ စီရင် ချမှတ်ပြီး သေဒဏ်အပေးမခံခဲ့ရပါဘူး။
အာမေနီးယန်း လူငယ်သတ်လိုက်လို့သာသေသွားတယ်။
တူရကီပြည်ထဲရေးဝန်ကြီးဟောင်းနဲ့သူ့ အပေါင်းအပါရာဇဝတ်ကောင်တွေဟာ ဘာတရားစီရင်မှုမှ မခံရဘဲ အပြင်မှာ အေးအေးဆေးဆေး နေထိုင်ခွင့်ရကြပါတယ်။
Raphael အတွက် မေးခွန်းတွေ တသီကြီးထွက်လာပါတယ်။
ဘာ့ကြောင့်လဲ?
လူတယောက်ကို သတ်တဲ့ အာမေနီးယန်းလူငယ်ကို သေဒဏ်စီရင်နိုင်ခွင့်ရှိပြီး
လူ၈သိန်းကိုသတ်ခဲ့တဲ့ တူရကီ အာဏာပိုင်တွေကတော့ လွတ်နေတာ ဘာ့ကြောင့်လဲဆိုတဲ့ မေးခွန်းကတော့ အဓိကပါ
လူ ၁ ယောက်ကိုသတ်တာအတွက် သေဒဏ်
လူ ၈သိန်းကို သတ်တာအတွက် တရားစီရင်မှု နဲ့ ပြစ်ဒဏ်မရှိ
Why?
Raphael ဟာ သူရဲ့ဆရာ ဥပဒေ Prof . ဆီသွားပြီး ဒီမေးခွန်းတွေ မေးခဲ့ပါတယ်။ သူ့ဆရာပြန်ဖြေတဲ့ အဖြေကတော့
တူရကီပြည်ထဲရေးဝန်ဟာ” သူ့ခြံထဲမှာ မွေးထားတဲ့သိုးတွေကို ရိုက်ရိုက် သတ်သတ် ကြိုက်တာ လုပ်ခွင့်ရှိတာမို့” ဥပဒေအရ ဘာမှ အရေးယူခွင့်မရှိပါတဲ့။ ဆိုလိုချင်တာက တူရကီနိုင်ငံရဲ့အချုပ်အချာအာဏာပိုင်နက်ထဲမှာ နေတဲ့ အာမေးနီးယန်း လူမျိုးတွေကို
တူရကီပြည်ထဲရေးဝန်ဟာ ကြိုက်တာလုပ်ခွင့်ရှိတယ် အဲ့ဒါကို အရေးယူနိုင်တဲ့ ဥပဒေ မရှိဘူးဆိုတာပါပဲ။ အချုပ်အချာအာဏာပိုင်တဲ့နိုင်ငံတခုက အာဏာပိုင်အစိုးရက သူ့ပိုင်နက်အတွင်းမှာ ရှိတဲ့ လူသားတွေကို ကြိုက်ရာလုပ်ပိုင်ခွင့်ရှိတယ်။ ဒီအတွက် ဘာ ရာဇဝတ်မှုမှ
မမြောက်တဲ့သဘောသက်ရောက်နေပါတယ်။ ဒီလိုကိစ္စကို အရေးယူနိုင်မဲ့ ဥပဒေ ပြဌာန်းချက် မရှိဘူးဆိုတဲ့အနေအထားပါ။
Raphael ဟာခနဲ ဖြစ်သွားပါတယ်။ အာမေးနီးယန်းတွေဟာ သိုးတွေမဟုတ်ပါဘူး။ လူသားမျိုးနွယ်တွေပါ။ လူသားမျိုးနွယ်ဝင် ၈သိန်းကို သတ်ဖြတ်တဲ့အပေါ် အရေးယူနိုင်တဲ့ ဥပဒေ မရှိဘူးဆိုတာဟာ ဘုရား၊ဘုရား လူတွေဟာ တိရစ္ဆန်ထက်တောင်
နိမ့်ကျနေပါရောလား။ တိရစ္ဆာန်တွေရဲ့ jungle law အရ အားကြီးသူက စားစတမ်း ဒါပေမဲ့ တခါစားဖို့ တကြိမ်ပဲ သတ်တယ်။ လူတွေက အချင်းချင်း ၈ သိန်း ၊လူတွေရဲ့ ကျင့်သုံးမှု ဟာ တိရိစ္ဆာန်တွေရဲ့ jungle law ထက်နိမ့်ကျနေပီလား ၊ ဒါဟာ မဖြစ်သင့်
ဒါအတွက် ငါတိုက်ပွဲဝင်မယ်၊ စသဖြင့် Raphael ဆုံးဖြတ်ချက်ချပါတယ်။
ဒီနောက်မှာတော့ Raphael ဟာ ဥရောပတိုက်မှာကျင်းပတဲ့ ဥပဒေ ကွန်ဖရင့် တွေမှာ သူ့ရဲ့ presentation တွေနဲ့ ထိုးဖောက်ပါတော့တယ်။
Raphaelရဲ့ ဒီထိုးဖောက်မှုဟာ post ရဲ့အစပိုင်းမှာ ရေးခဲ့တဲ့ Raphael ပထမ အကြိမ် တိုက်ပွဲပဲဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ Raphael ဟာ ခွက်ခွက်လန်အောင်ရှုံးပါတယ်။
အင်းးးးး တကယ်တော့ Raphael ရဲ့ အရှုံးလို့ပြောရုံနဲ့ မလုံလောက်ဘူးဗျ။ ဒါဟာ မနုသလူသားထုရဲ့ အရှုံးဗျ
ဒီအရှုံးရဲ့ ဒဏ်ကို လူသားထုဟာ သွေးတွေ အလောင်းတွေ အရိုးတောင်လိုပုံတဲ့ ပေးဆပ်မှုတွေနဲ့ ပေးဆပ်ရတော့တာပဲဗျာ။
OK ဒီပထမ အကြိမ်တိုက်ပွဲမှာ Raphael ဘာတွေထိုးဖောက်ခဲ့သလဲ
ဘာလို့ရှုံးခဲ့သလဲ ဆိုတာတွေကို နားလည်ဖို့၊ အဲ့ဒီခေတ်က နိုင်ငံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးနောက်ခံကို ကြည့်ကြည့်ကြစို့ရဲ့၊
Raphael ရဲ့ ပထမအကြိမ်တိုက်ပွဲဟာ ပထမကမ္ဘာစစ်အပြီးကာလမှာပါ။ ဒီကာလရဲ့ နိုင်ငံတကာစင်မြင့်ကတော့ နိုင်ငံပေါင်းချုပ်အသင်းကြီးပါ။
Raphael ရဲ့ ရည်ရွယ်ချက်က ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေဟာ (national level)နိုင်ငံတော်အဆင့် အာဏာကို စွဲကိုင်ပြီး ကျူးလွန်ခဲ့ကြတယ် ပြီးတော့ ဒီအာဏာနဲ့ပဲ သူတို့ကို အရေးယူမရအောင် ပြန်ကာထားကြပြန်တယ်။
ဒါဆို ဒီလူတွေကို အရေးယူဖို့ အာဏာဟာ နိုင်ငံတခုချင်းစီရဲ့ national level ထက်ပိုမြင့်သော အပြည်ပြည်ဆိုင်ရာ အဆင့်ရှိတဲ့ တနည်း international level အဆင့်ရှိသော အဖွဲ့ကနေ ထွက်ပေါ်လာရမယ်။
Raphael မျှော်လင့်တဲ့ international level ဆိုတာကတော့ အဲ့ဒီ့ နိုင်ငံပေါင်းချုပ် အသင်းကြီး ဆိုတာပါပဲ။
ဒါပေမဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးဟာ Raphael မျှော်လင့်သလို အာဏာ ပြောပလောက်အောင် မရှိတဲ့ စက္ကူ ကျား ဖြစ်နေတာပါ။ အဖွဲ့ဝင်တွေဟာ ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားအတွက်သာ ဦးတည်ချက်ထား အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။
-စစ်နိုင်သော်လည်းချွတ်ခြုံကျနေတဲ့ ဗြိတိန် ပြင်သစ် အီတလီ
-တော်လှန်ရေးနဲ့ မွစာကျဲနေတဲ့ရုရှား
-စစ်ရှုံးပြီး ဖရိုဖရဲဖြစ်နေတဲ့ ဂျာမနီ တူရကီ စတဲ့နိုင်ငံတွေနဲ့ ဥရောပဟာ ယိုင်နဲ့နဲ့ အခြေအနေနဲ့ရှိနေတာပါ။
စစ်လည်းနိုင် စီးပွားလည်းတောင့်တဲ့ အမေရိကန်ကတော့ သမုဒ္ဒရာ ၂ ခုကြားမှာ အေးဆေးပဲ နေတော့မယ်ဆိုပြီး ဥရောပနိုင်ငံရေးနဲ့ မပတ်သတ်ပဲနေတဲ့ကာလပါ။ စစ်ရှုံးနိုင်ငံတွေကို စီမံခန့်ခွဲခွင့်ရတဲ့ စစ်နိုင်တဲ့ နိုင်ငံတွေဟာ စစ်ရှုံး ဂျာမနီ နဲ့ တူရကီဆီက အဆီ အသားမျိုချဖို့ပဲ စီမံခန့်ခွဲကြပါတယ်။ စစ်အတွင်းမှာ ဘယ်နိုင်ငံက ဘယ်လိုရာဇဝတ်မှုတွေ မတရားမှုတွေကျူးလွန်သလဲ ဆိုတာတွေကို ဘသူကမှ စိတ်မဝင်စားကြပါဘူး။
ဗြိတိန်ကတော့ တူရကီက အာမေနီးယန်း ကိစ္စကို ကိုင်တွယ်ဖို့ကြိုးပမ်းကြည့်ပေမဲ့ အခြေအနေ မဟန်ပုံရတော့ ဆက်မလုပ်တော့ပါဘူး။ ဒီလိုနဲ့ အာမေးနီးယန်း ၈သိန်းကို သတ်ဖြတ်ခဲ့တဲ့ ကိစ္စကြီးဟာ ရုပ်ဆိုးပန်းဆိုး နဲ့ ဥရောပဥပဒေလောကကို လှောင်ပြောင်နေပါတယ်။ လူ ၈သိန်းကို သွေးအေးအေးနဲ့ သတ်ဖို့ အားပေး စီမံ လုပ်ဆောင် ခဲ့ကြတဲ့ တူရကီပြည်ထဲရေး ဌာနက အာဏာပိုင်တွေဟာလည်း လွတ်လွတ်လပ်လပ်နဲ့ ရှင်သန်အသက်မွေးပြီး အေးဆေးနေထိုင်နေကြပါတယ်
အဲ့ဒီခေတ်ကာလရဲ့ နိုင်ငံရေးသမား အများစုကလည်း စစ်ပွဲအတွင်း လူသန်းချီသေခဲ့တာကွ၊ ၈ သိန်းလောက် ထည့်ပြောမနေပါနဲ့ဆိုတာမျိုးပါ။
စစ်ပွဲအပြီး စစ်နိုင်တဲ့နိုင်ငံတွေက မောက်မာတဲ့စိတ်ရှိသလောက် စစ်ရှုံးနိုင်ငံတွေကလဲ နာကျည်းစိတ်နဲ့ အမျိုးသားရေးအစွန်းရောက်စိတ်တွေနဲ့ အတွင်းကြိတ်လောင်ကျွမ်းနေကြတာပါ။
နိုင်ငံပေါင်းချုပ်အသင်းကြီးဆိုတာလဲ စစ်နိုင်တဲ့ နိုင်ငံတွေက စစ်ရှုံးနိုင်ငံတွေအပေါ် နိုင်ငံချင်းအလိုက် အမြတ်ထုတ်ဖို့ ဖြစ်နေတာကလွဲရင် တနိုင်ငံချင်းစီရဲ့ ပြည်တွင်းအရေးအရာကို ကိုယ်ကျိုးစီးပွားမရှိရင် စိတ်မဝင်စားတဲ့အတွက်
နိုင်ငံတခုချင်းစီမှာ ရှိတဲ့ လူနည်းစုလူမျိုးနွယ်တွေရဲ့ နစ်နာမှုတွေကို ဖော်ထုတ်ဖို့ ၊ အဲ့ဒီနစ်နာမှုတွေ အတွက် နိုင်ငံပေါင်းချုပ်အသင်းကြီးက ဥပဒေ စာချုပ် တစုံတရာနဲ့ ကုစားပေးဖို့ ဆိုတာက မဖြစ်နိုင်တဲ့ အခြေအနေပါ။
ဒီလိုနောက်ခံတွေကြားမှာ Raphael ဟာ တိုက်ပွဲဝင်ရပါတော့တယ်။ Raphael ဟာ ဥပဒေ သမားတယောက်က်ပီပီ၊ တူရကီတွေက အာမေးနီးယန်းတွေကို ကျူးလွန်တဲ့ ကိစ္စမျိုးအတွက် ကိုင်တွယ်ဖို့ နိုင်ငံတကာ ဥပဒေ တရပ် ပြဌာန်းရေး တိုက်ပွဲဝင်ပါတယ်။
ဥပမာ – ကမ္ဘာပေါ်မှာ ပင်လယ်ဓါးပြမှုဟာ နိုင်ငံတကာ ရာဇဝတ်မှုပါ။ ဆိုလိုချင်တာက အစိုးရတရပ်ကဖြစ်စေ တစုံတယောက်ကဖြစ်စေ ပင်လယ်ဓါးပြမှုလုပ်ရင် ကျန်တဲ့နိုင်ငံတွေက ပေါင်းပြီး ကျူးလွန်တဲ့ သူကို ဝိုင်းပြီး အရေးယူခွင့်ရှိပါတယ်။ ကျူးလွန်တဲ့ နိုင်ငံရဲ့ အချုပ်အချာအာဏာ ကို ထည့်တွက်စရာ မလိုပါဘူး။
Raphael ထောက်ပြတာက ပင်လယ်ကူးသင်္ဘောမှာပါတဲ့ ကုန်ပစ္စည်းတွေထက် လူ့အသက်တွေက တန်ဖိုးကြီးပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့ ဥပဒေ ပြဌာန်းပေးပါလို့ သူက တောင်းဆိုပါတယ်။ Raphael ရဲ့ တင်ပြချက်တွေဟာ ချေပခံရတယ် ငြင်းဆိုခံရတယ် အလှောင်ခံရတယ် လျစ်လျူ ရှုခံရပါတယ်။ နောက်ပြီး Raphael ရဲ့တင်ပြချက်တွေကို လူတွေက မယုံနိုင်သလိုလဲဖြစ်နေကြပါတယ်။ အထောက်အထား အစုံအလင်နဲ့ ပြသတာတောင် လူတွေအဲ့လောက်အများကြီး အသက်ခံရတယ်ဆိုတာ ချဲ့ကားလွန်းတာပါကွာ ဆိုတဲ့ ကိုယ့်စိတ်ကိုယ်ပြန်လိမ်တဲ့ psycho effect ကလဲရှိနေပါသေးတယ်။
တချို့ကတော့ စစ်အတွင်းပဲကွာ ဒီလောက်တော့ သေမပေါ့ ဆိုတဲ့ပေါ့ပျက်ပျက် သဘောမျိုးနဲ့ တုန့်ပြန်ကြပါတယ်။ ဒီတုန့်ပြန်ချက်ကို Raphael က အာမေးနီးယန်းသတ်ဖြတ်မှုဟာ စစ်ဖြစ်ပွားခြင်းမရှိတဲ့ဒေသတွေ စစ်နဲ့လုံးဝပတ်သတ်စရာမရှိတဲ့ဒေသတွေမှာ စစ်နဲ့ဘာမှမဆိုင်တဲ့ အမျိုးသမီးတွေ ကလေးတွေ သက်ကြီးရွယ်အိုတွေ သတ်ဖြတ်ခံရတဲ့ အထောက်အထားတွေနဲ့ ပြန်ချေပပါတယ်။
နောက်ထပ်ပြသနာတခုက အသုံးအနှုန်း terminology ပြသနာပါ။ ဟုတ်ပီ လူသားတွေရဲ့လက်ချက်နဲ့ လူသား အများကြီးသေသွားတယ် သိန်းချီတယ်၊ စစ်ပွဲနဲ့လဲတိုက်ရိုက်မပတ်သတ်ဘူး၊ ကဲ အဲ့ဒါကို မင်းဘယ်လို ခေါ်မလဲ။
homicide – လူသတ်မှု
No
အများကြီးသတ်တာကွာ
massacre- ဒါလည်း မပြည့်စုံသေးဘူး
ဖြစ်ခဲ့တာတွေက လူသတ်မှု အမျိုးအစားချည့် မဟုတ်ဘူး
annihilation-အပြီးတိုင် ချေမှုန်းဖျက်ဆီးတာ
ဒါကလဲ လူလား ပစ္စည်းလား
ခေါင်းအတော်စားရပါတယ်
နောက်ထပ်အများကြီး terminology တွေ ရှိပါသေးတယ်။
ခက်တာက အဖြစ်အပျက် တခုလုံးကို ပုံဖော်နိုင်ခြင်းမရှိတာပါ။
အော်တိုမန်=တူရကီပြည်ထဲရေးက အာမေးနီးယန်းတွေ အပေါ် ကျူးလွန်ခဲ့တာက သတ်ဖြတ်ခြင်းတခုတည်း မကပါဘူး ၊ အိမ်တွေကနေ နှင်ထုတ်တာ၊ ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းပစ်တာ၊ အမျိုးသမီးတွေကို မုဒိန်းကျင့်တာ၊ ငတ်သေအောင်ထားတာ၊ အစုလိုက်အပြုံလိုက်သတ်ပစ်တာ၊ စသဖြင့် စသဖြင့် အစုံအစုံ ကျူးလွန်ကြတာပါ။
ကျူးလွန်ရခြင်းရဲ့ intention ကရော ဘာလဲ ၊ အာမေးနီးယန်း လူမျိုးတွေကို ပျောက်ကွယ် သွားစေချင်တာပါ။ လူသားမျိုးနွယ်စု တရပ်ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ်သွားစေချင်တာ ပါ။
ဒါဆို Crimes against humanity= မနုသလူသားဖြစ်တည်မှုကို(အလုံးစုံဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ဖျောက်ဖျက် ဖျက်ဆီး လိုသောရည်ရွယ်ချက်ရှိရှိဖြင့် )ကျူးလွန်သည့် ရာဇဝတ်မှု (အစုအထွေး)များ
ဟားးး
မဆိုးဘူးပေါ့၊ ဒါပေမဲ့ ဒီ terminology က ရှည်တယ်၊ကျစ်လစ်မှုမရှိသလိုဖြစ်နေတယ်၊ အပြင်လူတယောက် နားလည်အောင် တိုတိုတုတ်တုတ် နဲ့ ထင်းခနဲ ရှင်းခနဲတော့ ဖြစ်မနေဘူး၊
ကဲ terminology တွေ ခနခေါက်ထားပြီး Raphael ရဲ့ တိုက်ပွဲဘာဖြစ်သွားလဲ ဆက်ကြည့်ကြစို့ရဲ့၊
Raphael ဟာ အလျှောက်ကောင်းလို့ အထောင်းခံရပါတော့တယ်။ Raphael ဟာ တူရကီ အာမေနီးယန်း ကိစ္စကို ဥပမာ အပေးကောင်းလွန်းလို့ တူရကီရာဇဝတ်ကောင်တွေကို နေထိုင်ခွင့်ပေးထားတဲ့ ဂျာမနီ အစိုးရက မျက်မုန်းကျိုးလာပါတယ်။ ဂျာမနီ အစိုးရက ပိုလန်အစိုးရကို Raphael နဲ့ပတ်သတ်ပြီး ဖိအားပေးပါတော့တယ်။ ဒီလိုနဲ့ ပိုလန်အစိုးရရှေ့နေလေး Raphael ဟာ အလုပ်ပြုတ်ပါတော့တယ်။
တရားစီရင်ရေး ကနေ ဥပဒေပြုရေးနယ်ပယ်၊ ဥပဒေပြုရေးကနေ သံခင်းတမန်ခင်း နိုင်ငံရေးနယ်ပယ်ထိ ထိုးဖောက်ပြောပေမဲ့ သူ့ပြောကြားချက် စာတမ်းတင်သွင်းတာတွေဟာ နိုင်ငံတခုချင်းစီရဲ့ အမျိုးသားရေး အတ္တအားနဲ့ယှဉ်လိုက်ရင် ကျောက်တောင်ကို ကြက်ဥနဲ့ပေါက်သလောက်ပဲ အရာထင်ပါတယ်။
ဒါပေမဲ့ Raphale ဟာ လက်မလျှော့ပါဘူး။ Crimes against humanity နဲ့ ပတ်သတ်လို့ လေ့လာဆဲ ရေးသားဆဲ presentation တွေ လုပ်မြဲပါပဲ။ လက်ခံတာ မခံတာတွေ သူ စိတ်မဝင်စားပါဘူး။ ပိုလန်နဲ့အိမ်နီးချင်း ဆိုဗိယက် အစိုးရ ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုလဲ အနီးကပ်လေ့လာနေခဲ့ပါတယ်။
ဒီလိုနဲ့ အချိန်ဟာ ဂျာမနီမှာ ဟစ်တလာ အာဏာရလာချိန် ရောက်လာပါတော့တယ်။ Raphael ဟာ ဟစ်တလာရဲ့ မိုင်ကမ့် စာအုပ်ကို ဖတ်ပြီး။ အနာဂတ်မှာ ဟစ်တလာဘာတွေ လုပ်လာလိမ့်မလဲ ဆိုတာကို ထိတ်လန့်တကြီးနဲ့ ကြို မြင်ခဲ့ပါတယ်။ ဒီတခါ target ကတော့ အာမေးနီးယန်းတွေ မဟုတ်ဘူး။ Raphael အပါအဝင် ဂျူးလူမျိုးတွေ ပါလားဆိုတာကိုလဲ Raphael ကြိုမြင်ခဲ့ပါတယ်။
ကြိုမြင်ခဲ့လို့လဲ Raphael ဟာ ဂျာမနီက ပိုလန်ကို ကျူးကျော်တဲ့အခါ ပိုလန်ကနေ ခွာပြီး ကြားနေနိုင်ငံတခုမှာ ခိုလှုံခွင့်အတွက် ကြိုးပမ်းပါတယ်။ Raphael ရဲ့ ဦးတည်ရာဟာ အမေရိကန် ပါပဲ Raphael ဟာ အမေရိကန်ကို တိုက်ရိုက်မသွားခင် ဆွီဒင်မှာ အရင် ခိုလှုံခွင့်တောင်းခံပါတယ်။
ပိုလန်ကနေ ဆွီဒင်ကို အသွား ဆိုဗိယက် အသိမ်းပိုက်ခံ နယ်မြေတွေကို ဖြတ်သွားရင်း ကြုံလာတဲ့ ဂျူးတိုင်းကို Raphael က သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ သူ့စကားကို နားမထောင်ကြပါဘူး ၊ စစ်ဖြစ်တာပဲ ဒုက္ခတော့ ရောက်မှာပေါ့ကွာ။ မင်းလို အစိုးရိမ်လွန်ပြီး အဝေးကြီးကိုထွက်ပြေးစရာ မလိုပါဘူး ဆိုတဲ့ တုန့်ပြန်မှုနဲ့ပဲ တွေ့ခဲ့ရပါတယ်။ နောက်ဆုံး Raphael ရဲ့ မိဘ ညီအကို အရင်းတွေကတောင် Raphael စကားကို နားမထောင်ကြပါဘူး။
ဒီလိုနဲ့ Raphael ဟာ ဆွီဒင်မှာ ခိုလှုံ့ခွင့် တောင်းခံပြီး စောင့်နေရပါတယ်၊ ဒီစောင့်နေစဉ်ကာလ မှာ Raphael ဟာ အလွန်အရေးပါတဲ့ စာအုပ်တအုပ်ကို ပြု စု နိုင်ခဲ့ပါတယ်။ စာအုပ်ကတော့ နာဇီဂျာမန်တွေဟာ သူတို့သိမ်းပိုက်ရတဲ့ နယ်မြေတွေမှာ ဂျူးအပါအဝင် လူနည်းစုတွေကို နှိပ်ကွပ်ဖို့ ဥပဒေတွေ ထုတ်ပြန်ခဲ့ပါတယ်၊ အဲ့ဒီ့ ထုတ်ပြန်တဲ့ ဥပဒေ တွေကို ပေါင်းချုပ်လုပ်ပြီး ရေးထားတာပါ၊ နာဇီဥပဒေ reference စာအုပ်ပေါ့ဗျာ
Raphael ဟာ ဆွီဒင်မှာ ခိုလှုံခွင့်ရ ပြီးတော့ ဆွီဒင်ကတဆင့် အမေရိကန် ကို ခရီးဆက်ပါတော့တယ်
Raphael ဟာ US မြေပေါ်ကိုရောက်တော့ သူ့ရဲ့တိုက်ပွဲကို ဆက်ပါတယ်၊ ဒါပေမဲ့ ပုံစံပြောင်းလိုက်ပါတယ်၊ အမေရိကန်တွေအနေနဲ့တော့ Raphael လို ဘာသာစကား ၁၀မျိုးလောက်တတ်ပြီး ဥပဒေမှာ လန်ထွက်အောင်တော်တဲ့ သူတယောက်ကို လက်လွတ်ဘယ်ခံလိမ့်မလဲ၊ အစိုးရဌာန တခုမှာ အကြံပေးအနေနဲ့ နေရာကောင်းပေးပြီးခန့်ထားလိုက်တာပေါ့။
ဒီတော့ အကြံပေးကြီး Raphale ဟာ ဥရောပတိုက်က နာဇီတွေရဲ့ ခြေလှမ်းကို အမေရိကန် တွေ သိလာအောင် သတိထားမိလာအောင် action တစုံတရာယူအောင် ပြောဆိုခွင့်ရသလိုရှိလာပါတယ်။
ဒါပေမဲ့ အမေရိကန်တွေဟာ လူလည်တွေပါ။ သူတို့ဟာ သူတို့ရဲ့ ရည်မှန်းချက်အကျိုးစီးပွားအတွက်ပဲ Raphael ဆီက အကြံဥာဏ်တွေ လိုချင်ကြတာဖြစ်ပြီး Raphael ပြောတာတွေထဲက စစ်ထုတ်ယူပြီးမှ အလုပ်လုပ်ကြတာပါ
Raphael ကတော့ အမေရိကန် အရာရှိ တယောက်တွေ့တိုင်း တယောက်မှ အလွတ်မခံပဲ ပြောပါတယ်။
နားပူဆာတိုက်လွန်းတော့လဲ အမေရိကန်တွေက Raphael ကို အမေရိကန် ဒုသမ္မတ နဲ့ တိုက်ရိုက်တွေ့ဆုံ စကားပြောခွင့်ပေးပြီး၊ အမေရိကန် သမ္မတကြီး ရုစဗဲ့ဆီကို တိုက်ရိုက် စာတစောင်ရေးခွင့်ပေးပါတယ်။
အချိန်အတော်နှောင်းမှ Rapheal ဟာ ရုစဗဲ့ဆီက ပြန်စာတစောင် လက်ခံရရှိပါတယ်။ ”Raphael ပြောတာတွေကို မှတ်သားထားကြောင်း သို့သော် လောလောဆယ်ဘာမှ လုပ်စရာမရှိကြောင်းပါ”တဲ့
Raphael စိတ်ဓါတ်ကျ သွားပါတယ်။
US အစိုးရဘက်က ”လောလောဆယ် ဘာမှလုပ်စရာမလိုကြောင်း” ပေမဲ့ နာဇီဂျာမန်တွေကတော့ လောလောဆယ် လုပ်စရာရှိတာတွေကို ဖြတ်ဖြတ်လတ်လတ် လုပ်ဆောင်နေပါပြီ၊
သိန်းချီတဲ့ ဂျူး တွေကို ကန့်သတ်ရပ်ကွက်တွေမှာ ချုပ်ထားပြီး အစာရေစာ ကို limit နဲ့ ပေးသယ်တာမျိုး၊ ဂျူးဆိုင်တွေ ဖျက်သိမ်း ၊ဂျူးတွေကို တံဆိပ်ကပ် စတာတွေကနေ သန်စွမ်းတဲ့ဂျူးတွေကို စစ်လက်နက်စက်ရုံတွေမှာ အင်အားသုံးခိုင်းစေ၊ ခိုင်းမရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါသည်တွေကို ကွကို ကျင်းတူးခိုင်းပြီး လက်မရွံတပ်တွေနဲ့ ပစ်သတ် စသဖြင့် သတင်းတချို့ဟာ ဝှေ့ပြီးတက်လာပါတယ်။
နာဇီတွေအနေနဲ့ ဒီအလုပ်တွေကို လျှို့ဝှက်ပြီး ဘယ်လောက်လုပ်လုပ် စွန့်စားပြီး ဂျူးဟန်ဆောင်ပြီး စခန်းထဲကို အသေခံဝင်ပြီး၊ ကင်မရာ အသေးလေးတွေနဲ့ သတင်းပို့တဲ့ လူစွမ်းကောင်းအချို့ကြောင့် ဒီသတင်းတွေ ထွက်လာတာပါ။ (နာဇီတွေလုပ်ရပ်ရဲ့ အစအဆုံးရုပ်လုံးကတော့ စစ်ကြီးပြီးမှ ပေါ်လာတာပါ)
Raphael ဟာ အပူမီးကြွလာပါတယ်။ သူကပူသလောက် အမေရိကန်တွေကတော့ အေးဆေးပါ။ ကြားနေရေးဝါဒီ အမေရိကန်နိုင်ငံရေးသမားတွေကို Raphael ထိုးမဖောက်နိုင်ပါဘူး။ ဒီတော့ Raphael ဟာ သူထိုးဖောက်နိုင်မဲ့ သူတွေဘက်ကို လှည့်ရပါတယ်။ အဲ့ဒီလူတွေကတော့ အမေရိကန် ပြည်သူတွေပါပဲ၊ Raphael ဟာ အမေရိကန်ပြည်သူတွေရဲ့ လူထုဟောပြောပွဲတွေ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သူ့ရဲ့ အချက်အလက်တွေကို ဝင်ရောက်ဆွေးနွေးပါတယ်။
နိုင်ငံရေးသမားတွေက ပြောရခက်သလောက် ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက Raphael ကို လက်ခံကြပါတယ်။ဒါပေမဲ့ ပြသနာ တခုတော့ရှိပါတယ်။ ပြသနာကလဲ အသစ်မဟုတ်ပါဘူး၊ အဟောင်းပါ၊ Terminology ပြသနာပါ။
သာမန်လူထုနားလည်လွယ်အောင်၊ အဓိပ္ပါယ်လည်းထိမိအောင်၊ တိုတိုတုတ်တုတ်ဖြစ်ပြီး၊ နားထောင်ရသူ ရင်ထဲ နင့်ခနဲ ဖြစ်စေတဲ့ Terminology မျိုးဖြစ်ရမှာပါ။
Raphael ဟာ ဘာသာစကား ၁၀မျိုးကျော်လောက်ကျွမ်းကျင်သူပါ။ ဒီအချက်ဟာ သူ့ကို အများကြီးအထောက်အပံ့ပေးပါတယ်၊ ဒီလိုနဲ့ သူဟာ အသုံးအနှုန်း တခုကို စတင်မိတ်ဆက်လိုက်ပါတယ်။
မူလ အင်္ဂလိပ်စာမှာ မရှိသေးတဲ့ အသုံးအနှုန်းတခုပါ။ ဂရိ နဲ့ လက်တင် words ၂ ခုကို ပေါင်းစပ်ပြီး သူထွင်လိုက်တဲ့ terminology က Raphael ရဲ့ သမိုင်း ကိုသာမက လူသားတွေရဲ့ သမိုင်း ကို အကြီးအကျယ် ပြောင်းလဲသွားစေပါတော့တယ်။
အိုင်းစတိုင်းရဲ့ E=mc2(ထပ်ကိန်းတင်မရလို့နားလည်ပေးပါ) လိုပဲ လူ့သမိုင်းကို အပြောင်းအလဲဖြစ်သွားစေပါတော့တယ်။
ဆောင်းပါးရှင်- ကျော်လှဦး
ဆက်လက်ဖော်ပြပါမည်။