စက်တင်ဘာ ၂၅၊ ၂၀၁၇
M-Media
– ဗဟိုအစိုးရနှင့် အိမ်နီးချင်းနိုင်ငံများက ကန့်ကွက်မှု ရှိနေသော်လည်း အီရတ်နိုင်ငံရှိ ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူများမှာ လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲအတွက် မဲများ စတင် ပေးနေကြသည်ဟု သိရသည်။
အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲကို ရေနံကြွယ်ဝသည့် ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကီရ်ကွတ်ပြည်နယ်အပါအ၀င် ဘဂ္ဂဒတ်အစိုးရနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသော ကာ့ဒ်အများစုရှိရာ ဒေသများတွင်ပါ ဒေသစံတော်ချိန် စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ပြုလုပ်နေခြင်းဖြစ်သည်။
အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီ၏ ယမန်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းတွင် ထိုပြည်သူ့ဆန္ဒခံယူပွဲ၏ တိုက်ရိုက်အကျိုးဆက်များအတွက် သတိပေးခဲ့ပြီး အီရတ်မှ ခွဲထွက်ရေးကို မည်သည့်အခါမှ လက်ခံမည်မဟုတ်ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်မှာ အခြေခံဥပဒေကို ဆန့်ကျင်နေကြောင်း၊ ရလဒ်ကိုလည်း မိမိတို့က လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ကာ့ဒ်လူမျိုး အများစုရှိရာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တူရကီနှင့် အီရန်တို့ကလည်း အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲကို လက်မခံကြောင်း ပြောကြားထားပြီး အနောက်နိုင်ငံများက ထိုသို့ဆောင်ရွက်မှုမှာ ဒေသအခြေအနေကို ပိုမိုဆိုးရွားစေမည်ဟု သတိပေးထားသည်။
ကာ့ဒ်လူမျိုးများမှာ တူရကီတွင် ၁၄ သန်း၊ အီရတ်နှင့် အီရန်တို့တွင် ၆ သန်းစီ၊ ဆီးရီးယားတွင် ၂ သန်း၊ အာမေးနီးယားတွင် ၂ သန်း စုစုပေါင်း သန်း ၃၀ ခန့်ရှိနေပြီး အဆိုပါ နိုင်ငံများတွင် လူနည်းစုအနေဖြင့် ဖိနှိပ်ချုပ်ခြယ်ခံဘ၀၌ နေထိုင်နေရသူများဖြစ်သည်။
Ref: Aljazeera
Comments