အောက်တိုဘာ ၁၆၊ ၂၀၁၇
M-Media
– အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ နျူသဘောတူညီချက်အပေါ် အမေရိကန်က အတည်ပြုရန် ငြင်းဆန်သော်လည်း မိမိတို့အနေဖြင့် သဘောတူညီချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ဗြိတိန်နှင့် ဂျာမနီတို့က ပြောကြားလိုက်သည်။
ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်တို့ ယမန်နေ့တွင် ဖုန်းဖြင့် ဆွေးနွေးပြီး နောက်ပိုင်း ယခုကဲ့သို့ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
“ယူကေနဲ့ ဂျာမနီတို့အနေနဲ့ အဲ့ဒီစာချုပ်အတိုင်း ခိုင်မာစွာဆက်လက်ရပ်တည်သွားမယ်လို့ သဘောတူခဲ့ကြပါတယ်။ သူတို့ (နှစ်နိုင်ငံ)အနေနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေမှာ အီရန်ပါဝင်နေမှုကို ဖိအားပေးဖို့၊ ဒုံးကျည်စီမံကိန်းနဲ့ပက်သက်ပြီး စိုးရိမ်မှုတွေကို ဖြေရှင်းရေး နည်းလမ်းရှာဖွေပေးဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သဘောတူခဲ့ကြပါတယ်” ဟု ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးမှုနှင့်ပတ်သက်၍ ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်မှာ ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သည့် အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ချက်ကို ချိုးဖောက်သည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောဆိုခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုပြုလုပ်ရန်နှင့် စာချုပ်ဖျက်သိမ်းရန် ကြိုးစားလာခဲ့သည်။
စာချုပ်တွင် ပါဝင်ထားသည့် ဥရောပသမဂ္ဂက ထရမ့်အနေဖြင့် ထိုစာချုပ်ကို ဖျက်သိမ်းနိုင်သည့် ပါဝါမျိုးမရှိဟု တုန့်ပြန်ထားသည်။
Ref : Reuters
Comments