News @ M-Media

ကျောက်ဖြူ မွတ်စလင် ဒုက္ခသည်များကို သဲချောင်း စခန်းမှ ဆင်တမှော်သို့ ပိုရန်စီစဉ်နေ

အောက်တိုဘာ ၃၁၊ ၂၀၁၂

M-Media
သတင်း – ဇာဏီ


မနေ့ (၃၀.၁၀.၁၂)ရက်နေ့ ညနေ (၄)နာရီတွင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးမြအောင် တို့သည် သဲချောင်းကမ်းနားမှတဆင့် ဘုမေအုပ်စု ဗေဒါရွာကို ရောက်ရှိလာပြီး ကျောက်ဖြူမှ ထွက်ပြေးလာရသော မွတ်စလင်မ် ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

ကျောက်ဖြူဒုက္ခသည်များနှင့် တွေ့ဆုံရာတွင် စီးပွားရေးဝန်ကြီး ဦးမြအောင်မှ ‘ဒီရွာမှာ ကုလားရှိလား’ဟုမေးကြောင်း၊ ဒုက္ခသည်များမှ ဒီမှာကုလားမရှိဘူး အားလုံးက ကမန်တွေပဲ’ လိုပြန်လည် ဖြေဆိုကြသည့်အခါ ဦးမြအောင်က ‘ကမန်ဆိုတာ နိုင်ငံသားစိစစ်ရေးကတ်ရှိတယ်၊ ကျွန်တော်တို့မှာလည်း နိုင်ငံသားစိစစ်ရေးကတ်ရှိတယ်။ ခင်ဗျားတို့နဲ့ ကျွန်တော်တို့အတူတူပါပဲ။ ကမန်နဲ့ရခိုင်နဲ့က အတူနေရမှာ။ ရခိုင်တွေနဲ့ ကုလားတွေနဲ့တော့ အတူနေလို့မဖြစ်လို့ မနေနိုင်ပါ။ ဒါကြောင့် အခု ဒုက္ခသည်တွေကို ပေါက်တော ဆင်တမှော်မှာ ခဏတာရွေ့ပြောင်းနားနေပြီး ကျောက်ဖြူမှာ ပြန်လည်အေးချမ်းရင် ကျောက်ဖြူကိုပြန်ပို့မည်’ဟုပြောကြောင်း၊ ဒုက္ခသည်များမှ‘ဆင်တမှော်သို့ မသွားလိုပဲ ဗေဒါမှာပဲ နေပါရစေ’ ဟုတောင်းပန်ကြကြောင်း၊ ဦးမြအောင်က ‘ဆင်တမှော်မှာ လုံခြုံရေးနဲ့ စားဝတ်နေရေး၊ စက်လှေတွေ အတွက် ဆီကအစ စီစဉ်ပေးထားပြီဖြစ်လို့၊ ပြောင်းရွေ့ရမည်’ဖြစ်ကြောင်းပြောဆိုခဲ့ပြီး ဗိုလ်မှူးထိန်လင်းကတော့ သွားလာရေးအတွက် လုံခြုံရေးပေးမည်ဟု ပြောခဲ့ကြောင်းသိရသည်။

မနေ့ညနေက တွေ့ဆုံမှုပြီးနောက် ဒီနေ့မနက်တွင် သဲချောင်း ဗေဒါရွာမှ ဒုက္ခသည်များကို တင်ဆောင်ထားသော စက်လှေ (၁၁)စီးသည် ဆင်တမှော်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း သိရသည်။

ပြည်နယ် စီးပွားရေးဝန်ကြီး ဦးမြအောင်ပြောသွားသည်ကို ကိုးကား၍ “စီးပွားရေးဝန်ကြီး ဦးမြအောင်က ရခိုင်လူမျိုးပါ။ သူက မောင်တော မဲဆန္ဒနယ်ကနေ မွတ်စလင်မ်တွေ ၀ိုင်းပြီး မဲထည့်ပေးလို့ အနိုင်ရပြီး ပြည်နယ်စီးပွားရေး ၀န်ကြီးဖြစ်လာတာ။ သူပြောတဲ့စကားတွေထဲမှာ ၀န်ကြီး တစ်ယောက်ဖြစ်ပြီး မသုံးသင့်သော မပြောသင့်သော စကားလုံးတွေ သုံးသွားတယ်။ ဥပမာ – ‘ဒီရွာမှာ ကုလားရှိလား’ဆိုတာမျိုး၊ ကုလားဆိုတဲ့အသုံးအနှုန်း သုံးသင့်လား မသုံးသင့်ဘူးလား သူသိရမယ်။ နောက်တစ်ခု ဒုက္ခသည်တွေကို ‘ခင်ဗျားတို့က ကမန်၊ ကုလားနဲ့ထားလို့မဖြစ်ဘူး၊ ကမန်နဲ့ ရခိုင်က အတူတူပဲ’လို့ပြောတယ်။ အဲဒါဆိုရင် ရခိုင်က ဘာလို့ ကမန်ရွာတွေကို မီးရှို့တာလဲ။ ပြီးတော့ အစ္စလာမ် ဘာသာဝင် အချင်းချင်းကိုလည်း သွေးခွဲပေးနေတယ်လို့မြင်တယ်။ ရခိုင်မှာ အခုဖြစ်တာတွေအားလုံးက လူမျိုးရေးကို အဓိကထားပြီး လုပ်နေတာထက် အစ္စလာမ်ကို နှိပ်ကွပ်နေတာဖြစ်တယ်”လို့ ကမန်လူမျိုးတစ်ဦးမှ သုံးသပ်ပြောပြလာပါတယ်။

သဲချောင်း ဗေဒါရွာမှ ဆင်တမှော်သို့ ပို့လိုက်သော မွတ်စလင်မ် ဒုက္ခသည်များနှင့် ဆက်သွယ်နေပါတယ်။ ဆင်တမှော်ရောက် ဒုက္ခသည်များ၏အခြေအနေကို ဆက်လက် ဖော်ပြပေးပါမည်။

အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြို့ ၆ မြို့နယ်အကြမ်းဖက်မှုတွင် ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ရန်ကုန်မြို့ အခြေစိုက် ကုလအကြီးအကဲ မစ္စတာ နီဂမ် (Ashok Nigam) က သတင်းဌာနသို့ ပြောကြားရာတွင် “နောက်ဆုံး စာရင်းများအရ လူပေါင်း ၂၂,၅၈၇ ယောက် အိုးအိမ်မဲ့ အခြေအနေမဲ့” ဖြစ်သွားပြီး “ပျက်စီးဆုံးရှုံးသွားသော အိုးအိမ်ပေါင်း ၄,၆၆၅ အိမ်ရှိ”ကြောင်း သိရှိရပါသည်။

“အိုးအိမ်မဲ့ အခြေအနေမဲ့ ဖြစ်သွားသူများအနက် ၂၁,၇၀၀ ယောက်မှာ မွတ်စလင်များဖြစ်”သည်ဟု မစ္စတာ နီဂမ်က အတည်ပြု ပြောပြပါသည်။

Comments

Leave a Reply