အောက်တိုဘာ ၃၀၊ ၂၀၁၇
M-Media
– ရခိုင်ပြည်နယ်က လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးအတွင်းမှာ ‘အင်အားကို မလျော်ကန်စွာ အသုံးပြုခဲ့တယ်’ လို့ သူတို့ခေါ်တဲ့ကိစ္စကို တုန့်ပြန်ဖို့အတွက် ဥရောပသမ္မဂဟာ တပ်မတော် အကြီးတန်းခေါင်းဆောင်တွေနဲ့ အဆက်အသွယ်ဖြတ်ဖို့အတွက် စီစဉ်နေတယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့တစ်ပတ်မှာ ထွက်လာခဲ့ပါတယ်။ AFP က ရရှိခဲ့ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှာ လက်မှတ်ထိုးဖို့ရှိတဲ့ ဆုံးဖြတ်ချက်မှာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်တွေဟာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ အကြီးတန်းစစ်ခေါင်းတွေကို ဖိတ်ကြားမှု ရပ်တန့်ဖို့၊ မြန်မာနဲ့ ပြုလုပ်နေတဲ့ မြေပြင် ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်သုံးသပ်ဖို့ သဘောတူခဲ့ကြပါတယ်။
ပြဿနာအခြေအနေဟာ တိုးတက်မှုမရှိဘူးဆိုရင် ‘ထပ်တိုးအရေးယူမှုတွေကို စဉ်းစားနိုင်တယ်’ လို့ အဲဒီ အဆုံးဖြတ်ချက်မှာ ဖော်ပြထားပြီး ဒါဟာ စီးပွားရေးပိတ်ဆို့မှုတွေကို ရည်ညွှန်းပုံ ရပါတယ်။ ရခိုင်ပြည်နယ်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို ကုလရဲ့ လုံခြံရေးကောင်စီနဲ့ အမေရိကန် လွှတ်တော်အစည်းအဝေးတွေမှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ ဆွေးနွေးမှုနှစ်ခုစလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနဲ့ တပ်မတော်တို့ဟာ တိုင်းပြည်ကို စင်ပြိုင်အုပ်ချုပ်နေကြတယ်လို့ လက်ခံခဲ့ကြပါတယ်။
တပ်မတော်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူဖို့ အီးယူရဲ့ ဆောင်ရွက်ချက်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြဿနာတွေ ပြေလည်ဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ဖို့အတွက် မှန်ကန်တဲ့ဗျူဟာ ဖြစ်ရဲ့လား။
စစ်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံအပေါ် ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှုတွေရဲ့ ရိုက်ခတ်မှုကို ပထမဆုံး စဉ်းစားဖို့ လိုပါတယ်။ ၂၀၁၁ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမစခင် စစ်အစိုးရဟာ ကမ္ဘာ့ လူ့အခွင့်အရေး အချိုးဖောက်ဆုံး အစိုးရတွေထဲက တစ်ခုအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ စစ်အာဏာရှင်တွေဟာ စစ်အင်အား၊ အကြောက်တရားတွေနဲ့ အုပ်စိုးပါတယ်။ စစ်အစိုးရဟာ တက်ကြွလှုပ်ရှားသူတွေကို ညှင်းပမ်းနှိပ်စက်တာ၊ သဘောထားကွဲသူတွေကို နှိပ်ကွပ်တာ၊ တိုင်းရင်းသားလူနည်းစုတွေအပေါ် ဗိုလ်ကျအနိုင်ကျင့်တာ၊ ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ ရွာသားတွေကို ပေါ်တာဆွဲပြီး မိုင်းကွင်းတွေကို ဦးဆောင်ဖြတ်ခိုင်းတာ၊ ကလေးစစ်သားစုဆောင်းတာ စတာတွေကို လုပ်ဆောင်ပါတယ်။
၁၉၉၀ ပြည့်နှစ်တွေကတည်း ပြုလုပ်ခဲ့ပြီး ၂၀၁၃ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ပြန်ရုပ်သိမ်းခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေဟာ တပ်မတော်အစိုးရအပေါ် သက်ရောက်မှုနည်းနည်း သာ ရှိခဲ့တာ ဒါမှမဟုတ် လုံးဝ မရှိခဲ့တာမျိုးပါ။
၂၀၁၁ ခုနှစ်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ခန့်အပ်ခဲ့ပြီး အဲဒီနှစ်မှာပဲ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် တပ်မတော်ဟာ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုတဲ့ လက္ခဏာတွေ ပြသခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်ေ
ရးထိုးခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေးသဘောတူစာချုပ်ဟာ ငြိမ်းချမ်ရေးဖြစ်စဉ် တိုးတက်ရေး တပ်မတော်ရဲ့ မကြံစဖူး လက်ခံလိုစိတ်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ဒီတိုးတက်မှု၊ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု စတာတွေဟာ အမေရိကန်နဲ့ ဥရောပတို့က အရေးယူပိတ်ဆို့မှုတွေ တစ်ဖြည်းဖြည်းချင်း လျှော့ပေါ့ပေးတာ၊ အစိုးရ၊ တပ်မတော်တို့နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်လာတာတွေအထိကို ဦးတည်စေခဲ့ပါတယ်။
နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး အရပ်သားအစိုးရအဖြစ် NLD ပါတီက ပြီးခဲ့တဲ့နှစ်မှာ အစိုးရနေရာ ရယူပြီးတဲ့နောက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဆက်ဆံရေးဟာ သိသိသာသာကို အားကောင်းလာခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာကြောင့် မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား ဆက်ဆံရေးကို ထိခိုက်စေခဲ့ပြီး တပ်မတော်ကို မျက်လုံးဒေါက်ထောက်ကြည့်လာကြပါတယ်။
အဲဒီလိုကြည့်လာတဲ့ အကြောင်းအရင်းတွေထဲမှာ ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ သတ်မှတ်တဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေဟာ တရားမ၀င် ၀င်ရောက်လာသူတွေ ဖြစ်တယ်ဆိုတဲ့ တပ်မတော်ရဲ့ တစ်စိုက်မတ်မတ် ရပ်တည်ချက်လည်း ပါဝင်ပါတယ်။ သူတို့တွေဟာ တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းထဲမှာ မပါဝင်တာကြောင့် ရခိုင်ပြည်နယ်မှာ သူတို့တွေရဲ့တည်ရှိမှုကို လက်ခံလိုက်တာဟာ အချုပ်အခြာအာဏာကို ထိပါးတယ်လို့ တပ်မတော်က ယုံကြည်နေပါတယ်။ အမေရိကန်သံမတ် စကော့မာစီယဲလ်နဲ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီပြဿနာအတွက် ဗြိတိသျှ ကိုလိုနီတွေကို ပြစ်တင်ခဲ့ပါတယ်။
“ဘင်္ဂါလီတွေကို တိုင်းပြည်ထဲ မြန်မာတွေက ခေါ်လာတာ မဟုတ်ပါဘူး။ ကိုလိုနီတွေက ခေါ်လာတာပါ။ သူတို့ဟာ ဌာနေတိုင်းရင်းသားတွေမဟုတ်ပါဘူး။ မှတ်တမ်းတွေအရ ကိုလိုနီခေတ်တစ်လျှောက်လုံးမှာ သူတို့ကို ရိုဟင်ဂျာလို့တောင်မခေါ်ဘဲ ဘင်္ဂါလီလို့ ခေါ်ဆိုခဲ့တာပါ” လို့ ဗိုလ်ချုပ်မှူးကြီးက တွေ့ဆုံမှုမှာ ပြောကြားခဲ့ကြောင်း သူ့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ လွှင့်တင်ထားပါတယ်။
ကိုလိုနီဖြစ်ခဲ့တဲ့ နိုင်ငံတော်တော်များများဟာ ရခိုင်ပြည်နယ်ကလို အခြေအနေမျိုးနဲ့ တူညီတဲ့ ပြဿနာမျိုးတွေကို ကြုံတွေ့ခဲ့ရပါတယ်။ တစ်ချို့နိုင်ငံတွေဟာ ဒီပြဿနာတွေကို နားလည်မှု၊ အသိပညာ၊ ရေရှည်အမြင်တွေနဲ့ ဖြေရှင်းခဲ့ကြပြီး ဒီလို အတွေ့အကြုံတွေကနေ သင်ယူဖို့အတွက် တပ်မတော်ကို တိုက်တွန်းရပါမယ်။
သြဂုတ်လ ၂၅ ရက်နေ့နဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့က ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုအပေါ် တပ်မတော်ရဲ့ တုန့်ပြန်မှုကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချခဲ့ပါတယ်။ တပ်မတော်ရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်သင့်ပြီး အမှားတွေကို ထောက်ပြရပါမယ်။
ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းဦးဆောင်တဲ့ ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကြိုဆိုသင့်ပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့ ကော်မတီဖွဲ့စည်းကြောင်း ကြေငြာတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ် ၂၅ ရက်နေ့ တိုက်ခိုက်မှုနောက်ပိုင်း ပြုလုပ်တဲ့ စစ်ဆင်ရေးမှာ တပ်ဖွဲ
့ဝင်တွေအနေနဲ့ စစ်သည်တော်ကျင့်ဝတ်တွေကို လိုက်နာရဲ့လားဆိုတာ စုံစမ်းစစ်ဆေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ကော်မတီရဲ့ တွေ့ရှိချက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်မယ်လို့လည်း ကြေငြာချက်မှာ ဆိုပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ဖြေရှင်းနေတယ်ဆိုတာ ကမ္ဘာကြီးကို ပြသဖို့အတွက် တပ်မတော်အတွက် အရေးကြီးပါတယ်။
တပ်မတော်ကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဖြစ်လာရင် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွက် ဆိုးကျိုးဖြစ်စေတဲ့ ဆိုးဆိုးဝါးဝါး နည်းလမ်းနဲ့ တပ်မတော်ဖက်က တုန့်ပြန်လာမလားဆိုတဲ့ အန္တရာယ်လည်း ရှိနေပါတယ်။
အတိတ်က မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ပြုလုပ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ ခါးသီးတဲ့ အတွေ့အကြုံပါ။ တပ်မတော်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှုတွေလုပ်ဖို့ စဉ်းစားမယ့်အစား အီးယူ၊ အခြားအနောက်နိုင်ငံတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အစိုးရကို အထောက်အကူဖြစ်စေနိုင်တဲ့ အရာမှန်သမျှကို လုပ်ဆောင်သင့်ပြီး၊ တပ်မတော်ကိုလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တိုက်တွန်းသင့်ပါတယ်။
ဒါမျိုးကသာ ရခိုင်ပြည်နယ်မှာ ရေရှည်ခံတဲ့ အဖြေတစ်ခုရရှိဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးဖို့ ရှေ့ဆက်သွားရမယ့် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
Ref: Frontier Myanmar
(Frontier Myanmar ၀ဘ်စာမျက်နှာတွင် စည်သူအောင်မြင့်ရေးသားသည့် Sanctions against Tatmadaw leaders would be counterproductive ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါပါ အမြင်များသည့် ဆောင်းပါးရှင်၏ ရေးသားမှုများသာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ။)
Comments