ဒီဇင်ဘာ ၁၃၊ ၂၀၁၇
M-Media
– Reuters သတင်းဌာနက မြန်မာနိုင်ငံသား သတင်းထောက်နှစ်ဦးဟာ ဒီကနေ့မှာ ဖမ်းဆီးခြင်းခံလိုက်ရပြီး ဒီသတင်းကိုလည်း မြန်မာအစိုးရက အတည်ပြုပြောကြားလိုက်ပါတယ်။
“သူတို့ဖမ်းခံရတယ်ဆိုတာ မှန်ပါတယ်။ ခင်ဗျားတို့ သတင်းထောက်တွေပဲမဟုတ်ဘူး။ ဒီကိစ္စမှာ ပါဝင်တဲ့ ရဲတွေကိုလည်း ဖမ်းထားတယ်။ အဲဒီရဲတွေနဲ့ သတင်းထောက်တွေကို အရေးယူသွားမှာပါ” လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက Reuters ကို ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ သတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးဆိုသူတို့ဖြစ်ပြီး မောင်တောမြို့နယ် ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာမိတ္တူကို လက်ဝယ်တွေ့ရှိတာကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဦးဇော်ဌေးကတော့ ဘာ့ကြောင့် အဖမ်းခံရလဲ၊ ပြစ်ဒဏ် ဘယ်လောက် ချမှတ်ခံရနိုင်လဲဆိုတာတွေကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။
Reuters သတင်းဌာနရဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးအကြီးအကဲ အဘ်ဘီက ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ လက်ရှိအနေအထားတွေ အတိအကျသိရအောင် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဝလုံးဟာ ၂၀၁၆ ခုနှစ် ဇွန်လက စတင်ကာ Reuters မှာ တာဝန်ထမ်းဆောင်ခဲ့တဖြစ်ပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စအပါအ၀င် သတင်းအတော်များများကို လိုက်ခဲ့ဖူးသူပါ။ ကျော်စိုးဦးကတော့ စက်တင်ဘာလကမှ Reuters နဲ့ ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။
Ref: Reuters,BBC
Comments