ဒီဇင်ဘာ ၂၇၊ ၂၀၁၇
M-Media
– ဂိမ်းစွဲကာ အလွန်အကျွံကစားမှုကို စိတ်ကျန်းမာရေးရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လာမယ့်နှစ်မှာ သတ်မှတ်တော့မယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်အတွက် နိုင်ငံတကာ ရောဂါများ အမျိုးအစားခွဲခြားရေး လက်စွဲစာအုပ် ICD-11 မူကြမ်းမှာ WHO က ဂိမ်းအလွန်အကျွံကစားမှုကို စိတ်ရောဂါခေါင်းစဉ်အောက် ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
‘လူတစ်ယောက်ဟာ ဂိမ်းစားမှုအပေါ် မထိန်းချုပ်နိုင်ဘူး၊ နေ့စဉ် လုပ်ငန်းတွေ၊ ဘ၀ရဲ့ အရေးပါတဲ့ အရာတွေထက် ဂိမ်းကို အမြဲဦးစားပေးနေမယ်၊ ဆိုးကျိုးတွေကို ခံစားနေရပေမယ့် ဂိမ်းကို မစွန့်လွှတ်နိုင်ဘူး’ ဆိုရင် ဂိမ်းစွဲလွန်းတဲ့ စိတ်ရောဂါ ဖြစ်ပွားနေတယ်လို့ WHO က ဒီမူကြမ်းမှာ သတ်မှတ်ထားပါတယ်။
ဒီလိုအမူကျင့်မျိုးဟာ တစ်ဦးချင်း၊ မိသားစု၊ လူ့အဖွဲ့အစည်း၊ ပညာရေး၊ စီးပွားရေးနဲ့ အခြားနယ်ပယ်တွေမှာ ဆိုးဆိုးဝါးဝါး သက်ရောက်မှုတွေ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
ICD ဟာ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဝန်ထမ်းတွေ အသုံးပြုနိုင်ဖို့ ထုတ်ဝေတာဖြစ်ပြီး ရောဂါ လက္ခဏာတွေ၊ အခြေအနေတွေအတွက် နိုင်ငံတကာစံတစ်ခုအဖြစ်လည်း အသုံးဝင်ပါတယ်။
ဂိမ်းစွဲလွန်းတဲ့ရောဂါကြောင့် ရုတ်တရက်သေဆုံးတာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတာတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ မြင့်တက်လာပါတယ်။
၂၀၁၄ ခုနှစ်မှာ အသက် ၂၇ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦးဟာ ၁၀ နာရီဆက်တိုက် အွန်လိုင်းဂိမ်း ကစားခဲ့ပြီးတဲ့နောက် သေဆုံးခဲ့ပြီး၊ ၂၀၁၅ ခုနှစ်မှာ အသက် ၁၇ နှစ်အရွယ် ရုရှားဆယ်ကျော်သက်တစ်ယောက်ဟာ ဗီဒီယိုဂိမ်းကစားရင်း ကိုးမားဝင်ပြီး ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။ သူဟာ ထမင်းစားချိန်နဲ့ အိပ်ချိန်သာနားပြီး ၂၂ ရက်ဆက်တိုက် ဂိမ်းကစားခဲ့တာ ဖြစ်ပါတယ်။
Ref: CNA
Comments