ဒီဇင်ဘာ ၂၇၊ ၂၀၁၇
M-Media
– ရှည်ကြာတဲ့ မိုးတွင်းတစ်ခု ကုန်ဆုံးပြီးတဲ့နောက် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကောင်းကင်ကြီးက ကြည်လင်ပြတ်သားနေပြီး၊ လမ်းတွေကလည်း ပြန်လည်ခြောက်သွေ့လာနေပါပြီ။
စွတ်စိုတဲ့ ရာသီကနေ အေးချမ်းတဲ့ရာသီကို ပြောင်းလာတာနဲ့ မြန်မာစစ်တပ်ဟာ ကိုယ့်ကံကြမ္မာ ကိုယ်တိုင် ဖန်တီးခွင့်ရရေး ဆယ်စုနှစ်ချီ တိုက်ပွဲဝင်နေတဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကို ထိုးစစ်သစ်တွေ စတင် စင်နွှဲခဲ့ပါတယ်။
“ထိုးစစ်ဆင်တဲ့ ဆောင်းရာသီ ရောက်ခဲ့ပါပြီ” လို့ ရှေ့တန်းတစ်နေရာက KIA အရာရှိတစ်ယောက်က ပြောပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်မှုတွေ လုံးဝ ရပ်တန့်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ၂၀၁၈ ဆောင်းရာသီမှာ အရိုးခိုက်အောင်အေးမယ့် လက္ခဏာတွေကို မြင်နေရတဲ့အချိန် ကချင်ပြည်သူတော်တော်များများဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အကူအညီတွေ ရောက်လာမလားဆိုပြီး မျှော်လင့်နေကြပါတယ်။
မြန်မာစစ်တပ်ရဲ့ ပွင့်လင်းရာသီထိုးစစ်တွေမှာ အရပ်သား၊ လက်နက်ကိုင် မခွဲခြားဘဲ လေကြောင်းဗုံးကြဲမှု၊ အဝေးပစ်အမြှောက်တွေနဲ့ ပစ်ခတ်မှု အရှိမြှင့်ခဲ့တာကြောင့် ကချင်ပြည်နယ်တစ်ဝှမ်း ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးကာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။
နိုင်ငံတကာအသိုင်းအ၀ိုင်းက များသောအားဖြင့် လျစ်လျူရှုထားတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးမှုကလည်း မရေတွက်နိုင်ပါဘူး။
KIA ရဲ့ ထိန်းချုပ်စီမံမှုအောက်မှာ ရှိနေတဲ့ဒေသက မြို့ကြီးဖြစ်တဲ့ လာဂျာယန်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်တပ်ကပြုလုပ်တဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုအတွင်း တိုက်လေယာဉ် ၅ စီး၊ တိုက်ပွဲဝင်ရဟတ်ယာဉ် ၂ စီး အသုံးပြုခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ဟာ အရပ်သားတွေကို တမင်ပစ်မှတ်ထားခဲ့ပြီး စာသင်ကျောင်းတွေကို ဗုံးကြဲတာ၊ အပြစ်မဲ့အရပ်သားတွေကို ပစ်သတ်တာတွေ လုပ်ပါတယ်။ အမျိုးသမီးတွေကို စစ်သားတွေက အဓမ္မကျင့်တယ်ဆိုတဲ့ သတင်းတွေလည်း အများအပြား ထွက်ခဲ့ပါတယ်။ အဲဒီနှစ် စစ်တပ်က တိုက်ခိုက်မှုတွေဟာ ‘စစ်ရာဇ၀တ်မှု’ မြောက်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက စွပ်စွဲခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီက မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်မှာ အကြီးအကျယ် လက်နက်ကြီးတွေနဲ့ ပစ်လို့ အရင်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ အရပ်သားတွေဟာ KIA ထိန်းချုပ်နယ်မြေထဲက တစ်ခြားနေရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
တရုတ်ပြည်ဖက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးဖို့ ကြိုးစားမှုကို တရုတ်စစ်သားတွေက တားဆီးပိတ်ဆို့ခဲ့တာကောင့် ကြမ်းတမ်းတဲ့ ဆောင်းရာသီကို လုံလောက်တဲ့ နေရာထိုင်ခင်းမရှိဘဲ ဒုက္ခသည်သာသာအနေအထားနဲ့ ပြည်သူတွေဟာ ဖြတ်သန်းခဲ့ရပါတယ်။
တောင်ထူတဲ့ ရှေ့တန်းနေရာတွေနဲ့ အသားမကျတဲ့ မြန်မာစစ်တပ်ရဲ့ မဟာဗျူဟာပြဿနာကို အဝေးကနေ အမြှောက်နဲ့ပစ်ခတ်မှုက ပြေလည်စေပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ချထားတဲ့ အရာရှိ၊ စစ်သည်အများစုဟာ အလယ်ပိုင်း မြေပြန့်ဒေသမှာ မွေးဖွားကြီးပြင်းလာကြတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ ဆောင်းရာသီထိုးစစ်တွေဟာ ပုံမှန်အားဖြင့် ဇန်န၀ါရီ လွတ်လပ်ရေးနေ့၊ မတ်လ တပ်မတော်နေ့တွေလို တိုင်းပြည်ရဲ့ နေ့ထူးနေ့မြတ်နှစ်ခုနဲ့ တိုက်ဆိုင်လေ့ရှိပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ တိုက်ပွဲမှာ ရဲဝင်စွာ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သည်တွေကို ဂုဏ်ပြုတယ်ဆိုတာ မြန်မာစစ်တပ်ရဲ့ အမှတ်သညာနဲ့ ဂုဏ်သိက္ခာမှာ အဓိကကျပါတယ်။
ဒီအခမ်းအနားဟာ တပ်မတော်က စစ်မြေပြင်မှာ အောင်ပွဲရယူနိုင်မှုကို ဖော်ကျူးဖို့၊ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ရေရှည်တိုက်ပွဲဆင်နွှဲကာ ပြည်ထောင်စုမပြိုကွဲအောင် လုပ်နိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အဖြစ် သဒ္ဓိတင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်လုပ်ဆောင်သွားမယ်၊ နိုင်ငံရေးမှာ စစ်တပ်ရဲ့ လိုတာထက်ပိုတဲ့ အခန်းကဏ္ဍကို ထိန်းသိမ်းသွားမယ်ဆိုတဲ့ သဘောထားကိုလည်း ချပြတာပါ။
၂၀၁၁ ခုနှစ် ဇွန်လမှာ စစ်တပ်က တစ်ဖက်သက် ချိုးဖောက်ခဲ့တဲ့အချိန်အထိ ၁၇ နှစ်တာ အပစ်ရပ်ရေး ရှိခဲ့တဲ့ ကချင်ပြည်နယ်က စစ်ပွဲအတွက် မြန်မာစစ်တပ်မှာ စီးပွားရေးအရ တော်တော်လေး အကျိုးကျေးဇူးရှိပါတယ်။ ကချင်ပြည်နယ်အနောက်ပိုင်း ပယင်းကျောက်တွင်းရှိတဲ့ Hugawng ဒေသက၊ ကမ္ဘာ့ ကျောက်စိမ်းဈေးကွက်ကို ကျောက်စိမ်းတွေ အများကြီး ပို့ပေးနိုင်တဲ့ ကျောက်စိမ်းတွင်းတွေရှိရာ ဒေသတွေဟာ စီးပွားရေးအရ မဟာဗျူဟာကျတဲ့ နေရာတွေ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်အတွင်းမှာ ကျောက်စိမ်းရောင်းရငွေဟာ ကန်ဒေါ်လာ ဘီလီယံ ၃၀ လောက် ရှိခဲ့ပြီး နိုင်ငံ GDP ရဲ့ ထက်ဝက်နီးပါး ပမာဏရှိတယ်လို့ ကမ္ဘာ့ သဘာပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်အဖွဲ့ Global Witness က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Hugawng ဒေသကို သိမ်းပိုက်ဖို့ စစ်တပ်ရဲ့ စစ်ဆင်းရေးဟာ ၂၀၁၇ ခုနှစ် ဇွန်လမှာ စတင်ခဲ့ပေမယ့် မိုးစောစောရွာတာကြောင့် သီတင်းပတ်အချို့ ကြာပြီးနောက်ပိုင်းမှာ ရပ်တန့်ခဲ့ပါတယ်။
ကချင်ပြည်နယ်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ စစ်အင်အား တိုးမြင့်မှုတွေကို မြင်လာရတာကြောင့် လာမယ့်လတွေမှာ ဒီဒေသကို စစ်တပ်က သိမ်းပိုက်ဖို့ ထပ်ကြိုးစားမယ်လို့ မျှော်လင့်ရကြောင်း မြေပြင်ရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်ဟာ KIA ရဲ့ မဟာဗျူဟာကျတဲ့ စခန်းတွေကို ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး စောင့်ကြည့်မှု တိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း သူတို့က ဆိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းကျော်လောက် ထွက်ပြေးရတဲ့ ရခိုင်ပြည်နယ်အနောက်ပိုင်းက စစ်တပ်ရဲ့ ကြမ်းကြုတ်တဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုတ်ချမှုတွေ တိုးမြင့်လုပ်ဆောင်လာမှုနဲ့အတူ တစ်ချိန်တည်းမှာ ကချင်ပြည်နယ်မှာလုပ်နေတဲ့ စစ်တပ်ရဲ့ ထိုးစစ်တွေကိုလည်း မကြာခင်မှာ
ပိုမိုဂရုစိုက်လာနိုင်ပါတယ်။
တကယ်လို့ မြန်မာစစ်တပ်က KIA ရဲ့ မဟာဗျူဟာ ကင်းစခန်းတွေကို သိမ်းပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေကို ထောင်နဲ့ချီ ခိုလှုံနေတဲ့ KIA ထိန်းချုပ်ရာ လိုင်ဇာကို မတိုက်ဘူးဆိုရင် နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ အရင်တုန်းကလိုပဲ လစ်လျူရှုဖွယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ကုလအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်တပ်ရဲ့ ရခိုင်ပြည်နယ်က လုပ်ရပ်တွေအတွက် ရှုတ်ချမှုတွေ တိုးမြှင့်ပြုလုပ်လာပေမယ့် ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် ဝေဖန်သံတိတ်နေတာဟာ မျက်နှာနှစ်ဖက်ပုံစံမျိုးကို ဖော်ကျူးနေပါတယ်။
၂၀၁၆ ခုနှစ် မေလကစပြီး လိုင်ဇာက ကယ်ဆယ်ရေးစခန်းတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့မှုကို မြန်မာအစိုးရနဲ့ စစ်တပ်တို့ ပိတ်ဆို့ထားတာကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက လိုအပ်တဲ့ တုန့်ပြန်မှုတွေ မလုပ်ကြပါဘူး။
အခုနှစ်အစောပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်နယ်မြို့တော် မြစ်ကြီးနားကို လာရောက်ခဲ့ပြီး ဒီခရီးစဉ်ဟာ ပြည်နယ်က ပြည်သူတွေရဲ့ ထိခိုက်ခံစားရမှုကို ပိုဆိုးစေတယ်လို့ တော်တော်များများက ရှုမြင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့အနောက်နိုင်ငံ တွေကတော့ နိုဘယ်ဆုရှင်ရဲ့ ဒီတုန်ပြန်မှြုေ
ကာင့် ကျေနပ်ကာ သူမဖက်က လိုက်လုပ်ပေးနေပုံပါပဲ။
ဥပမာအားဖြင့် နော်ဝေဟာ KIO ရဲ့ နည်းပညာအကြံပေးအဖွဲ့အပေါ် ထောက်ပံ့နေမှုကို မကြာသေးခင်က ဖြတ်တောက်ခဲ့ပြီး KIO က အစိုးရရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးစာချုပ် (NCA) ကို လက်မှတ်ထိုးဖို့ ငြင်းဆိုတဲ့အတွက် တုန့်ပြန်မှုအဖြစ် တော်တော်များများက ရှုမြင်ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်တော်များများက NCA ဟာ လုံးဝ လက်နက်ချ အညံ့ခံရမယ့် စာချုပ်လို့ ရှုမြင်ပါတယ်။
အနောက်နိုင်ငံက အစိုရတော်တော်များများကတော့ အာဏာမျှဝေရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖော်ဆောင်ရေးတွေထက် ဗဟိုချုပ်ကိုင်မှု ပိုဖြစ်လာရေးကနေတစ်ဆင့် ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်သား လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းရေးမှာ အစိုးရနဲ့ စစ်တပ်ကို ပိုပြီး တရားဝင်လာအောင် လုပ်ပေးနေကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေပေါင်းကာ မကြာသေးခင်ကမှ ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြားနည်းလမ်းတစ်ခုဖော်ဆောင်ရေး ဆော်သြတဲ့ ‘ဖဒရယ် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးနှင့် အကြံပေးကော်မတီ’ (FPNCC) ကို ထောက်ခံမှုကနေတစ်ဆင့် တရုတ်က ပိုမိုထူးခြားတဲ့ ချဉ်းကပ်မှုတစ်ခု လုပ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ စစ်လက်နက်ပစ္စည်းတွေ အကြီအကျယ်ရောင်းချမှုအပါအ၀င် မြန်မာ့တပ်မတော်နဲ့ ထိတွေ့ဆက်ဆံနေပါတယ်။
ဒီ ခွချက်ဗျူဟာဟာ အရင်းအမြစ်ကြွယ်ဝတဲ့ ကချင်ပြည်နယ်ကို အခြေခံအဆောက်အဦးတွေ အခြားအဖိုးတန်စီမံကိန်းတွေတည်ဆောက်မယ့် တရုတ်နိုင်ငံရဲ့ One Belt One Road ရည်မှန်းချက်ကို ထင်ဟပ်စေပါတယ်။
KIA ရဲ့ တပ်မဟာ ၁၁ အနီး Kasung ရွာမှာ ၂ ရက်အတွင်း လူပေါင်း တစ်ထောင်ကျော်လောက် ထွက်ပြေးခဲ့ရအောင် စစ်တပ်ရဲ့တိုက်ခိုက်မှုဟာ ဒီ အခြေအနေကို ညွှန်းဆိုနေတယ်လို့ တစ်ချို့ ကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။
ပဋိပက္ခဒေသတွေမှာ ပြင်ပက အကူအညီမရှိဘဲ နေထိုင်ရတဲ့ သူတွေဟာ လက်ရှိမှာ တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံဖို့အတွက် ပိုမိုကြီးမားနက်ရှိုင်းတဲ့ ဗုံးခိုကျင်းတွေကို တူးနေရပါတယ်။
ရခိုင်ပြည်နယ်က အခြေအနေအပေါ် တုန့်ပြန်မှုအတိုင်း ကချင်ပြည်နယ်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿာနတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြုပြီး၊ မရှုတ်ချမချင်း စစ်ရဲ့ ကြမ်းကြုတ်မှုတွေဟာ လာမယ့် ချမ်းအေးတဲ့လတွေမှာ ဆက်လက်ရှိနေအုံးမှာ ဖြစ်ပါတယ်။
Ref: Asia Times
(Asia Times တွင် ဖော်ပြထားသည့် Myanmar’s other ethnic atrocity ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အကြောင်းအရာများမှာ ဆောင်းပါးရှင်၏ ရေးသားမှုအတိုင်းသာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ)
Comments