ဇန်န၀ါရီ ၂၉၊ ၂၀၁၈
M-Media
– ပစိဖိတ်ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ ကီရီဘာတီမှာ ပြီးခဲ့တဲ့ နှစ်ပတ်အရင်က ပျောက်ဆုံးသွားတဲ့ လူစီးသင်္ဘောက အသက်ရှင်သူ ၈ ဦးကို နယူးဇီလန်က ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
MV Butiraoi လို့အမည်ရတဲ့ သင်္ဘောဟာ ဇန်န၀ါရီ ၁၈ ရက်နေ့က နိုနူတီကျွန်းကနေ၊ ဘီတီယိုကျွန်းကို အသွား ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
သက်ကယ်လှေငယ်နဲ့ သမုဒ္ဒရာထဲမျောနေတဲ့ လူ ၈ ဦးကို မနေ့ကမနက်ပိုင်းမှာ နယူးဇီလန် စစ်လေယာဉ်တစ်စင်းက တွေ့ရှိခဲ့တာပါ။
အရင်ဆုံး ဒီလူတွေအတွက် အစားအသောက်တွေ၊ ရေဒီယိုစကားပြောစက်အပါအ၀င် လိုအပ်တာတွေကို လေကြောင်းက ချပေးပြီးတဲ့နောက် ညနေပိုင်းမှာ တံငါလှေတစ်စီးက ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။
နယူးဇီလန် ကယ်ဆယ်ရေးစင်တာက တာဝန်ရှိသူ ဂျွန် အက်ရှ်ဘီက သူတို့ကယ်တင်ခဲ့တဲ့ သက်ကယ် လှေဟာ MV Butiraoi သင်္ဘောမှာ ပါသွားတဲ့ သက်ကယ်လှေ ၂ စီးထဲက တစ်စီးဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။
နောက်ထပ် အသက်ရှင်သူတွေ ရှိနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နယူးဇီလန်၊ ဖီဂျီတို့ဟာ ဒီကနေမနက်ပိုင်းကစလို့ ရှာဖွေမှုကို ထပ်လုပ်နေပါတယ်။
လက်ရှိမှာတော့ သင်္ဘော၊ ကျန်ရှိတဲ့ ခရီးသည်တွေနဲ့ပတ်သက်တဲ့ အချက်အလက် အသေးစိတ်ကို တိတိကျကျ သိရှိရခြင်း မရှိသေးပါဘူး။
Ref: BBC
Comments