ဖေဖော်ဝါရီ ၁၀၊ ၂၀၁၈
M-Media
– မြစ်ကမ်းနံဘေးမှာ တည်ရှိပြီး မြို့ငယ်လေးတစ်ခုဖြစ်တဲ့ မြောက်ဦးမြို့ အနောက်ခြမ်းက တောင်ကုန်းလေးတစ်ခုအပေါ်ကို တက်လိုက်တယ်ဆိုရင်ပဲ တိမ်ခိုးတွေကြားမှာ ထိုးထွက်နေတဲ့ ရာစုနှစ်ချီ စေတီပုထိုးတွေကို လယ်ကွင်းတွေနဲ့ အနားသတ်ထားတဲ့ စွဲမက်ဖွယ် ရှုမျှော်ခင်းတစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီလို အံ့သြမှင်သက်ဖွယ် သမိုင်းဝင်နေရာတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ မုချ စည်ကားနေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြောက်ဦးမှာ ဒါဇင်နဲ့ချီတဲ့ စေတီပုထိုးတွေကို လှည့်လည်ကြည့်ရှုသူ ကမ္ဘာလှည့် ခရီးသည် လက်တစ်ဆုပ်လောက်သာ ရှိပါတယ်။
မြောက်ဦးမြို့ဟာ တစ်သီးတစ်ခြားလိုဖြစ်နေပြီး အခြေခံအဆောက်အဦးတွေ ချို့တဲ့ကာ မကြာခင်ကာလအတွင်း ဆိုးဆိုးဝါးဝါး နာမည်ထွက်တဲ့ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ တည်ရှိတာ ဖြစ်ပါတယ်။
မြောက်များစွာသော ရိုဟင်ဂျာတွကို မောင်းထုတ်ကာ၊ ရာနဲ့ချီတဲ့ သူတို့ရဲ့ရွာတွေကို ဖျက်ဆီးမှုအထိ ဆိုးရွားခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေ ရခိုင်ပြည်နယ်မှာ ဘာ့ကြောင့် ဖြစ်ခဲ့လဲဆိုတာ မြောက်ဦးရဲ့ သမိုင်းကြောင်းက ရှင်းပြနေပါတယ်။
ကိုလိုနီဘ၀ရောက်နေ
ထွန်းနေ၀င်းဟာ တက်ကြွထက်မြက်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး မြောက်ဦးက စေတီပုထိုးတွေမှာ ဧည့်လမ်းညွှန်လုပ်နေသူတစ်ဦး ဖြစ်ပါတယ်။
သူဟာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒေသဆိုင်ရာရုံးခွဲမှာ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။
သူတို့ဟာ ပြည်နယ်ရဲ့ ဌာနေတိုင်းရင်းသားတွေဖြစ်တယ်လို့ မှတ်ယူထားကြတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေမှာ ကိန်းအောင်းနေတဲ့ ဇာတိ၊ ပုည၊ ဂုဏ်မာနတွေ၊ နာကျည်းမှုတွေ ပြည့်နေတဲ့ ANP ပါတီဟာ ရခိုင်ပြည်နယ်မှာ အင်အားအကောင်းဆုံး နိုင်ငံရေးပါတီ ဖြစ်လာပါတယ်။
“ကိုလိုနီစနစ်အောက်မှာ နေထိုင်နေရဆဲဖြစ်တယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ ဘာ့ကြာင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်မရှိဘူး။ ကျွန်တော်တို့ဟာ လွတ်မြောက်တယ်လို့ မခံစားရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အားလုံးကို ဗဟိုအစိုးရက ချုပ်ကိုင်ထားလို့ပါ” လို့ ထွန်းနေ၀င်
းက ကျွန်တော့်ကို ပြောပါတယ်။
အသက်ဝင်လှတဲ့ ပန်းပုလက်ရာတွေနဲ့ ထုံးမွှမ်းထားပြီး တစ်မူထူးခြားတဲ့ ရှစ်သောင်းဘုရား ပရ၀ုဏ်တစ်ဝိုက်ကို ထွန်းနေ၀င်းက လိုလိုလားလားပဲ လိုက်ပြပါတယ်။
၁၇ ရာစု ဒက်ခ်ျအနုပညာရှင်တစ်ဦးက ရေးဆွဲခဲ့တဲ့ ပုံတူပန်းချီကားမှာ မြောက်ဦးမြို့ဟာ အဲဒီတုန်းက အာရှရဲ့ အရေးပါဆုံး ကုန်သွယ်ရေးစင်တာထဲက တစ်ခုဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်ဟာ ထီးသုဉ်း၊ နန်းသုဉ်းခဲ့ရပါတော့ပါတယ်။
အာရကန်လို့ အဲဒီတုန်းကခေါ်တဲ့ ရခိုင်ပြည်ဟာ ၁၇၈၄ ခုနှစ်မှာ ဗမာဘုရင် ဘိုးတော်ဘုရားရဲ့ တပ်ဖွဲ့တွေက ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်သိမ်းပိုက်မှုကို ခံလိုက်ရပါတယ်။
ထောင်သောင်းချီတဲ့ ရခိုင်လူမျိုးတွေဟာ ကျွန်အဖြစ် ခေါ်ဆောင်ခံရတာ၊ အဲဒီတုန်းက ဗြိတိသျှအုပ်စိုးတဲ့ ဘင်္ဂလားကို ပြေးရတာတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံကို ၃ ကြိမ်ခွဲသိမ်းပိုက်မှုရဲ့ ပထမဆုံးအကြိမ်အဖြစ် နောက်ထပ် ၄၂ နှစ်အကြာမှာ ဗြိတိသျှဟာ အာရကန်ကို သိမ်းပိုက်ခဲ့ပါတယ်။
ဗြိတိသျှအုပ်စိုးမှုအောက်မှာ ဘင်္ဂလားက ပြောင်းရွှေ့အခြေချသူ တော်တော်များများဟာ ရခိုင်ပြည်နယ်ကို အလုပ်လုပ်ဖို့ ရောက်လာကြပြီး မွတ်စလင်လူ့အဖွဲ့အစည်းတည်ရှိမှု ပမာဏဟာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ အဲဒီတုန်းကတည်းက ရခိုင်လူမျိုးတွေမှာ ရှိခဲ့တဲ့ စိုးရိမ်မှုဟာ ဒီနေ့ လူမျိုးရေးပဋိပက္ခတွေရဲ့ လောင်စာပါပဲ။
“ရခိုင်လူမျိုးတွေဟာ အစ္စလာမ်မိုက်ဇေးရှင်းနဲ့ ဘာမန်နိုက်ဇေးရှင်းကြားမှာ ညပ်နေပြီး တော်တော့်ကို ကျဉ်းထဲကျပ်ထဲ ရောက်နေတာပါ။ ကျွန်တော်တို့မှာ အာဏာမရှိဘူး။ ဆင်းရဲတယ်။ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ပြည်နယ် ဖွံ့ဖြိုးအောင် ကြိုးစားနေရတုန်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အမှတ်သညာကို ကာကွယ်ဖို့ တော်တော့်ကို ခက်ခဲပါတယ်။ နောက်ထပ် နှစ် ၅၀၊ ၁၀၀ လောက်ဆိုရင် ဒီနိုင်ငံက ရခိုင်ဆိုတဲ့လူမျိုးဟာ ပျောက်သွားမှာပါ” လို့ ထွန်းဝေမင်းက ဆိုပါတယ်။
မမြင်နိုင်တဲ့ လူ့အဖွဲ့အစည်း
ရိုဟင်ဂျာမွတ်စလင်တွေနဲ့ လူမျိုးရေးပဋိပက္ခတွေ စဖြစ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ဒီလိုလူမျိုးရေး တင်းမာမှုတွေကို လူ့အခွင့်အရေးအဖွဲ့တွေက မီးထိုးပေးခဲ့တယ်လို့ ANP ပါတီက စွပ်စွဲပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေ နှစ်ဖက်စလုံးမှာ ဖြစ်ပွားခဲ့ပေမယ့် မွတ်စလင်လူ့အဖွဲ့အစည်းကတော့ ပိုပြီး အထိနာခဲ့ပါတယ်။ အခုအချိန်မှာ သူတို့ဟာ သူ့တို့ရဲ့ရွာတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ စောင့်ကြည့်မှုနဲ့ ပိတ်လှောင်ခံထားရတဲ့ အခြေအနေမျိုး ဒါမှမဟုတ် ညစ်ပတ်နံစော်ပြီး ကျပ်ညပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။
ရန်သိမ်းရွာ တိုက်ခိုက်မှုပါအ၀င် မြောက်ဦးမှာလည်း ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတစ်ချို့ ဖြစ်ပွားခဲ့ပါတယ်။ လူ့အခွင့်ရေး စောင့်ကြည့်သူတွေကတော့ ရန်သိမ်းရွာမှာ ကလေးငယ်တွေအပါအ၀င် ရိုဟင်ဂျာ ၇၀ လောက် အသတ်ခံရတယ်လို့ ပြောကြားခဲ့ပါတယ်။
မြောက်ဦးကိုသွားရောက်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေအနေနဲ့ မွတ်စလင်လူ့အဖွဲ့အစည်းကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။ စစ်တွေ လေဆိပ်က သတိပေးဆိုင်းဘုတ်မှာ နိုင်ငံခြားသားတွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ မွတ်စလင်လူ့အဖွဲ့အစည်းတွေဆီ မသွားရဘူးလို့ ရေးသားထားပါတယ်။
မွတ်စလင်တွေကို လမ်းပေါ်က လှမ်းမြင်ရတဲ့ နေရာတွေအထိ ကျွန်တော်တို့ သွားလို့ရပေမယ့် ရဲအထူးတပ်ဖွဲ့က အရာရှိနှစ်ယောက်က နောက်ကနေ အဆက်မပြတ် လိုက်နေတာကြောင့် သူတို့နဲ့ ရပ်ပြီးစကားပြောဖို့ မစွန့်စားရဲခဲ့ပါဘူး။
ရခိုင်တွေက သူတို့ရဲ့ မွတ်စလင်အိမ်နီးချင်းတွေအပေါ်မှာ ရန်လိုတဲ့သဘောထားတွေရှိလို့ ဒီလို လူ့အဖွဲ့ အစည်းနှစ်ခုကို တစ်သီးတစ်ခြား ခွဲထားရခြင်းဖြစ်တယ်လို့ အစိုးရက အကြောင်းပြပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုဒဏ်ကို ခံရတဲ့ ရိုဟင်ဂျာတွေနဲ့ အခြားသော မွတ်စလင်တွေကသာ ကန့်သတ်မှုတွေနဲ့အတူ ဒီလိုတစ်ဖက်သတ် ဖယ်ကျဉ်ခံထားရတာ ဖြစ်ပါတယ်။
တစ်ဖက်မှာ ရခိုင်တွေကလည်း အစိုးရက သူတို့ဖက်မှာ ရှိတယ်လို့ မထင်ပါဘူး။
မြောက်ဦးမြို့အပြင်ဘက် ကီလိုမီတာအနည်းငယ်အကွာမှာရှိတဲ့ ရွာသားတစ်ချို့နဲ့ စကားပြောဆိုမှုတွေမှာ အစိုးရအပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ကြားခဲ့ရပြီး ရခိုင်တွေ ဆင်းရဲမွဲတွေမှု၊ ပြည်နယ်အတွင်းက သယံဇာတတွေ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှု၊ မကြာသေးခင်က မြောက်ဦးမှာ ရခိုင်ဘုရင့်နိုင်ငံကျဆုံးမှု နှစ်ပတ်လည်အခမ်းအနား ကျင်ပခွင့် ပိတ်ပင်ရာကနေ ပေါ်လာတဲ့ ဆန္ဒပြမှုအတွင်း အရပ်သား ၇ ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်မှု စတဲ့ ကိစ္စတွေကြောင့်ဖြစ်ပါတယ်။
“ဘင်္ဂါလီတွေကို မုန်းတာထက်ပိုပြီး ရဲတပ်ဖွဲ့ကို ပိုမုန်းတယ်” လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဆင်းရဲမွဲတေမှုကြောင့် ရခိုင်လူငယ်အမြောက်အများဟာ တစ်ရပ်တကျေးထွက်ကာ အလုပ်ရှာရပြီး ဒီအချက်က လူဦးရေအချိုးအစားမှာ မွတ်စလင်တွေက ပိုမိုများပြားသွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေကို လေပင့်ပေးနေတာ ဖြစ်ပါတယ်။
အမျိုးသမီးတစ်ယောက်က သူတို့လူ့အဖွဲ့အစည်းနှစ်ခုဟာ ၂၀၁၂ ခုနှစ်အထိ ညီအစ်ကို မောင်နှမလို နေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့် ဒီလိုအခြေအနေ ပြောင်းလဲသွားလဲဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ ဒီလို သွေးကွဲသွားမှုမှာ ဗဟိုအစိုးရရဲ့စနက် ပါတယ်လို့ သူတို့က ယုံကြည်နေကြပါတယ်။
မူးယစ်ဆေးနဲ့ အရက်စွဲမှုကိစ္စကလည်း အခြေအနေကို ပိုဆိုးစေပါတယ်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လုပ်တဲ့ စိတ်ကြွဆေးပြားတွေကို ဘင်္ဂလားဒေ့ရှ်ကနေတစ်ဆင့် အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းကို မှောင်ခိုကုန်ကူးရာမှာ ရခိုင်ပြည်နယ်က အဓိကလမ်းကြောင်းတစ်ခု ဖြစ်နေပါတယ်။
ဗမာအုပ်ချုပ်သူတွေအပေါ် သမိုင်းနဲ့ချီရှိခဲ့တဲ့ ရခိုင်တွေရဲ့ မကျေနပ်ချက်ကလည်း ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေပြီး ၃ ပင်လိမ် ဖြစ်စေပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးရတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးဖြစ်လာအောင် ဆွပေးတဲ့ ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့ ARSA ပေါ်ပေါက်လာမှုအတွက် နိုင်ငံတကာရဲ့ မျက်စိကျမှုကို ခံရပေမယ့် ရခိုင်လူမျိုးတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ထားတဲ့ ရက္ခိုင့်တပ်မတော် AA ဆိုတဲ့
လက်နက်ကိုင်အဖွဲ့တစ်ခုလည်း ထပ်ရှိပါသေးတယ်။
ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း AA ဟာ ARSA ထက် ဗမာစစ်သားတွေကို ပိုမို သုတ်သင်နိုင်ခဲ့ပါတယ်။ မြောက်ဦးကပြည်သူတွေဟာ AA အပေါ် ထောက်ခံမှုကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောခဲ့ပါတယ်။ လူငယ်တော်တော်များများဟာ မကြာသေးခင်ပဲ ဒီအဖွဲ့နဲ့ သွားပေါင်းခဲ့တယ်လို့ ပြောတာကိုလည်း ကျွန်တော် ကြားရပါတယ်။
အမှတ်သညာပြဿနာ
ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းရာမှာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်န်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်တဲ့ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်သွားမယ်လို့ မြန်မာအစိုးရက ကတိပြုထားပါတယ်။
ကော်မရှင်က လူမျိုးရေးမကျေနပ်မှုတွေကို လျော့ကျစေဖို့ အဓိကသော့ချက်ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဒီ ဖွံ့ဖြိုးမှုကနေ အကျိုးခံစားရမယ်လို့ ပြောကြားကာ ရခိုင်နဲ့ မွတ်စလင်လူ့အဖွဲ့အစည်းနှစ်ခုစလုံးကို စွဲဆောင်ရမယ်လို့ အဓိကထား ထောက်ပြခဲ့ပါတယ်။
မွတ်စလင်တွေပေါ် ခွဲခြားဆက်ဆံမှုကို လုံးဝ အဆုံးသတ်ရမှာဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်ပေးသင့်တယ်လို့လည်း ကော်မရှင်က ဖော်ပြပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်မယ့် အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။
ဒီကိစ္စကို လက်ခံတဲ့ ရခိုင်တစ်ယောက်ကိုမှ မြောက်ဦးမှာ ကျွန်တော် မတွေ့ရပါဘူး။
ဘင်္ဂလားဒေ့ရှ်က တရားမ၀င် ၀င်ရောက်လာသူတွေ၊ တမင်တကာ သားသမီးများများ ယူတာတွေကြောင့် မွတ်စလင်လူဦးရေဟာ မြင့်တက်လာတယ်လို့ သူတို့က ထင်မြင်ယူဆနေပါတယ်။ ဒီထင်မြင်ယူဆချက်ကို ဘာနဲ့မှ ဖျောက်ဖျက်လို့ မရပါဘူး။
ဒီအကြောင်းအရင်းကြောင့်ပဲ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သူတို့ လက်မခံတာပါ။ ရခိုင်က မွတ်စလင်တွေ ဒီလိုသုံးနှုန်းတာဟာ တိုင်ရင်းသားလူမျိုးတစ်တစ်ခုအဖြစ် အသိအမှတ်ပြုခွင့်ရပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် သီးခြား ရိုဟင်ဂျာပြည်နယ်တစ်ခု တောင်းဆိုနိုင်မယ့် ဗျူဟာတစ်ခုဖြစ်တယ်၊ တစ်ဆင့်တက်ပြီး နောက်ဆုံးမှာ သူတို့ရဲ့ အမှတ်သညာပါ ပျောက်သွားမယ်လို့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်နေကြပါတယ်။
ဒီအမြင်နဲ့ပတ်သက်ပြီး တုန့်ပြန်ဖို့အတွက် အစိုးရက ဘာမှသိပ်မလုပ်ဘဲ အခုအချိန်မှာ ဒီအယူဆဟာ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေပြီဖြစ်ပါတယ်။
ကြမ်းကြမ်းတမ်းတမ်း မောင်းထုတ်ခံလိုက်ရတဲ့ ရိုဟင်ဂျာတွေဟာ ပိုမိုစစ်သွေးကြွလာပြီး လက်စားချေတဲ့အထိ ဖြစ်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရခိုင်တွေမှာ ရှိနေပါတယ်။
အခုအချိန်အထိ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စဟာ ဖြစ်မလာနိုင်သေးပါဘူး။ ဖြစ်လာမယ်ဆိုရင် ဒါဟာ ဗဟိုအစိုးရက သူတို့အပေါ်လုပ်တဲ့ လှည့်ကွက်တစ်ခုဖြစ်တယ်လို့ ရခိုင်တွေရဲ့ ယူဆမှုကို ပျောက်သွားအောင်လုပ်ဖို့ မလွယ်ပါဘူး။
ကံအားလျော်စွာပဲ ကားလမ်းအနီးက လယ်ကွက်မှာ ကောက်ရိတ်သိမ်းနေကြတဲ့ ရိုဟင်ဂျာအချို့နဲ့ ကျွန်တော်တို့ တွေ့ခဲ့ရခဲ့ပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်တို့ဟာ ရဲအစောင့်အရှောက်တွေဆီကနေ ထွက်လာနိုင်ခဲ့ပါတယ်။ အဲဒီရိုဟင်ဂျာတွေဟာ အရင်က စားနိုင်သောက်နိုင်တဲ့ မိသားစုဖြစ်ပြီး လယ်အချို့နဲ့ ကျွဲနွားအချို့ကို ပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ သူတို့ရဲ့ ဗုဒ္ဓဘာသာဝင် အိမ်နီးချင်းတွေကို ကြောက်ရွံ့နေရတယ်လို့ ပြောကြားခဲ့ပါတယ်။
နယ်စပ်နဲ့ တအားဝေးနေတာ၊ ခရီးရှည်သွားရင် ဘာဖြစ်မလဲဆိုတဲ့အပေါ် စိုးရိမ်မှုတွေ ရှိတာကြောင့် သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်မပြေးဘဲ ကျန်နေခဲ့ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ အိမ်ကို စွန့်ပြီး ထွက်မပြေးရသေးတာသာ ဖြစ်တယ်လို့ သူတို့က ယုံကြည်နေပါတယ်။
Ref: BBC
(BBC သတင်းဌာနတွင် ဆောင်းပါးရှင် Jonathan Head ရေးသားထားသည့် Rakhine state: Hatred and despair in Myanmar’s restive region ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အကြောင်းအရာများသည် ဆောင်းပါးရှင်၏ အမြင်အတိုင်းသာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ)
Comments