ဖေဖော်ဝါရီ ၂၁၊ ၂၀၁၈
M-Media
– ဆီးရီယားနိုင်ငံမြို့တော် ဒမတ်စကတ်ဆင်ခြေဖုံးက ဂူတာမြို့ကို အာဆတ်အစိုးရတပ်က ဗုံးကြဲရာမှာ ၄၈ နာရီအတွင်း အရပ်သား ၂၅၀ လောက် သေဆုံးခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။
အစိုးရဆန့်ကျင်ရေး သူပုန်တွေ ထိန်းချုပ်ထားတဲ့ အဲဒီဒေသကို ၂၀၁၃ ခုနှစ်မှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုပြီးတဲ့နောက် ဒီတိုက်ခိုက်မှုဟာ သေဆုံးမှု အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က တိုက်ခိုက်မှုအတွင်းမှာလည်း လူရာချီ သေဆုံးခဲ့တာပါ။
အင်္ဂါနေ့ တစ်နေ့တည်းမှာပဲ လူပေါင်း ၁၀၆ ဦးလောက် သေဆုံးခဲ့တာဖြစ်တယ်လို့ ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။ တနင်္လာနေ့က ဗုံးကြဲမှုမှာလည်း ၁၄၀ လောက် သေဆုံးခဲ့ပါတယ်။
အာဆတ်အစိုးရနဲ့ သူ့ရဲ့ မဟာမိတ် ရုရှားတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ဂူတာဒေသကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး စာသင်ကျောင်း၊ လူနေဒေသ၊ ဈေး မရွေး ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို တိုက်ခိုက်မှုတွေကြောင့် ဇန်န၀ါရီ နှောင်းပိုင်းမှာလည်း အရပ်သားရာချီ သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရရှိသူ အရေအတွက်ဟာလည်း ရာနဲ့ချီ ရှိနေပြီး လူပေါင်း ၄ သိန်းလောက် အစားအသောက်နဲ့ ဆေးဝါးတွေ အပါအ၀င် အခြေခံလိုအပ်ချက်တွေ အလွန်အမင်း လိုအပ်နေပါတယ်။
Ref : Aljazeera
Comments