ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈
M-Media
– ၂၀၁၆ ခုနှစ် သမ္မတဒူတာတေး အာဏာရပြီးကတည်းက ဖိလစ်ပိုင်တွင် ဆောင်ရွက်ခဲ့သည့် မူးယစ်တိုက်ဖျက်မှုအတွင်း သေဆုံးသူ အရေအတွက်မှာ ၂ သောင်းကျော်သွားပြီဟု အတိုက်အခံ လွှတ်တော်အမတ်တစ်ဦးက ပြောကြားလိုက်သည်။
မနေ့က လွှတ်တော်၌ တင်ပြမှုအတွင်း အန်တိုနီယို ထရီလိန်းစ်က ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ နိုဝင်ဘာ ၂၇ ရက်နေ့အကြား ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့ စစ်ဆင်ရေးအတွင်း ခုခံမှုကြောင့် ပစ်သတ်ခဲ့သည်ဟုဆိုသော အရေအတွက်မှာ ၃၉၆၇ ဦး ရှိကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော သတ်ဖြတ်မှု ၁၆၃၃၅ မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဖော်ပြထားသည့် ဒူတာတေးအစိုးရ၏ မှတ်တမ်းများကို ထောက်ပြခဲ့သည်။
ထို့ပြင် အစိုးရအစီရင်ခံစာ၌ မူးယစ်မှုဖြင့် ဖမ်းဆီးထားသည့် အရေအတွက်မှာ ၁၁၈၂၈၇ ဦး ရှိပြီး၊ ၁၃၀၈၀၇၈ မှာ အာဏာပိုင်များထံ လက်နက်ချခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။
ထရီလိန်းစ်က အစိုးရ၏ ထိုအစီရင်ခံစာအရ အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ ၂၀၃၂၂ ဦး ရှိနေပြီဟု ပြောကြားခဲ့သည်။
“ဒါ့ကြောင့် ဒီသေဆုံးမှုအားလုံးဟာ မူးယစ်နဲ့ ဆက်စပ်နေပြီး အခြားအကြောင်းအရင်းတွေကြောင့် မဟုတ်ပါဘူး။ ဒါရှင်းပါတယ်။ ဒူတာတေးရဲ့ အောက်လုံးတွေကို တိုင်းပြည်က ရယ်နေတဲ့အချိန် ကျွန်တော်တို့ပြည်သူ ၂ သောင်းကျော်က အသတ်ခံလိုက်ရပါပြီ”
ထို့ပြင် ပြည်သူများအား အောင်မြင်စွာ သတ်ဖြတ်နိုင်မှုအတွက် ၀င့်ကြွားသည့် သမ္မတမျိုးရှိသော နိုင်ငံမှာ ဖိလစ်ပိုင်တစ်နိုင်ငံတည်းသာ ရှိသည်ဟုလည်း ထရီလိန်းစ်က ထည့်သွင်း ပြောဆိုခဲ့သည်။
ဒူတာတေးအစိုးရကမူ ရဲတပ်ဖွဲ့မှာ တရားဥပဒေဘောင်အတွင်းက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။
Ref: Aljazeera
Comments