ရန်ကုန်၊ မတ် ၇
7day ဂျာနယ်က အများပြည်သူအကျိုးအတွက် အနစ်နာခံစွမ်းဆောင်ခဲ့ကြတဲ့သူ၅ဦးကို 7Day News သူရဲကောင်းဆု ငါးဆုချီးမြှင့်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို 7days ဂျာနယ်၁၆နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားနဲ့အတူ ယနေ့မနက်ပိုင်းက ရန်ကုန်မြို့ Melia ဟိုတယ်မှာကျင်းပခဲ့တာဖြစ်ပါတယ်။
7day ဂျာနယ်အနေနဲ့ ကိုယ်ကျိုးမဖက်ဘဲ တာဝန်သိသိ၊ သတ္တိရှိရှိ အများပြည်သူအကျိုးအတွက် အနစ်နာခံဆောင်ရွက်နေတဲ့ ပြည်သူတွေကို ၂၀၁၁ခုနှစ်ထဲက ရှာဖွေရွေးချယ်ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ယနေ့မှာဆိုရင် ၂၀၁၇ခုနှစ်အတွက်7Day News သူရဲကောင်းဆုများကို ၁၂ဘီးကားဘီးများအကြားအသက်ပျောက်တော့မယ့်ကလေးငယ်ကို အသေခံကာကွယ်သွားပေးတဲ့ အလယ်တန်းပြဆရာမဒေါ်သန်းသန်းဝေ(ကွယ်လွန်)ကို၎င်း၊ ၂၀၁၇ခုနှစ် မွန်ဂိုလီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ ၉ကြိမ်မြောက်ကမ္ဘာ့ကာယဗလပြိုင်ပွဲ၊၆၀ကီလိုတန်းမှာ မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ယူပေးခဲ့တဲ့ ဦးထွန်းထွန်းအောင်ကို ၎င်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကို မိသားစုသဖွယ်နှစ်ရှည်လများကုသပေးနေတဲ့ ဒေါက်တာခင်သန်းအေးအား၎င်း၊ One Championshipပြိုင်ပွဲကြီးမှာ ကမ္ဘာ့ချန်ပီယံဆုနှစ်ဆုရှင် အောင်လအန်ဆန်နဲ့ မိမိကိုယ်ဝန်ပျက်ကျခံပြီး ရေနစ်ကာသေဆုံးလုနီးပါးဖြစ်နေတဲ့ ငါးနှစ်အရွယ်ကလေးကို သွားရောက်ကယ်ဆယ်ပေးခဲ့တဲ့ မသီတာဦးတို့ကိုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
7Day Newsက 7Day News သူရဲကောင်းဆုရရှိသူများကို ၂၀၁၁ခုနှစ်ကသီးခြားချီးမြှင့်ငွေအဖြစ်တစ်ဆုလျှင်ကျပ်၃သိန်းချီးမြှင့်ခဲ့သော်လည်း ၂၀၁၂ခုနှစ်ကစတင်ပြီးယနေ့အထိ သီးခြားချီးမြှင့်ငွေအဖြစ်တစ်ဆုလျှင်ကျပ်ငါးသိန်းအဖြစ်ပြောင်းလဲချီးမြှင့်လျှက်ရှိပါတယ်။
ဒေါ်လာ၂၅၀တန်ဖိုးရှိတဲ့7Day News သူရဲကောင်းဆုတံဆိပ်ဟာဆိုရင်အာက်ခြေကို သစ်မာသား၊ 7အမှတ်တံဆိပ်ကိုသတ္တုစပ်အနေနဲ့ ဖန်တီးထုလုပ်ထားတာဖြစ်ပြီး အမြင့်တစ်ပေခြောက်လက်မနဲ့ အလေးချိန် နှစ်ကီလိုဂရမ်ရှိပါတယ်။
ဓာတ်ပုံ – ဇေမင်း + သီဟ
Popular News Journal မှ ကူးယူဖော်ပြပါသည်။
Comments