မတ် ၉၊ ၂၀၁၈
M-Media
– စင်ကာပူနိုင်ငံရဲ့ ပထမဆုံး အစ္စလာမ့်ဓမ္မကောလိပ်မှာ သင်ရိုးညွှန်းတန်းကို ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ပေးမှာဖြစ်ပြီး အစ္စလာမ့်သိပ္ပံ ဘာသာရပ်တွေအပြင် နိုင်ငံရဲ့ အထွေထွေလုပ်သားအင်အားကို အထောက်အကူဖြစ်စေမယ့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ထည့်သွင်းသင်ကြားပေးသွားမယ်လို့ စင်ကာပူ မွတ်စလင်ရေးရာဝန်ကြီး ဒေါက်တာ ယာကွဘ်အီဘရာဟင်က မနေ့မှာ ပြောကြားခဲ့ပါတယ်။
စင်ကာပူအစိုးရဟာ နိုင်ငံအတွင်း အစ္စလာမ့်ဓမ္မကောလိပ် ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၁၆ ခုနှစ်ကတည်းက စီစဉ်နေတာဖြစ်ပြီး အီဂျစ်၊ ဂျော်ဒန်၊ တူရကီ၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက အစ္စလာမ့်ဓမ္မကောလိပ်တွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်န၀ါရီလအထိ သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ရေးရာဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာယာကွဘ်က တိုင်းပြည်ရဲ့ လူမျိုးစုံ ဘာသာစုံဝါဒကို နားလည်သဘောပေါက်တဲ့ ဓမ္မဆရာမျိုးဆက်သစ်ကို လေ့ကျင့်ပျိုးထောင်ပေးဖို့အတွက် စင်ကာပူမှာ အစ္စလာမ့်ဓမ္မကောလိပ် တည်ထောင်သွားဖို့ရှိတယ်လို့ အရင်က ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမယ့် စင်ကာပူက ဒီကောလိပ်ရဲ့ သင်ရိုးညွှန်းတမ်းဟာ နိုင်ငံရပ်ခြားက အစ္စလာမ့်ဓမ္မကောလိပ်တွေနဲ့ ကွဲပြားခြားနားမှု ရှိမှာဖြစ်ပါတယ်။
ဒေါက်တာယာကွဘ်က အီဂျစ်နိုင်ငံရဲ့ အလ်အဇ်ဟာရ်တက္ကသိုလ်နဲ့ ဂျော်ဒန်က တက္ကသိုလ်တို့ဟာ ပုံမှန်အားဖြင့် ဓမ္မဆရာတွေကို လေ့ကျင့်သင်ကြားပေးတာချင်း တူပေမယ့် ဂျော်ဒန်တက္ကသိုလ်ကတော့ တိုင်းပြည်က စီးပွားရေးကဏ္ဍမှာ ၀င်ရောက်လုပ်ကိုင်နိုင်မယ့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ကြားပေးတယ်လို့ ဒေါက်တာယာကွဘ်က ပြောပါတယ်။
တူရကီက တက္ကသိုလ်တွေဟာ ဂန္တ၀င်အစ္စလာမ့်သိပ္ပံနဲ့ လူသားဝါဒဆိုင်ရာတွေကို သင်ကြားပေးပြီး အမေရိကန်က ဇေတူနာကောလိပ်နဲ့ Nortre Dame တက္ကသိုလ်၊ ကနေဒါက McGill တက္ကသိုလ်တို့ဟာ ပညာရှင်တွေကို ပျိုးထောင်ပေးဖို့အတွက် ပညာရပ်ဆိုင်ရာနည်းလမ်းနဲ့ ချဉ်းကပ်ကြတယ်လို့လည်း ၀န်ကြီးက ဆိုပါတယ်။
“မတူညီတဲ့ ချဉ်းကပ်မှုတွေဟာ အသုံးဝင်တဲ့ သင်ကြားမှုနည်းနာတွေကို ဖြစ်စေပြီး၊ နည်းနာတစ်ခုချင်းစီတိုင်းဟာ ကိုယ့်ရဲ့ သက်ဆိုင်ရာလူ့အဖွဲ့အစည်း၊ အနေအထားတွေနဲ့ အံဝင်ခွင်ကျရှိပါတယ်။ စင်ကာပူက အစ္စလာမ့်ဓမ္မကောလိပ်မှာလည်း နိုင်ငံရပ်ခြားတက္ကသိုလ်တွေက သင့်တော်တဲ့ နည်းလမ်းတွေကို လက်ခံကျင့်သုံးသွားမှာ ဖြစ်သလို၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အတတ်ပညာတွေနဲ့ အစ္စလာမ့်သိပ္ပံကို ကျကျနနနားလည်တတ်ကျွမ်းတဲ့ – ပိုပြီးအရေးကြီးတာက ဘာသာလူမျိုးစုံရှိတဲ့ စင်ကာပူနဲ့ သဟဇာတဖြစ်တဲ့ အစ္စလာမ့်ယုံကြည်ချက် ကျင့်သုံးမှုတွေမှာ အခြေတည်တဲ့ ပညာရှင်တွေ၊ ဆရာတွေကို မွေးထုတ်ပေးသွားမှာဖြစ်ပါတယ်”
စင်ကာပူမှာ အစ္စလာမ့်ဓမ္မကောလိပ် ဖြစ်တည်လာဖို့ဆိုတာ မလွယ်ကူပေမယ့် စင်ကာပူလူ့အဖွဲ့အစည်းက လေးစားတဲ့ အစ္စလာမ့်ဓမ္မပညာရှင်မျိုး အနာဂတ်မှာ မွေးထုတ်ပေးနိုင်မယ့် ဒီလိုကျောင်းမျိုး ပေါ်ပေါက်လာမယ်လို့ ယုံကြည်ကြောင်း ဒေါက်တာယာကွဘ်က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ စင်ကာပူအစိုးရဟာ ဒီကိစ္စနဲ့ပတ်သက်လို့ အချိန်ယူကာ လေ့လာသုံးသပ်နေပြီး စင်ကာပူ အစ္စလာမ်သာသနာရေးရာကောင်စီ Muis ကလည်း လာမယ့်လအနည်းငယ်အတွင်းမှာ စင်ကာပူက အစ္စလာမ်ဘာသာဝင်တွေရဲ့ သဘောထားစစ်တမ်းကို ကောက်ယူဖို့ ရှိနေတယ်လို့လည်း ၀န်ကြီးက ဆိုပါတယ်။
ဒီစကားတွေကို စင်ကာပူ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနှင့် လူငယ်ဆိုင်ရာ ၀န်ကြီးဌာနအတွက် ဘက်ဂျက်ခွဲဝေပေးမှုနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုမှာ ဒေါက်တာယာကွဘ်က ပြောကြားခဲ့တာဖြစ်ပြီး အစွန်းရောက်အမြင်တွေကနေ စင်ကာပူလူငယ်တွေကို ကာကွယ်ပေးဖို့လိုတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ဒီလိုအတွေးအခေါ်မျိုးတွေ စင်ကာပူမှာ အမြင်တွယ်ခွင့်ပေးလို့ မရပါဘူး။ ရေဆန်တက်ရမယ့် ဒီအလုပ်ကို ကျွန်တော်တို့ဟာ စောစောစီးစီး အာရုံစိုက်လုပ်ရပါလိမ့်မယ်”
အစွန်းရောက်တွေရဲ့သိမ်းသွင်းမှုကို ဒစ်ဂျစ်တယ်မီဒီယာတွေ၊ ဆွေးနွေးအကြံပေးမှုတွေကနေတစ်ဆင့် တန်ပြန်တိုက်ဖျက်ဖို့ ဓမ္မဆရာတွေကို လေ့ကျင့်သင်ကြားပေးတဲ့ Asatizah Youth Network အဖွဲ့မှာ အဖွဲ့ဝင်တွေ တိုးလာအောင် Muis က ဆောင်ရွက်သွားမယ်လို့လည်း ၀န်ကြီးက ပြောကြားခဲ့ပါတယ်။
ဒီနှစ်နှောင်းပိုင်းမှာ ဒီအဖွဲ့ကနေ ဓမ္မဆရာ ၃၀ လောက်ကို လေ့ကျင့်သင်ကြားပေးဖို့လည်း Muis က စီစဉ်နေပါတယ်။
Ref: Today Online
Comments