ဧပြီ ၁၂၊ ၂၀၁၈
M-Media
– ဖမ်းဆီးထားတဲ့ ဆေးခြောက်တွေ ပျောက်ဆုံးမှုဟာ ကြွက်စားသွားတာကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို အာဂျင်တီးနားက ထုတ်ပယ်လိုက်ပါတယ်။
မြို့တော် ဗျူနိုအေရီးစ် အနောက်မြောက်ဖက် ပီလာမြို့ ရဲတပ်ဖွဲ့ စတိုခန်းထဲက ဆေးခြောက် ၅၄၀ ဂရမ် ပျောက်ဆုံးမှုကိ စုံစမ်းစစ်ဆေးရာမှာ ရဲမှူး ဂျာဗီယာ စပီစီယာနဲ့ သူ့လက်အောက်ငယ်သားတွေက ဆေးခြောက်ကို ကြွက်စားသွားတယ်လို့ တရားသူကြီးကို ပြောကြားခဲ့ပါတယ်။
မှုခင်းဆရာဝန်တွေက ကြွက်တွေဟာ မူးယစ်ဆေးဝါးကို အစားအသောက်နဲ့ ဘယ်တော့မှ မမှားနိုင်ဘဲ၊ ဆေးခြောက်တွေကို တကယ်စားသုံးခဲ့မယ်ဆိုရင်တောင် သေသွားမှာကြောင့် ကြွက်သေတွေအများကြီး တွေ့ရလိမ့်မယ်လို့ ထောက်ပြခဲ့ကြပါတယ်။
နောက်ဆုံးကြားနာမှုကို မေလ ၄ ရက်နေ့မှာ ပြုလုပ်ဖို့ရှိပြီး ဒီဆေးခြောက်တွေဟာ သုံးစွဲလိုက်တာကြောင့်၊ ဒါမှမဟုတ် ပေါ့ဆမှုကြောင့် ပျောက်ဆုံးသွားတာလားဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ပီလာမြို့က ရဲစတိုခန်းမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆေးခြောက် ကီလို ၆၀၀၀ လောက် သိမ်းဆည်းထားတာပါ။
ရဲမင်းကြီး စပီစီယာက သူ အဲဒီမြို့မှာ တာဝန်ထမ်းဆောင်ကတည်းက ဆေးခြောက်တွေ လျော့နေတာကို သတိပြုမိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ရဲမှူးဟောင်း ၂၀၁၇ ခုနှစ် ဧပြီလက ပြောင်းရွှေ့သွားစဉ်မှာ စပီစီယာဟာ စတိုခန်းကို တရားဝင် လက်မှတ်ထိုး လွှဲပြောင်းယူခဲ့ခြင်းမရှိဘူးလို့ တွေ့ရှိခဲ့ရပြီးတဲ့နောက် သူ့အပေါ်မှာ သံသယ ပိုလာခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် ရဲမှူးဟောင်းလည်း စုံစမ်းစစ်ဆေးမှု ခံနေရပါတယ်။
Ref: BBC
Comments