ဧပြီ ၂၂၊ ၂၀၁၈
M-Media
– အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်နဲ့ ဘဂ်လန်ပြည်နယ်က မဲဆန္ဒရှင်စာရင်းသွင်းတဲ့ စင်တာတွေမှာ ဗုံးခွဲမှုတွေကြောင့် အနည်းဆုံး ၅၄ ဦးလောက် သေဆုံးခဲ့တယ်လို့ အာဖဂန်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ကဘူးလ်မြို့ရဲချုပ် မိုဟာမက် ဒါဝုဒ် အေမင်က တိုက်ခိုက်သူတစ်ဦးဟာ မြို့တော်က စာရင်းသွင်းစင်တာရဲ့ အ၀င်အ၀မှာ ဗုံးခွဲခဲ့တာကြောင့် ၄၈ ဦး သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
IS အကြမ်းဖက်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ အွန်လိုင်းသတင်းဌာန Amaq ကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူတွေ တော်တော်များများတာကြောင့် သေဆုံးသူ မြင့်တက်လာနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူအများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။
ကဘူးလ်မြောက်ပိုင်း ဘဂ်လန်ပြည်နယ်က မဲဆန္ဒရှင်များ စာရင်းသွင်းစင်တာတစ်ခုမှာလည်း ဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး မိသားစုတစ်စုထဲက လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
အခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့မှာ လွှတ်တော်နဲ့ ခရိုင်ကောင်စီရွေးကောက်ပွဲတွေ လုပ်ဖို့အတွက် အာဖဂန်အစိုးရက စီစဉ်ထားပြီး ဒီရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ မြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဂိုးရ်ပြည်နယ်က မဲဆန္ဒရှင် စာရင်းသွင်းစင်တာတစ်ခု တိုက်ခိုက်ခံရပြီး ရဲနှစ်ဦးနဲ့ ရွေးကောက်ပွဲကော်မရှင်က ၀န်ထမ်း ၃ ဦးကို ပြန်ပေးဆွဲခံခဲ့ရပါတယ်။
ကြာသာပတေးနေ့က သေနတ်သမားတွေဟာ ဂျလာလာဘတ်မှာရှိတဲ့ မဲဆန္ဒရှင် စာရင်းသွင်းစင်တာမှာ ရဲနှစ်ဦးကို သတ်ပစ်ခဲ့ပါတယ်။
Ref: Aljazeera
Comments