သြဂုတ် ၆၊ ၂၀၁၈
M-Media
– လူသောင်းချီသေဆုံးခဲ့ပြီး သန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ဖို့အတွက် တောင်ဆူဒန်သမ္မတနဲ့ သူပုန်ခေါင်းဆောင်တို့ဟာ အာဏာခွဲဝေရေးကိစ္စကို သဘောတူခဲ့ကြပါတယ်။
သမ္မတ ဆာလ်ဗာ ကီအီရ်နဲ့ သူပုန်ခေါင်းဆောင် ရီက် မာချာတို့ဟာ မနေ့က အိမ်နီးချင်း ဆူဒန်နိုင်ငံမှာ သဘောတူညီချက်ကို ဆူဒန်သမ္မတ အိုမာရ် အလ်-ဘရှီး၊ ကင်ညာ၊ ယူဂန်ဒါနဲ့ ဒီဘူတီ သမ္မတတွေရဲ့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
သဘောတူညီချက်အရ ရီက်မာချာဟာ ညီညွတ်သောအစိုးရမှာ ပါဝင်ကာ ဒုတိယသမ္မတ ၅ ယောက်က ပထမဆုံး ဒုတိယသမ္မတအဖြစ် တာဝန်းထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင့် အစိုးရအဖွဲ့မှာလည်း မာချာရဲ့လူတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ဒါဟာ နောက်ဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ခြေလှမ်းအစလည်းဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီးရင် ခေါင်းဆောင်နှစ်ဦးပေါင်းက ၃ လအတွင်း ကြားဖြတ်အစိုးရ ဖွဲ့စည်းကာ ၃၆ လ အုပ်ချုပ်ရမှာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ ဒီလိုသဘောတူညီချက်မျိုး ရရှိခဲ့ပေမယ့် မြို့တော် ဂျူဘာမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး မာချာလည်း တိုင်းပြည်ကနေ ထွက်သွားခဲ့ပါတယ်။
ဆူဒန်ကနေ ခွဲထွက်ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ သမ္မတ ကီအီရ်က၊ ဒုတိယသမ္မတ မာချာဟာ အာဏာသိမ်းဖို့ ကြိုးစားတယ်ဆိုတယ်ဆိုလို့ စွပ်စွဲအပြီး ပြည်တွင်းစစ် စခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်ကတည်းက အပစ်ရပ်ရေး၊ အာဏာခွဲဝေရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။
မနေ့က သဘောတူညီချက်ဟာ ၁၂ ကြိမ်မြောက် အပစ်ရပ်ရေးနဲ့ ၂ ကြိမ်မြောက် အာဏာခွဲဝေရေး သဘောတူညီချက် ဖြစ်ပါတယ်။
Ref: Aljazeera
Comments