အောက်တိုဘာ ၅၊ ၂၀၁၈
M-Media
– သြဂုတ်လအတွင်းက ရေလှောင်တမံတစ်ခုရဲ့ ရေပိုလွှဲ ကျိုးပေါက်ပြီး ရွာပေါင်း ၈၅ ခုလောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် နိုင်ငံအတွင်းက ဆည်ပေါင်း ၂၃၅ ခုကို စစ်ဆေးဖို့အတွက် မြန်မာအစိုးရက အထူးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။
စက်တင်ဘာလ အလယ်ပိုင်းလောက်မှာ ဖွဲ့စည်းခဲ့တဲ့ အဲဒီအဖွဲ့မှာ ဘူမိဗေဒ၊ ရေအားလျှပ်စစ်ဆိုင်ရာနဲ့ စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်ကာ တစ်နေ့ကို ဆည်ကြီး ၄ ခု အန္တရာယ်ကင်းမှု ရှိ၊ မရှိ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ‘စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန’ က ဆည်မြောင်းနှင့် ရေအရင်းမြစ်အသုံးချရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လွင်ထွန်းက CNA သတင်းဌာနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
သြဂုတ်လအတွင်း ပဲခူတိုင်းဒေသကြီးက ဆွချောင်းရေလှောင်တမံက ရေပိုလွှဲကျိုးပေါက်ကာ ရေကြီးရေလျှံခဲ့တာကြောင့် ရွာ ၈၅ ရွာ ရေမြုပ်ကာ ပြည်သူ ၆၃၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ဦးဇော်လွင်ထွန်းက ဒီရေပိုလွှဲကျိုးပေါက်မှုဟာ ဟောင်းနွမ်းမှုကြောင့်ဖြစ်ပြီး၊ ထိခိုက်မှုကလည်း ကြီးမားတယ်လို့ ပြောကြားခဲ့ပါတယ်။
“ရေပိုလွှဲကျိုးမှုကြောင့် ဆည်တွေ ကျိုးကြမလားဆိုတဲ့ စိုးထိတ်မှုတွေ ပြည်သူတွေမှာ ရှိနေပါတယ်”
မြန်မာနိုင်ငံက ရေလှောင်တမံတွေဟာ ငလျင်ဒဏ်ခံနိုင်အောင် ဒီဇိုင်ဆွဲ တည်ဆောက်ထားပေမယ့် တစ်လကိုတစ်ကြိမ်လောက် စစ်ဆေးဖို့လိုကြောင်း၊ အခုဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ဟာ နိုင်ငံတစ်ဝှမ်းက ရေလှောင်တမံတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း သုံးသပ်သွားမှာဖြစ်ကြောင်း ဦးဇော်လွင်ထွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“သူတို့ဟာ ရေလှောင်တမံအားလုံးကို စစ်ဆေးမှာပါ။ ဒါဟာ ပုံမှန်စစ်ဆေးမှု မဟုတ်ပါဘူး။ အထူးစစ်ဆေးမှုဖြစ်ပြီး ပြီးခဲ့တဲ့လလယ်ပိုင်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့တွေ့ရှိချက်တွေ၊ စစ်ဆေးမှုရလဒ်တွေကို အခြေခံပြီးတော့ ရေလှောင်တမံတွေ ထိန်းသိမ်းဖို့နဲ့ အန္တရာယ်ကင်းရှင်းဖို့အတွက် ဘက်ဂျက်တစ်ချို့ကို ဦးစားပေး သုံးစွဲသွားမှာပါ”
Ref: CNA
Comments