အောက်တိုဘာ ၉၊ ၂၀၁၈
M-Media
အင်ဒိုတွင် ငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ ၂ ထောင်နီးပါး ရှိလာ
================
စက်တင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၉၄၄ ဦးအထိ ရောက်လာခဲ့တယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ပျောက်ဆုံးသူအရေအတွက်က ၅၀၀၀ လောက် ရှိနေပြီး အောက်တိုဘာ ၁၁ ရက်နေ့အထိ ရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်ကာ အဲဒီနောက်ပိုင်းမှာ မတွေ့သူတွေကို သေဆုံးသူများအဖြစ် စာရင်းသွင်းမှာ ဖြစ်ပါတယ်။
ကင်ဂျုံအွန်နှင့် ထရမ့်တို့ ဒုတိယအကြိမ် ဆွေးနွေးမည်
===================
သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အမြန်ဆုံး ဆောင်ရွက်သွားဖို့ သဘောတူကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြုံးယမ်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုကို ပြောကြားလိုက်ပါတယ်။ ကင်နဲ့ ပွမ်ပီယိုတို့ဟာ ၂ နာရီကြာ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲအသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ကင်နဲ့ ထရမ့်တို့ဟာ ဇွန်လက စင်ကာပူမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အမေရိကန်တွင် ယာဉ်တိုက်မှုကြောင့် လူ ၂၀ သေဆုံး
=========
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် မြို့တော် အလ်ဘာနီအနီးမှာ စနေနေ့ နေ့လည်ပိုင်းက ဇီမ်ခံကားတစ်စီး လူအုပ်ကို ၀င်တိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပါတယ်။ ကားနှစ်စီး တိုက်မိရာကနေ တစ်စီးက တောင်ပေါ်ကနေ ထိုးဆင်းသွားပြီး စတိုးဆိုင်နဲ့ ကော်ဖီဆိုင်တစ်ခုမှာ ရှိနေကြတဲ့ လူတွေကို ၀င်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ ကားတိုက်မတော်တဆဖြစ်မှုဟာ လူအမြောက်အများ သေဆုံးရတဲ့ အကြောင်းအရင်းတွေထဲမှာ စတုတ္ထနေရာမှာ ရှိနေပါတယ်။
ဟောင်ကောင်အတွက် စနစ်မပြောင်းဟု တရုတ်ပြော
=============
ဟောင်ကောင်အတွက် နိုင်ငံတစ်နိုင်ငံ စနစ်နှစ်ခု မူဝါဒကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံပိုင် သတင်းစာ China Daily ရဲ့ ဒီကနေ့ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။ ၁၉၉၇ ခုနှစ် ဗြိတိသျှက တရုတ်ပြည်ကို လွှဲပြောင်းပေးပြီးတဲ့နောက်ပိုင်း ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးမှာထက် ပိုတဲ့ လွတ်လပ်ခွင့်ကို ရရှိနေတာ ဖြစ်ပါတယ်။ Financial Times သတင်းစာက အာရှရေးရာ အယ်ဒီတာကို ဗီဇာသက်တမ်းမတိုးပေးတာနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ဝေဖန်မှုကိုလည်း China Daily က ပယ်ချလိုက်ပြီး အမျိုသားလုံခြုံရေးနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်စေတဲ့အတွက် ဒီလို လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Aljazeera, CNA
Comments