အောက်တိုဘာ ၁၀၊ ၂၀၁၈
M-Media
ကုလဆိုင်ရာ အမေရိကန်သံအမတ် နှစ်ကုန်လျှင် နှုတ်ထွက်မည်
=================
ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးရဲ့ နှုတ်ထွတ်စာကို လက်ခံလိုက်ပြီး နှစ်ကုန်ရင် ဟာလေးဟာ တာဝန်က အနားယူတော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ တောင်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ ဟာလေးဟာ အရင်က ထရမ့်ရဲ့ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေအတွက်လည်း ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ လတ်တလော နိုင်ငံရေးလောကထဲကို ပြန်မ၀င်သေးဘဲ ၂၀၂၀ မှာ သမ္မတအဖြစ် ၀င်အရွေးခံမယ်ဆိုတဲ့ သတင်းတွေကိုလည်း သူမက ငြင်းဆိုခဲ့ပါတယ်။ ထရမ့်က သူ့အစိုးရမှာ ဟာလေးကို နေရာတစ်နေရာပေးပြီး ပြန်ခန့်ဖို့ မျှော်လင့်နေပါတယ်။
အမေရိကန်ဦးဆောင်သည့် ပင်လယ်ဓားပြတိုက်ဖျက်ရေးလုပ်ငန်းမှ ပါကစ္စတန်နှုတ်ထွက်မည်
=====================
အမေရိကန်ဦးဆောင်ပြီး အိန္ဒိယသမုဒ္ဒရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ပင်လယ်ဓားပြတိုက်ဖျက်ရေးအဖွဲ့ Combined Task Force (CTF) မှာ မိမိတို့စစ်တပ် ပါဝင်မှာမဟုတ်တော့ဘူးလို့ ပါကစ္စတန်က ကြေငြာလိုက်ပါတယ်။ အမေရိကန်ဟာ အရင်က သဘောတူထားတဲ့အတိုင်း စစ်ရေယာဉ်တွေ ကင်းလှည့်ဖို့ လောင်စာဆီ လုံလုံလောက်လောက် မပေးတဲ့အတွက် ဒီလိုနှုတ်ထွက်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခုလိုနှုတ်ထွက်မှုက လတ်တလော မကျေမလည်ဖြစ်နေတဲ့ ပါစ္စတန်-အမေရိကန် ဆက်ဆံရေးကို ပိုမိုဆိုးဝါးစေမှာ ဖြစ်ပါတယ်။ ပါကစ္စတန်စစ်တပ်က သူတို့နှုတ်ထွက်မှုရဲ့ဒဏ်ကို CTF အဖွဲ့ဝင်နိုင်ငံတွေ ကောင်းကောင်းခံစားရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
တရုတ်သြဇာကိုတွန်းလှန်ရေး ထိုင်ဝမ်က အမျိုးသားလုံခြုံရေး တိုးမြှင့်မည်
================
နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး မိမိတို့အစိုးရဟာ တရုတ်နိုင်ငံရဲ့ ဖိနှိပ်မှုကို လက်ခံမှာမဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က ဒီကနေ့ပြုလုပ်တဲ့ အမျိုးသားနေ့အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ပိုင်နက်အဖြစ် သတ်မှတ်ထားကာ လတ်တလောမှာ စစ်ရေး၊ နိုင်ငံရေးအရ တိုးမြှင့် ဖိအားပေးမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ Tsai Ing-wen ကတော့ တရုတ်ဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ လက်ရှိအနေအထားကို စိန်ခေါ်နေပြီး မိမိတို့အနေနဲ့ အမှုမဲ့အမှတ်မဲ့ နေသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
Ref: Aljazeer, CNA
Comments