အောက်တိုဘာ ၁၁၊ ၂၀၁၈
M-Media
– အကြွေးနွံနစ်မယ်ဆိုတဲ့ နိုင်ငံတကာရဲ့ သတိပေးချက်တွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆီရာလီယိုနီနိုင်ငံဟာ တရုတ်က ငွေထုတ်ပေးမယ့် ကန်ဒေါ်လာ သန်း ၄၀၀ တန် နိုင်ငံတကာလေဆိပ်သစ်တစ်ခု ဆောက်လုပ်မယ့် စီမံကိန်းကို ဖျက်သိမ်းလိုက်ပါတယ်။
Mamamah လို့အမည်ပေးထားတဲ့ အဲဒီ လေဆိပ်သစ် စီမံကိန်းကို သမ္မတဟောင်း အာရ်နက်စ် ဘိုင် ကိုရိုမာက ရွေးကောက်ပွဲမရှုံးခင် မတ်လမှာ ဒီစီမံကိန်းကို အတည်ပြုခဲ့ပြီး၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့က စီမံကိန်းဟာ တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ ကျဆင်းမယ့်အန္တရာယ် ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။
ဆီရာလီယိုနီရဲ့ လေကြောင်းဆိုင်ရာအကြီးအကဲ ကာဘီနဟ် ကာလွန်က ဒီစီမံကိန်းဟာ တိုင်းပြည်အတွက် မလိုအပ်ဘဲ ရှိပြီးသား လေဆိပ်ကိုသာ ပြုပြင်မွမ်းမံမှုတွေ လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဆီရာလီယိုနီမှာ လက်ရှိ နိုင်ငံတကာလေဆိပ် တစ်ခုတည်းသာရှိပြီး လေဆိပ်ကနေ မြို့တော် ဖရီးတောင်းကိုရောက်ဖို့အတွက် စက်လှေ၊ ဒါမှမဟုတ် ရဟတ်ယာဉ်တွေ စီးပြီး သွားရတာ ဖြစ်ပါတယ်။
လက်ရှိသမ္မတ ဂျူလီယက်စ်မာဒါက လေဆိပ်သစ်အစား ဖရီးတောင်းနဲ့ လက်ရှိလေဆိပ်ကို ဆက်သွယ်ပေးမယ့် တံတားတစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ကာလွန်က ပြောကြားခဲ့ပါတယ်။
အခုလို Mamamah လေဆိပ်သစ်စီမံကိန်း ဖျက်သိမ်းလိုက်တဲ့အတွက် တရုတ်ကို အလျော်ပေးရမလားဆိုတဲ့ကိစ္စကို အတိအကျ မသိရှိသေးဘဲ တရုတ်နဲ့ ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့လည်း ကာလွန်က ဆိုပါတယ်။
အာဖရိကနိုင်ငံတော်တော်များများဟာ တရုတ်ဆီက ငွေကြေးအကူအညီတွေ၊ ချေးငွေတွေကို ရယူနေကြပြီး စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဒါဟာ အကြွေးထောင်ချောက်ထဲ သက်ဆင်းနေတာဖြစ်တယ်လို့ သတိပေးထားကြပါတယ်။
တရုတ်ဟာ အာဖရိက ဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဥရောပကော်မရှင်၊ ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ နိုင်ငံကာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ ကမ္ဘာ့ဘဏ်နဲ့ G8 နိုင်ငံအဖွဲ့ အားလုံးပေါင်းထက်ပိုပြီး အာဖရိကရဲ့ အခြေခံအဆောက်အဦးကဏ္ဍမှာ ငွေကြေးထောက်ပံ့သူ ဖြစ်လာပါတယ်။
တရုတ်ကတော့ သူ့ရဲ့ ငွေကြေးထောက်ပံ့မှုတွေဟာ အကြွေးထောက်ချောက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
Ref: BBC
Comments