အောက်တိုဘာ ၁၄၊ ၂၀၁၈
M-Media
– အင်ဒိုနီးရှားက တက်သစ်စ နည်းပညာ စွန့်ဦးတီထွင်သူတွေကို ပျိုးထောင်ပေးဖို့အတွက် သင်တန်းကျောင်းတစ်ခု တည်ဆောက်သွားမယ်လို့ Alibaba ပိုင်ရှင် ဂျက်မားက မနေ့မှာ ပြောကြားလိုက်ပါတယ်။
ဂျက်မားဟာ အင်ဒိုနီးရှားအစိုးရရဲ့ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး အကြံပေးအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး သင်တန်းကျောင်း ဘယ်တော့ဖွင့်မလဲဆိုတာ အတိအကျ မပြောခဲ့ပေမယ့် နောက်ထပ် ၁၀ နှစ်အတွင်း တစ်နှစ်ကို နည်းပညာ စွန့်ဦးလုပ်ငန်းရှင်ပေါင်း ၁၀၀၀ လောက်ကို မြေတောင်မြှောက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
“အင်ဒိုနီးရှားက လူငယ်တွေကို ပညာရေးအခွင့်အလမ်းတွေ အများကြီး ပေးသွားမှာပါ” လို့ အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာဘဏ်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ အင်ဒိုနီးရှားဝန်ကြီးတွေနဲ့ သီးခြားတွေ့ဆုံစဉ် ဂျက်မားက ပြောကြားခဲ့ပါတယ်။
ဂျက်မားက ပြည်သူတွေ တိုးတက်လာမယ်၊ အတွေးအခေါ်တွေ ပြောင်းလဲလာမယ်၊ ကျွမ်းကျင့်မှုတွေ မြင့်တက်လာမယ်ဆိုမှ ဒစ်ဂျစ်တယ် ခေတ်ကို ဖြတ်သန်းနိုင်မှာ ဖြစ်တဲ့အတွက် အင်ဒိုနီးရှားရဲ့ လူသားအရင်းအမြစ်ကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိမှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ပြတ်လတ်မှုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ Alibaba ရဲ့ cloud computing ဌာနဖြစ်တဲ့ Alibaba Cloud ဟာ သူတို့ရဲ့ အချက်အလက်စင်တာကို မတ်လက အင်ဒိုနီးရှားနိုင်ငံမှာ ဖွင့်လှစ်ခဲ့ပါတယ်။
ဂျက်မားက သူ့ရဲ့ကုမ္ပဏီဟာ အင်ဒိုနီးရှားမှာ အီလက်ထရောနစ် ကုန်စည်ကူးသန်းရေး တစ်ခုတည်းသာမကဘဲ cloud computing၊ ကုန်စည်ပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အဦး ကဏ္ဍတွေမှာပါ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: CNA
Comments