အောက်တိုဘာ ၁၉၊ ၂၀၁၈
M-Media
– ဘန်ကောက်မြို့အနီး မဟာချိုင်မှာ ထိုင်းအာဏာပိုင်တွေက ရာနဲ့ချီတဲ့ မြန်မာလုပ်သားတွေကို ဒီကနေ့မနက်မှာ ဖမ်းဆီးလိုက်ပြီး နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ကာ အလုပ်လုပ်ကိုင်နေတဲ့သူတွေကို ဖော်ထုတ်ဖမ်းဆီးရေး တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေခဲ့တာ ဖြစ်ပြီး အထောက်အထားမပြနိုင်သူတွေကို ဖမ်းဆီးကာ နောက်ပိုင်းမှာ နယ်နှင်ဖို့ ရှိနေပါတယ်။
နေထိုင်သူတစ်ချို့ဟာ ၀င်ရောက်စစ်ဆေးမှုကို ခွင့်မပြုတာကြောင့် ရဲတပ်ဖွဲ့က အဓမ္မ၀င်ရောက်ခဲ့တာတွေလည်း ရှိခဲ့ပြီး အမျိုးသားတွေရဲ့ ဆီးနမူနာတွေကိုယူကာ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ၊ မရှိလည်း စစ်ဆေးခဲ့ပါတယ်။
မဟာချိုင်အခြေစိုက် ‘ရွှေ့ပြောင်းလုပ်သား အခွင့်အရေးကွန်ယက်’ ရဲ့ ဥက္ကဌ ဦးအောင်ကျော်က ထိုင်းအာဏာပိုင်တွေဟာ နိုင်ငံခြားသားလုပ်သားတွေ အများအပြားရှိနေတဲ့ ဖူးကတ်၊ စမွတ် ဆာခွန်နဲ့ မဟာချိုင်တို့မှာ အခုတစ်ပတ်အတွင်း စီးနင်းဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“သူတို့ (အာဏာပိုင်တွေ) က လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်တာပါ။ တရားဝင်အထောက်အထား ရှိတဲ့သူတွေကို ပြန်လွှတ်ပေးပြီး မရှိသူတွေကိုတော့ နယ်နှင်မှာ ဖြစ်ပါတယ်”
ဒီကနေ့မနက် မဟာချိုင်မှာ ပြုလုပ်တဲ့ ဖမ်းဆီးမှုအတွင်း အဖမ်းခံရသူ အရေအတွက်ကို အတိအကျ မသိရပေမယ့် ရာချီမယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ နိုင်ငံခြားသားတွေကို နေထိုင်ခွင့်အထောက်အထားအပြင် ဗီဇာက ခွင့်ပြုထားတဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်မှု ရှိ၊ မရှိကိုလည်း စစ်ဆေးခဲ့ပါတယ်။
ဗီဇာ ရက်အနည်းငယ်ကျော်နေရင် ဒဏ်ငွေဆောင်ကာ သက်တမ်းတိုးလို့ရမှာ ဖြစ်ပေမယ့် အများကြီးကျော်နေရင်တော့ နယ်နှင်ခံရမယ်လို့ ဦးအောင်ကျော်က ပြောကြားခဲ့ပါတယ်။
Ref: Irrawaddy
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် သတင်းအား ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)
Comments