အောက်တိုဘာ ၂၂၊ ၂၀၁၈
M-Media
-ဆီးရီးယားနိုင်ငံအရှေ့ပိုင်းက ဗလီတစ်လုံးကို အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့တစ်ပတ် လေကြောင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၄၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလ်-ဆူရှာမြို့က မတ်စ်ဂျစ်ဒ် အလ်-အွတ်စ်မန်း ဗလီဖြစ်ပြီး သောကြာနေ့ ၀တ်ပြုဆုတောင်းနေတဲ့အချိန် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဗလီဝတ်ကျောင်းတော်တစ်ဝိုက်က အိမ်တွေလည်း ထိခိုက် ပျက်ဆီးခဲ့ပါတယ်။
IS အကြမ်းဖက်သမားတွေဟာ ဒီဗလီကို အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုနေပြီး မဟာမိတ်တွေ၊ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ SDF တပ်ဖွဲ့ကို ခုခံတိုက်ခိုက်နေတယ်လို့ အမေရိကန်က ပြောပါတယ်။
ဆီးရီးယားအရေး စောင့်ကြည့်နေတဲ့ Syrian Observatory for Human Rights (SOHR) အဖွဲ့က အရပ်သားတွေ သေဆုံးမှုကို အတည်ပြုခဲ့ပြီး အများစုဟာ IS တိုက်ခိုက်ရေးသမားတွေရဲ့ အီရတ်က ဆွေမျိုးတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဝတ်ပြုရာနေရာကို လူအများစုရုံးချိန်မှာ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရှောင်ရိုင်ယန်က အကြမ်းဖက်သမားတွေက ဗလီကို တစ်လွဲအသုံးချမှုဟာ စစ်ပွဲရဲ့ စည်းကမ်းကို ချိုးဖောက်မှုဖြစ်ပြီး ဗလီကို စစ်ပွဲရဲ့ ပစ်မှတ်တစ်ခုဖြစ်အောင် ဆောင်ရွက်တာဖြစ်တယ်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်ရေးသမားတွေ ဘယ်အချိန်စုရုံးမလဲဆိုတာကို သူတို့အနေနဲ့ စောင့်ကြည့်နေခဲ့ပြီး အရပ်သားတွေ သေဆုံးတယ်ဆိုတဲ့ သတင်းတွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်လို့ သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
မဟာမိတ်တပ်ဖွဲ့နဲ့ အမေရိကန်ကျောထောက်နောက်ခံပြု SDF တပ်ဖွဲ့တို့ဟာ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ယူဖရေးတီး မြစ်ကမ်းပါးက ဒေသတွေကို ပြီးခဲ့တဲ့လကတည်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
Ref: Middle East Monitor
Comments