အောက်တိုဘာ ၂၅၊ ၂၀၁၈
M-Media
သမ္မတဟောင်း အိုဘားမားအပါအ၀င် ဒီမိုကရက်ထိပ်သီးပုဂ္ဂိုလ်များကို ပါဆယ်ဗုံးပေးပို့မှုဖြစ်
================
အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့အပါအ၀င် ဒီမိုကရက်ပါတီက ထိပ်တန်း တာဝန်ရှိသူတွေထံ ပေါက်ကွဲစေတတ်တဲ့ ပါဆယ်ထုတ်တွေ စာတိုက်ကတစ်ဆင့် ပေးပို့မှု ရှိခဲ့ပြီး အားလုံးကို ကြားဖြတ် သိမ်းဆည်းခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးဌာနက မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နယူးယောက် ရဲဌာနကလည်း CNN သတင်းဌာန ရုံးခန်းတည်ရှိရာ Time Warner စင်တာမှာ ပိုက်ဗုံးလို့ ယူဆရတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပြီး ပါဆယ်ဗုံး ပေးပို့တဲ့သူရဲ့ လက်ချက်ဖြစ်တယ်လို့ ယူဆရကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ဒီကိစ္စကို အမေရိကန် ထောက်လှမ်းရေးဌာနက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်ကို ကာကွယ်မည်ဟု တရုတ်ပြော
==================
ထိုင်ဝမ်ကျွန်းပဲဖြစ်ဖြစ်၊ ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်ပဲဖြစ်ဖြစ် တစ်လက်မမှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ် ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီက ဒီကနေ့ ဘေဂျင်းမှာ ကျင်းပပြုလုပ်တဲ့ Xiangshan ဖိုရမ် အဖွင့်မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ ထိုင်ဝမ်ကျွန်းဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဒေသ ဖြစ်ပေမယ့် တရုတ်က သူ့ရဲ့ ပိုင်နက်အဖြစ် မှတ်ယူထားပြီး အမေရိကန်ဟာ ထိုင်ဝမ်လွတ်မြောက်ရေးကို အာပေးနေတာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်မှာလည်း အမေရိကန်ဟာ ရေတပ်အင်အားပြမှုတွေ ရှိနေပါတယ်။ ဝေဖန်ဟီက ထိုင်ဝမ်ကို တရုတ်ပြည်မကနေ ကွဲသွားအောင် တစ်ဦးဦးက ဆောင်ရွက်လာရင် စစ်ရေးရဲ့ တုန့်ပြန်သွားမယ်လို့ဆိုပြီး တောင်တရုတ်ပင်လယ်မှာ အင်အားပြနေမှုကိုလည်း ဆန့်ကျင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂျာနယ်လစ် ကာရှိုဂျီအသတ်ခံရသည့် အသံဖိုင်ကို စီအိုင်အေအကြီးအကဲ နားထောင်ခဲ့ရ
===============
အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ထိပ်တန်းဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရတဲ့ အသံဖိုင်ကို အမေရိကန် စီအိုင်အေ အကြီးအကဲ ဂျီတာ ဟက်စ်ပဲလ်က တူရကီခရီးစဉ်အတွင်း နားထောင်လိုက်ရတယ်လို့ ၀ါရှင်တန်ပို့စ် သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။ ကာရှုဂျီကို ဆော်ဒီအစိုးရက ကြေးစားငှားကာ သတ်ခိုင်းခဲ့တယ်လို့ တူရကီက စွပ်စွဲထားပြီး ဒီကိစ္စအတွက် အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ ရှိတယ်လို့လည်း ဆိုပါတယ်။ ဆော်ဒီက ကာရှိုဂျီအသတ်ခံရမှုကို ပထမပိုင်းမှာ ငြင်းဆိုပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပါတယ်။ ဟက်စ်ပဲလ်အနေနဲ့ ဒီအသံဖိုင်ကို နားထောင်ခဲ့ရတာမှန်ရင် ဆော်ဒီအစိုးရအပေါ် အမေရိကန်က ဖိအားပေးမှုတွေ ပိုမို လုပ်ဆောင်လာနိုင်ပါတယ်။
Ref : Aljazeera
Comments