အောက်တိုဘာ ၂၆၊ ၂၀၁၈
M-Media
တရုတ်မူကြိုကျောင်းတစ်ခုတွင် အမျိုးသမီးတစ်ဦးက ကလေးများအား ဓားနဲ့ခုတ်
===========
ဒီကနေ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ် ချောင်ကွင်းမြို့က မူကြိုကျောင်းတစ်ခုမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဓားကိုင်ကာ
တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁၄ ဦး ဒဏ်ရာ ရခဲ့တဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ထိခိုက်ခဲ့တဲ့ ကျောင်းသားတွေရဲ့ မိဘတွေက တိုက်ခိုက်သူ အမျိုးသမီးကို ၀ိုင်းဝန်း ရိုက်နှက်မှုလည်း ရှိခဲ့ပါတယ်။ တိုက်ခိုက်မှု နောက်ကွယ်က အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတုန်းပဲလို့ တရုတ်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ တရုတ်မှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကလေးငယ်တွေကို ပစ်မှတ်ထားပြီး ဓားနဲ့ ပုဆိန်နဲ့ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး များသောအားဖြင့် စိတ်ရောဂါ ခံစားနေရသူတွေက ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ နိုင်ငံအလယ်ပိုင်း ရှန်ဇီပြည်နယ်က ကျောင်းတစ်ကျောင်းမှာ ကလေးငယ် ၉ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တဲ့ ဓားနဲ့တိုက်ခိုက်မှု ကျူးလွန်သူ အမျိုးသားကို စက်တင်ဘာလမှာ တရုတ်က ကွပ်မျက်ခဲ့ပါတယ်။
စစ်အေးခေတ်နောက်ပိုင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို နေတိုးအဖွဲ့ ပြုလုပ်
=============
စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတစ်ခုကို နေတိုးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ စတင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတစ်ချို့ ရုရှားနဲ့ တင်းမာမှု ဖြစ်နေတဲ့အချိန် ဒီလိုစစ်ရေးလေ့ကျင့်မှု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ Trident Juncture လို့ အမည်ပေးထားတဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုကို အဖွဲ့ဝင် ၂၉ နိုင်ငံနဲ့ ဆွီဒင်၊ ဖင်လန်တို့က တပ်ဖွဲ့ဝင်စုစုပေါင်း ၅ သောင်း၊ စစ်ဖက်ဆိုင်ရာ ယာဉ်တွေ၊ လေယာဉ်တွေ တော်တော်များများ ပါဝင်ခဲ့ပါတယ်။ နော်ဝေနိုင်ငံ ကျူးကျော်ခံရမှုကို ပုံတူပြုပြီး စစ်ရေးလေ့ကျင်ကြတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ချို့ကို အရင်က ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် အခုစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင် အများဆုံး ပါဝင်ခဲ့ပါတယ်။
ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရမှုကို ကုလ ရှုတ်ချ
==============
ဂျာနယ်လစ် ကာရှိုဂျီ အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးခန်းထဲမှာ အသတ်ခံလိုက်ရတာဟာ တရားလက်လွတ် သတ်ဖြတ်မှု ဖြစ်တယ်လို့ ကုလ တရားလက်လွတ်ဖမ်းဆီးမှု၊ သတ်ဖြတ်မှုဆိုင်ရာ အကြီးအကဲ အဂ်နက်စ် ကာလာမဒ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ကာရှိုဂျီ အသတ်ခံရမှုကို ဆော်ဒီအစိုးရက ပထမပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ကြိုတင်ကြံစည် သတ်ဖြတ်မှုဖြစ်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်ဖို့ ကာလာမဒ်က တိုက်တွန်းခဲ့ပါတယ်။ ကာလာမဒ်အဖွဲ့က ဆော်ဒီဆိုင်ရာသံအမတ်ကတော့ ကာလာမဒ်ရဲ့ ပြောကြားမှုကို ကန့်ကွက်ခဲ့ပါတယ်။
မက္ကဆီကိုတွင် လူအစုလိုက် သတ်ဖြတ်မြှုပ်နှံထားသည့် နေရာတစ်ခု ထပ်မံတွေ့ရှိ
=================
မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ဂျာလစ္စကိုပြည်နယ်က ဒေသတစ်ခုမှာ အနည်းဆုံး လူ ၁၉ ယောက်ကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ပါတယ်။ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ရဲ့ အလောင်းတွေဖြစ်ပြီး လွန်ခဲ့တဲ့ ၄ လလောက်က အသတ်ခံလိုက်ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မက္ကဆီကိုနိုင်ငံမှာ မူးယစ်ဂိုဏ်းတွေနဲ့ ဆက်နွယ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဟာ ပြီးခဲ့တဲ့နှစ်တွေဟာ မြင့်တက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က ဂျာလစ္စကိုပြည်နယ်ရဲ့ မြို့တော် ဂွါဒါလာဂျာရာမှာ လူ ၁၆ ယောက် အစုလိုအပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ မက္ကဆီကိုစစ်တပ်က မူးယစ်နှိမ်နှင်းရေးကို အကြီးအကျယ် ဆောင်ရွက်တဲ့ ၂၀၀၆ ခုနှစ်ကတည်း နိုင်ငံတစ်ဝှမ်း အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီ အနည်ဆုံး လူ ၂ သိန်းလောက် အသတ်ခံခဲ့ရပါတယ်။
Ref: Aljazeera, CNA
Comments