အောက်တိုဘာ ၃၁၊ ၂၀၁၈
M-Media
– တမန်တော် မိုဟာမက်နဲ့ အစ္စလာမ်ဘာသာကို စော်ကားတယ်ဆိုတဲ့စွဲချက်နဲ့ သေဒဏ်ကျခံနေရတဲ့ ခရစ်ယာန်အမျိုးသမီး အာဆီယာဘီဘီကို ပါကစ္စတန် တရားရုံးချုပ်က ဒီကနေ့မှာ တရားသေလွှတ်ပေးခဲ့ပြီး လက်ယာစွန်းအဖွဲ့တွေကတော့ ဝေဖန်မှုတွေ၊ ဆန္ဒပြမှုတွေ ပြုလုပ်လာပါတယ်။
၂၀၀၉ ခုနှစ်က ရေတွင်းကိစ္စ စကားများရာကနေ မွတ်စလင်အမျိုးသမီးနှစ်ဦးက အာဆီယာဟာ တမန်တော်နဲ့ အစ္စလာမ်ဘာသာကို စော်ကားခဲ့တယ်ဆိုပြီး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာတော့ သူမဟာ သာသနာ ညှိုးနွမ်းစေမှု စွဲချက်နဲ့ သေဒဏ်ပေးခံခဲ့ရပါတယ်။
နောက်လေးနှစ်အကြာမှာ လာဟိုးမြို့အဆင့်မြင့်တရားရုံးက ဒီပြစ်ဒဏ်ကို ထပ်မံ အတည်ပြု ခဲ့ပါတယ်။
ဒါပေမယ့် အာဆီယာရဲ့ တရားရင်ဆိုင်ရမှုဟာ မျှတမှုမရှိဘူးလို့ ဝေဖန်မှုတွေပေါ်ထွက်ခဲ့ပြီး၊ တရားရုံးချုပ်က ပြန်လည်စစ်ဆေးရာမှာ မမျှတမှုတွေ တွေ့ရှိခဲ့တာကြောင့် စွဲချက်တွေအားလုံး ရုပ်သိမ်းပြီး တရားသေ ပြန်လွှတ်ပေးဖို့အတွက် ဒီကနေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။
တရားသူကြီး အာဆစ်ဖ်ခိုဆာက တရားစီရင်မှုအတွင်း အမှန်တရားကို အပြည့်အ၀ ထုတ်ဖော်နိုင်ခြင်း မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဒီဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။
တရားရုံးဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ လယ်ယာစွန်းရောက် နိုင်ငံရေးနဲ့ ဘာသာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Tehreek-e-Labbaik Pakistan (TLP) ရဲ့ ဆော်သြမှုကြောင့် ပါကစ္စတန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး တရးသေလွှတ်ပေးလိုက်တဲ့ တရားသူကြီးတွေ၊ ၀န်ကြီးချုပ် အင်မရန်းခန်းအစိုးရကလူတွေကို သတ်ဖြတ်ဖို့အတွက် လှုံ့ဆော်လာပါတယ်။
Ref: Aljazeera
Comments