နိုဝင်ဘာ ၄၊ ၂၀၁၈
M-Media
– အမေရိကန်အနေနဲ့ ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို မဖယ်ရှားပေးဘူးဆိုရင် နျူလက်နက်ထုတ်လုပ်မယ့် ပေါ်လစီကို ပြန်သွားဖို့ စဉ်းစားနေတယ်လို့ မြောက်ကိုရီးယားက မနေ့မှာ သတိပေးလိုက်ပါတယ်။
“‘byungjin’ ဆိုတဲ့ စကားလုံး ပြန်ပေါ်လာနိုင်ပြီး အခြေအနေ ပြောင်းလဲဖို့ကို သေအချာ စဉ်းစားလာနိုင်ပါတယ်” လို့ သောကြာနေ့က မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြတဲ့ ကြေငြာချက်မှာ ရေးသာထားပါတယ်။
byungjin ဆိုတာ နိုင်ငံရဲ့ စီးပွားရေးနဲ့အတူ နျူလက်နက်ဖန်တီးမှုကို ယှဉ်တွဲလုပ်ဆောင်မယ့် မြောက်ကိုရီးယားရဲ့ ပေါ်လစီ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သူတို့တိုင်းပြည်ဟာ နျူလက်နက် ယှဉ်ပြိုင်မှုကို အောင်မြင်စွာ ဆောင်ရွက်ပြီးတဲ့အတွက် ဆိုရှယ်လစ်စီးပွားရေးကို အာရုံစိုက်သွားတော့မယ်လို့ ဧပြီလမှာ ကြေငြာခဲ့ပါတယ်။
ဇွန်လမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့သလို တောင်ကိုရီးယားသမ္မတနဲ့လည်း ၃ ကြိမ်အထိ တွေ့ဆုံကာ ကိုရီးယားကျွန်းဆွယ် နျူကင်းရှင်းရေးကိစ္စကို ဆွေးနွေးခဲ့ပါတယ်။
ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ သိသိသာသာ တိုးတက်မှုကို မမြင်ရဘဲ မြောက်ကိုရီးယားအနေနဲ့ လုံးဝ နျူကင်းစင်မှသာ ပိတ်ဆို့မှုတွေကို ဖွင့်ပေးမယ်လို့ အမေရိကန်က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ အမေရိကန်ဟာ လူဆိုးဂိုဏ်းတွေပုံသဏ္ဍာန် ဆောင်ရွက်နေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
“ပိတ်ဆို့မှုတွေ ဆက်ရှိနေတာဟာ ဆက်ဆံရေးတိုးတက်ဖို့အတွက် အဟန့်အတား ဖြစ်နေပါတယ်။ အမေရိကန်အနေနဲ့ လုပ်ရမှာက အလိုက်အထိုက်တုန့်ပြန်ဆောင်ရွက်ဖို့ပါ” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
Ref: Aljazeera
Comments