နိုဝင်ဘာ ၆၊ ၂၀၁၈
M-Media
– နိုင်ငံအတွင်းမှာ ပထမဆုံး နျူကလီးယား သုတေသနဓာတ်ပေါင်းဖို့ ဆောက်လုပ်မယ့်အစီအစဉ် အပါအ၀င် စီမံကိန်း ၇ ခုကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က မနေ့မှာ ကြေငြာလိုက်ပါတယ်။
ပြည့်ဖြိုးမြဲစွမ်းအင်၊ နျူစွမ်းအင်၊ ပင်လယ်ရေးသန့်စင်မှု၊ မျိုးရိုးဗီဇဆိုင်ရာ ဆေးပညာ၊ လေကြောင်းကဏ္ဍ စတဲ့ နယ်ပယ်တွေမှာ ပြုလုပ်မယ့် မဟာဗျူဟာမြောက် စီမံကိန်းတွေ ဖြစ်ပြီး မနေ့က ‘ကင်းအဘ်ဒူလ်အဇစ် သိပ္ပံနဲ့ နည်းပညာမြို့တော်’ ကို သွားရောက်လည်ပတ်စဉ်မှာ မင်းသားက ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီအထဲက အရေးပါတဲ့ စီမံကိန်းနှစ်ခုကတော့ နျူသုတေသန လေ့လာရေးစင်တာနဲ့ လေယာဉ်စက်ရုံတို့ ဖြစ်ပါတယ်။
မိမိတို့နိုင်ငံဟာ နျူလက်နက်ကို မပိုင်ဆိုင်ချင်ပေမယ့် အီရန်က ထုတ်လုပ်လာမယ်ဆိုရင် အမြန်ဆုံး နျူဗုံးထုတ်သွားမယ်လို့ မိုဟာမက် ဘင် ဆလ်မန်က ယခင်က ပြောကြားထားဖူးပါတယ်။
ဆော်ဒီအစိုးရဟာ စွမ်းအင်အတွက် နျူဓာတ်ပေါင်းဖို ၂ ခု ဆောက်လုပ်ရေး တင်ဒါတွေ ခေါ်ခဲ့တယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က ပြီးခဲ့တဲ့နှစ်မှာ ပြောကြားခဲ့ပါတယ်။ ၂၀၃၂ ခုနှစ်မှာ ဓာတ်အား ၁၇.၆ ဂီဂါဝပ်ကို နျူစွမ်းအင်ကနေ ထုတ်လုပ်ရေးအတွက် ဆော်ဒီက ရည်မှန်းထားပါတယ်။
လက်ရှိ ပင်လယ်ကွေ့မှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တစ်နိုင်ငံတည်းသာ တောင်ကိုရီးယားနဲ့ ပူးပေါင်းပြီး နျူဓာတ်ပေါင်းဖို ဆောက်လုပ်နေပါတယ်။
Ref: Aljazeera
Comments